
ဒေါက်တာခိုင်ခိုင်ဝင်း
လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်ဆိုသည့်စာသားဖြင့် အစပြုခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထိုအချိန်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်မှုရလဒ်ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို အတည်ပြုခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့( International Human Rights Day) အဖြစ် သတ်မှတ်ခဲ့ကြပြီး ကမ္ဘာတစ်ဝန်းလုံးတွင် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပလာခဲ့ကြသည်မှာ ယခု ၂၀၂၂ ခုနှစ်တွင် ၇၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
သမိုင်းဝင် လူ့အခွင့်အရေး
ကြေညာစာတမ်း
မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ တွင် လွတ်လပ်ရေးရခဲ့ပြီး ယင်းနှစ် ဧပြီလတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်ဖြစ်ရာ၊ သမိုင်းဝင် လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုရန် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည့်အချိန်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မဲပေးခွင့်ရခဲ့ပြီး ထောက်ခံမဲပေးခဲ့သည့် နိုင်ငံများတွင် ပါဝင်ခဲ့ပါ သည်။ လွန်စွာမှပင် ဂုဏ်ယူဖွယ်ရာကောင်းလှပါ သည်။ ထိုအချိန်က ကုလသမဂ္ဂတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၄၈ နိုင်ငံတည်းသာရှိသေးပြီး ယနေ့အချိန်အခါတွင် ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံရှိနေပြီ ဖြစ်ပါသည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ထုတ်ပြန်ခဲ့ ပြီး ကမ္ဘာ့နိုင်ငံများကလည်းထောက်ခံခဲ့ကြသည့်၊ နိုင်ငံအများစု၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ကိုးကားအသုံးပြုကြသည့်၊ ကမ္ဘာတွင် ဘာသာ ပြန်ဆိုမှုအများဆုံးအဖြစ် စံချိန်တင်ထားသည့်၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး စံထားရသည့် ကြေညာစာတမ်းကြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်
မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကုလသမဂ္ဂက ထုတ်ပြန်ထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အသိအမှတ်ပြု၍ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်တို့ကို ရည်ရွယ်လျက် မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၂၁)ဖြင့် ပြဋ္ဌာန်းပေးပြီး နောက်ဝယ် အဆိုပါဥပဒေနှင့်အညီ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာ ခဲ့ပါသည်။ မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် လူ့အခွင့်အရေးကော်မရှင်ဖြစ်ပါသည်။ အမှန်စင်စစ် အားဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ခုနှစ် စက်တင်ဘာ ၅ ရက် တွင် အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် စတင်ဖွဲ့စည်းခဲ့သည်ဖြစ်သော်လည်း ကော်မရှင် ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းခဲ့သည့်နှစ်မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်ဖြစ်ပါသည်။
ကော်မရှင်၏
ဆောင်ရွက်ချက်များ
ကော်မရှင်အနေဖြင့် ကော်မရှင်ဥပဒေပါ တာဝန် နှင့် ဝတ္တရားများအတိုင်း လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာဘာသာ သို့ ပြန်ဆိုခြင်းနှင့် အခြားတိုင်းရင်းသားဘာသာ စကားများဖြင့် ဘာသာပြန်ဆိုခြင်းများ ဆောင်ရွက် ခဲ့ရာ ယနေ့အချိန်အထိ တိုင်းရင်းသားဘာသာ ၂၁ မျိုးသို့ ဘာသာပြန်ဆို ဖြန့်ချိပြီးဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပိုစတာအနေဖြင့် ပုံနှိပ်ဖြန့်ချိခြင်း၊ Animation film ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို တိုင်းရင်းသား ဘာသာစကားများဖြင့် ပုံနှိပ်ဖြန့်ချိခြင်းသည် လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး အသိပညာ ဗဟုသုတများကို တိုင်းရင်းသားပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်ဖြန့်ချိခြင်းလည်း ဖြစ်ပါသည်။
အလားတူ ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်းများအဖြစ် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း များ ဆောင်ရွက်လျက်ရှိသလို လူ့အခွင့်အရေး သင်ခန်းစာပို့ချမှုများကို ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ ကျောင်းများ၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများ၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်နှင့် အခါအားလျော်စွာ ဝန်ကြီး ဌာနများက ဖွင့်လှစ်သောသင်တန်းများတွင် လူ့အခွင့် အရေးသင်ခန်းစာများ ပို့ချလျက်ရှိပါသည်။
ကော်မရှင်ဥပဒေရည်ရွယ်ချက်တွင် ပါရှိသည့် အတိုင်း လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့ အစည်းတစ်ရပ်ပေါ်ပေါက်လာစေရေး ဥပဒေပါ တာဝန် နှင့် ဝတ္တရားများကို ဆောင်ရွက်လျက်ရှိရာတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း အနေ ဖြင့် လူ့အခွင့်အရေးဖောက်ဖျက်မှုများ စုံစမ်းစစ်ဆေး ခြင်းနှင့် တိုင်တန်းချက်များ လက်ခံဆောင်ရွက်ခြင်း တို့အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်း နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ ကြည့်ရှု စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိ ချက်များအပေါ် အခြေခံ၍ အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့လျက်ရှိပါသည်။
တစ်နှစ်တာကာလ အသိပညာပေး
လှုပ်ရှားမှုများ
လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာတွင် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း (UDHR) ကို ချန်လှပ် ဖယ်ထား၍ မရပါ။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR)သည် ဥပဒေအရ စည်းနှောင်မှုမရှိ သော်လည်း ကျင့်ဝတ်ပိုင်းနှင့်သက်ဆိုင်သည့် လူ့ အခွင့်အရေးစွမ်းအား(Moral Force) များပါရှိသည့် ကြေညာစာတမ်းဖြစ်သလို လူ့အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံတကာစာချုပ်များ ရေးဆွဲရာ တွင် ကိုးကားရေးဆွဲရသည့် စာတမ်းလည်း ဖြစ်ပါ သည်။ အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း ( UDHR) ထုတ်ပြန်ခဲ့သည်မှာ လာမည့်နှစ် ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်ရာ ယခုနှစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးနေ့မှသည် ရှေ့လာမည့်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ တစ်နှစ်တာ ကာလကို UDHR 75 year- long campaign၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း( UDHR ) အသိ ပညာပေးလှုပ်ရှားမှုများဖြင့် ဆောင်ရွက်သွားကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မှ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် သက်ဆိုင်သည့် နေ့ထူးနေ့မြတ်ဖြစ်ရာ အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံ များ၌ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်း အနားများ၊ ပြိုင်ပွဲများ၊ လှုပ်ရှားမှုများကို ပုံစံ အမျိုးမျိုးဖြင့် ဂုဏ်ပြုကျင်းပကြပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လည်း (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်တွင် အခမ်း အနား ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ လူတိုင်း လူ့အခွင့်အရေးများခံစားရရှိနိုင်ပြီး ကော်မရှင်ဥပဒေ ရည်ရွယ်ချက်ပါအတိုင်း လူ့အခွင့်အရေးကို လေးစား ကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက် လာစေရေး ဆုမွန်တောင်းလျက် ဒီဇင်ဘာ ၁၀ ရက် တွင် ကျရောက်သည့် (၇၄) နှစ်မြောက် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
- Log in to post comments