ဆီထွက်သီးနှံနေကြာကို လျာထားချက်ပြည့်မီကျော်လွန် အောင် စိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကြိုးပမ်းလျက်ရှိကြ သည်။ မြန်မာနိုင်ငံတွင် ဆန်နှင့် ဆီသည် အဓိကအစားအစာ များဖြစ်ရာ ဆန်သည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု ဖူလုံ သော်လည်း ဆီမှာ မဖူလုံသည့်အတွက် ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ဝယ်ယူစားသုံးနေကြရသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းကောင်းမွန် ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် နိုင်ငံတော် က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
ယခုကာလသည် ဆောင်းသီးနှံနေကြာစိုက်ပျိုးသည့် ရာသီ ဖြစ်သည့်အလျောက် လျာထားချက်များနှင့်အညီ တောင်သူ များ စိုက်ပျိုးလာကြရေးအတွက် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ နှိုးဆော်တိုက်တွန်းမှုများလည်း ပြုကြရမှာဖြစ်သည်။ နေကြာကို လာမည့်နှစ်တွင် ဧက ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးရေး ရည်မှန်းချက်ထားရှိရာ စည်းရုံးဆောင်ရွက်သွားကြရန်နှင့် စိုက်ဧက ၄ သန်းအထိ ရောက်ရှိစေရန်မှာ ဆက်လက်ဆောင်ရွက်သွားကြရမည့် ပန်းတိုင်ဖြစ်သည်။ နေကြာ၏ အားသာချက်များအနေဖြင့် ထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ သီးသန့်ဖြစ်စေ သီးညှပ် ဖြစ်စေ စိုက်ပျိုးနိုင်ခြင်း၊ လယ်မြေများတွင် စပါးအပြီး၌ လည်းကောင်း၊ ယာမြေများတွင် မိုးသီးနှံအပြီး၌လည်းကောင်း နေကြာကို စိုက်ပျိုးနိုင်ခြင်း စသည်တို့ကြောင့် တောင်သူတို့ အကျိုးဖြစ်ထွန်းစေမည့် သီးနှံပင်ဖြစ်သည်။
နေကြာအထွက်နှုန်းကောင်းရန် မျိုးကောင်း မျိုးသန့် ဖြစ်သော ရေဆင်း(၁) စပ်မျိုးနေကြာစိုက်ပျိုးပါက တစ်ဧက တင်း ၅၀ မှ ၅၅ တင်းအထိ ထွက်ရှိနိုင်သည်။ စိုက်ချိန်မှန်ကန် မှုရှိရန်လိုပြီး စိုက်ပျိုးမြေကို မြေဆီဩဇာထက်သန်စေရန် အတွက် သဘာဝမြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာတို့ ထည့်သွင်းပေးရန်လည်း လိုအပ်သည်။ အပင်ပေါက်ချိန်တွင် မြေအစိုဓာတ်လုံလောက်စေရန် လိုအပ်ပြီး တစ်ဧကလျှင် အပင် ပေါင်း ၂၉၀၀၀ ရရှိနိုင်ရန် တန်းကြား၊ ပင်ကြား ၂ပေ x ၉ လက်မ ထားရှိရန်လိုသည်။ စိုက်ပျိုးမြေများ မြေဆီဩဇာ ထက်သန်ရေးနှင့် တစ်ဧကတွင် ဝင်ရမည့် ပင်ရေတို့က အထွက်နှုန်းအတွက် အရေးကြီးသည်။ ထို့အပြင် အဖူးဝင်ချိန် နှင့် ပန်းပွင့်ချိန်တို့တွင် ရေသွင်းပေးခြင်း၊ ဝတ်မှုန်ကူးခြင်း၊ အဆန်တည်ခြင်း ကောင်းမွန်စေရန် မွေးမြူရေးပျားပုံးများ ထားရှိခြင်း၊ ကြွက်၊ ငှက် အဖျက်နှင့် ပိုးမွှား၊ အပင်ရောဂါ ကျရောက်မှုများမှ ကာကွယ်ခြင်းတို့ဖြင့်လည်း နေကြာ အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေမည်ဖြစ်သည်။
နေကြာသည် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးနိုင်သလို မြန်မာနိုင်ငံ ဒေသအနှံ့အပြား၌လည်း အောင်မြင်စွာ စိုက်ပျိုး နိုင်ခြင်းကြောင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် စိုက်ဧကတိုးချဲ့ရေးတို့အတွက် အလားအလာကောင်းများစွာ ရှိသော သီးနှံဖြစ်သည်။ ပြည်ပမှ တင်သွင်းလာသည့် စားအုန်း ဆီကဲ့သို့သော ပြိုင်ဘက်မျိုးကို ယှဉ်ပြိုင်ရန်အတွက် မြေပဲနှင့် နှမ်းတို့ထက် နေကြာက ဈေးနှုန်းသင့်တင့်လျောက်ပတ်မှု နှင့် ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် အားသာချက် တို့ရှိနေရာ ဆီထွက်သီးနှံနေကြာကို ဈေးကွက်သေချာစေခြင်း ဖြင့် စိုက်ဧကတိုးချဲ့စေပြီး ရေရှည်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရမည်ဖြစ်ပါကြောင်း။ ။