
သိန်းထွန်း (IR)
မြန်မာ့လွတ်လပ်ရေးရရှိခဲ့သည်ပင် နှစ်ပေါင်း ၇၃ နှစ်တိုင်ပေတော့မည်။ လွတ်လပ်ရေးနေ့ရောက်တိုင်း လွတ်လပ်ရေးကြိုးပမ်းမှုဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များ၊ ဦးဆောင်သူများ၊ အခြားပါဝင်သူ ပုဂ္ဂိုလ်များကို ဖော်ထုတ်ကြ၊ ရေးသားကြ၊ ဂုဏ်ပြုကြသည်မှာ ယခုနှစ်မှသာ မဟုတ်။ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်၏။ ဖြစ်စဉ်ဖြစ်ရပ်သမိုင်းကြောင်းဆိုသည်က မေ့ကောင်းသည့်အရာမဟုတ်သကဲ့သို့ လွတ်လပ်ရေးဖခင်ကြီးများ၏ ကျေးဇူးတရားများဆိုသည်ကလည်း မေ့အပ်သည့်အရာမဟုတ်။ သို့ဖြစ်ရာ အပေါ်ယံအသိဖြင့် လွတ်လပ်ရေးနေ့ကို ဖြတ်သန်းခြင်းထက် အနှစ်သိဖြင့် နှစ်စဉ်ဖြတ်သန်းကြမည်ဆိုပါက လွတ်လပ်ရေးဖခင်ကြီးများအား ဂုဏ်ပြုရာရောက်သကဲ့သို့ လွတ်လပ်ရေး၏ အဓိပ္ပာယ်နှင့် အနှစ်သာရ ပိုမိုရှိနိုင်ပေလိမ့်မည်။
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်း ဆိုသည်က ယင်းနိုင်ငံ၏ အသည်းနှလုံးဟု ဆိုရနိုင်သည်။ တစ်နည်းအားဖြင့် မူလဘူတဇာစ်မြစ်ပင်။ ထိုနိုင်ငံ၏ သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သမာသမတ်ကျကျ အစွဲကင်းကင်း ရှုမြင်ကြခြင်းအားဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် သင်ခန်းစာများရရှိ၍ အကျိုးရှိစွာ အသုံးပြု နိုင်ပါသည်။ ထိုသို့ဆိုခြင်းသည် သမိုင်းဖြစ်စဉ်ဖြစ်ရပ် များအပေါ် လှေနံဓားထစ် ဖက်တွယ်ထားလိုသည့်သဘော ကို မဆိုလို။ သမိုင်းဖြစ်စဉ်ဖြစ်ရပ်တို့ကို ဖော်ထုတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းသည် သမိုင်းဖြစ်စဉ်အမှန်ကို ဂုဏ်ပြုမှတ်တမ်းတင်ရန်၊ နောင်လာနောက်သားတို့သိရှိစေရန်၊ သင်ခန်းစာ ဖော်ထုတ်အသုံးချရန်ဖြစ်ပါသည်။ သို့မှသာ လွတ်လပ် ရေး၏ ရည်မှန်းချက်၊ မျှော်မှန်းချက်တို့နှင့် လက်ရှိ ကာလအခြေအနေတို့နှင့် ချိန်ထိုးကြည့်နိုင်မည် ဖြစ်သည်။
ဤနေရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်း၏ အနှစ်သာရ၊ ရည်မှန်းချက်ကို ရည်ညွှန်းလို ပါသည်။ လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် (၅) တွင် ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့ တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလက ၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတံ့သော အနာဂတ်ကာလ၌၎င်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား/မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း ၏အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ် ကိုရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိသန့်ရှင်း ဖြူစင်သော မူလလူ့ဝါဒ နှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့် အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင် ရပြီ။ ဟု ဆိုထားပါသည်။
ယင်းအနှစ်သာရတို့သည် ယနေ့မြန်မာနိုင်ငံပြန်လည် တည်ဆောက်ရေး မျှော်မှန်းချက်များပင် ဖြစ်ပါ၏။ အချုပ်အခြာအာဏာကို ပြည်သူကပိုင်သောနိုင်ငံ၊ တန်းတူညီမျှမှုရှိသော နိုင်ငံဆိုသည့် အနှစ်သာရများ သည် ယနေ့အသွင်ကူးပြောင်းရေး၏ ရည်မှန်းချက် များလည်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော် က ထိုရည်မှန်းချက်များနှင့် ယနေ့ရည်မှန်းချက်ခရီး မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို မခြွင်းမချန် ပြန်လည်ဆန်းစစ်သင့်လှပေသည်။ ယင်းရည်မှန်းချက် များသည် နိုင်ငံတည်ဆောက်ရေး အုတ်မြစ်များပင် မဟုတ်ပါလား။ လွတ်လပ်ရေး၏ အဓိဋ္ဌာန်ရည်မှန်းချက် များရှိနေသော်လည်း နှစ်ပေါင်း ၇၀ အတွင်း ပဋိပက္ခများ၊ သွေးကွဲမှုများ၊ မယုံကြည်မှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် မှန်ကန်သော နိုင်ငံရေးဖြေရှင်းနည်း အားနည်းမှုများ ကြောင့် ရှိရင်းစွဲပဋိပက္ခများသည် ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးဘဲ ပြည်သူများ ခါးစည်းခံစားနေရဆဲ ဖြစ်ပေသည်။
မိမိတို့နိုင်ငံနှင့် တစ်ချိန်တည်းနီးပါး လွတ်လပ် ရေးရရှိခဲ့ကြသော နိုင်ငံများသည်ပင် ယခုအခါ မိမိတို့ ထက် များစွာတိုးတက်နေကြလေပြီ။ မိမိတို့မှာ လွတ်လပ် ရေးရရှိပြီး နှစ်ပေါင်း ၇၃ နှစ်ပြည့်လာသည့်တိုင် မငြိမ်းချမ်းနိုင်သေး။ ဆင်းရဲတွင်းမှ မထွက်နိုင်သေး။ တစ်ဖက်နှင့်တစ်ဖက်အုပ်စုကွဲ တိုက်ခိုက်နေကြဆဲပင်။ ယင်းအခြေအနေမှ မျှော်လင့်ချက်အဖြစ် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် နိုင်ငံ့အလုံးစုံ အသွင်ကူးပြောင်းရေး သည်ပင် ၁၀ နှစ်နီးပါးအချိန်ရောက်ရှိလာပြီ ဖြစ်သည်။ ယင်းအသွင်ကူးပြောင်းရေး ၁၀ နှစ်နီးပါးအတွင်း မျှော်လင့်ချက်ရောင်ခြည်များ တွေ့မြင်ကြရသကဲ့သို့ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲဆိုသည်မှာလည်း မျက်စိရှေ့အောက်တွင်ပင်ဖြစ်၏။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသောနိုင်ငံ အတွက် အနာဂတ်ရေရှည်ခိုင်မာသော ပြည်ထောင်စု နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံရေးအသွင်သဏ္ဌာန်အားဖြင့်လည်းကောင်း၊ အနှစ်သာရအားဖြင့် လည်းကောင်း တည်ဆောက်ကြရမည်ဖြစ်ပေသည်။ အတိတ်ကာလက အသွင်သဏ္ဌာန်အားဖြင့်သာ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ ကြသဖြင့် တိုင်းရင်းသားညီအစ်ကိုများအကြား ရေရှည် ခိုင်မာသော ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့ကြရသည်ကို သင်ခန်းစာယူကြရပါမည်။
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးအချုပ်အခြာအာဏာတို့ ဆိုသည်မှာ အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီးရယူခဲ့ ရသည်မှာ အားလုံးအသိပင်။ နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်လက်အောက်မှ လွတ်မြောက်ရန် ခက်ခဲ ကြမ်းတမ်းစွာ ကြိုးစားခဲ့ကြရသည်။ ဘဝ ဘဝများ စွန့်လွှတ်ခဲ့ကြရ၏။ ယခုအခါ တိုင်းရင်းသားများ အားလုံးစုစည်း၍ ပြည်ထောင်စုနိုင်ငံကြီး တည်ဆောက် နိုင်မည့် အခွင့်အလမ်းများနှင့် လမ်းစများ ရရှိနေပြီဖြစ် သည်။ ကာလရှည်ကြာ တိုက်ခိုက်ခဲ့ကြသော ပြည်တွင်း လက်နက်ကိုင်တိုက်ခိုက်မှုများ အဆုံးသတ်နိုင်မည့် အခွင့် အရေးများလည်း တွေ့မြင်နေရသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ယုံကြည်မှုတည်ဆောက် ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ထိုမှတစ်ဆင့် စည်းလုံးညီညွတ်သော ပြည်ထောင်စုတည်ဆောက်ရေး အခွင့်အခါသင့်သော အချိန်အခါနှင့် အခြေအနေဖြစ်ပါ၏။
နိုင်ငံတော်အား တိုင်းရင်းသားအားလုံးစည်းလုံး ညီညွတ်စွာဖြင့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရန် အခြေအနေနှင့် အခွင့်အခါသင့်ချိန်တွင် မှန်ကန်သော စိတ်ရင်းစေတနာမှာ အခြေခံအကျဆုံး လိုအပ်ချက်ပင် ဖြစ်ပါ၏။ မှန်ကန်သောစိတ်ရင်းစေတနာ အရင်းခံမှသာ နိုင်ငံရေး၏အနှစ်သာရဖြစ်သော ယုံကြည်မှုတည်ဆောက်ရေး၊ ရင်ကြားစေ့ရေး၊ ပဋိပက္ခ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးတို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါလိမ့်မည်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ဒီမိုကရေစီနည်းလမ်းဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ယနေ့ဆိုပါလျှင် ၉ နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ မျှော်မှန်း ချက်နှင့် နှိုင်းစာလျှင် ငြိမ်းချမ်းရေးခရီး နှောင့်နှေးနေ ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ထိရောက်မှုအတိုင်း အတာနှင့် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးခရီးအရ တိုင်းတာမည်ဆိုပါက ယခုထက်များစွာ အားစိုက်ကြိုးပမ်း ကြရပေဦးမည်။
မြန်မာ့အသွင်ကူးပြောင်းရေး၏ အခြေခံလုပ်ဆောင်ရ မည့် နိုင်ငံရေးဖြေရှင်းမှုလုပ်ငန်းစဉ်များတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အဖြစ် ပါဝင်ပတ်သက်သူ အားလုံးက လက်ခံထားကြပြီးဖြစ်သည်။ မြန်မာ့အသွင် ကူးပြောင်းရေးမှာ နိုင်ငံရေးအသွင်ကူးပြောင်းမှုအဆင့်ထက်များစွာ ပိုပါသည်။ Nation Building နှင့် State Building တို့ တစ်ပြိုင်နက် တည်ဆောက်နေရခြင်း ဖြစ် ၏။ သို့ဖြစ်ရာ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးအသွင်ကူးပြောင်းမှု ခရီးစဉ်တွင် ထိရောက်သော နိုင်ငံရေး ဖြေရှင်းမှု အထူးလိုအပ် ပါသည်။ ထိုနိုင်ငံရေးဖြေရှင်းမှု လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် ဦးစားပေးလုပ်ငန်းစဉ် အလိုက် ခွဲခြားသတ်မှတ် အကောင်အထည်ဖော်မည် သို့တည်းမဟုတ် တစ်ပြိုင်နက် အကောင်အထည်ဖော်မည် ဆိုသည်ကလည်း နိုင်ငံရေးဖြေရှင်းမှုလုပ်ငန်းစဉ်၏ အရေးပါသော အစီအစဉ်ရေးဆွဲမှု တစ်ရပ်ဖြစ်ပါ သည်။
နိုင်ငံရေးဖြေရှင်းမှုတွင် မှန်ကန်သောရှေ့နောက် အစီ အစဉ်ဖြစ်ရန်လိုအပ်ပါလိမ့်မည်။ ဆိုလိုသည်မှာ ယုံကြည်မှု မရှိပါဘဲ ငြိမ်းချမ်းရေးရနိုင်ပါမည်လား။ ထို့အတူ ငြိမ်းချမ်းရေးမရရှိဘဲ ဖက်ဒရယ်တည်ဆောက်နိုင်ပါမည် လား။ ဘုံသဘောတူညီချက်မပါဘဲ အခြေခံဥပဒေပြင်ဆင် နိုင်ပါမည်လား။ လက်နက်ကိုင်ပဋိပက္ခမချုပ်ငြိမ်းဘဲ ငြိမ်းချမ်းရေး ရနိုင်ပါမည်လား။ မဆိုတတ်။ မည်သည် တို့ကို ဦးစားပေးဖြေရှင်းကြမည်နည်း။ အကြောင်းအကျိုး ဆက်စပ်နေသည့် ဖြစ်ရပ်များအား ဖြေရှင်းရာတွင် နိုင်ငံရေးဖြေရှင်းမှုလုပ်ငန်းစဉ်များ ရှေ့နောက်မှန်ကန်မှ သာ ထိရောက်သော နိုင်ငံရေးဖြေရှင်းမှုတစ်ရပ် ဖြစ်နိုင်ပါ သည်။ လက်တွေ့ကျ၍ အနှစ်သာရရှိသော နိုင်ငံရေး ဖြေရှင်းမှုဖြင့်သာ လက်ရှိ အကျပ်အတည်းများကို ဖြေရှင်း ကျော်လွှားနိုင်ပါမည်။ ယနေ့ရင်ဆိုင်ဖြေရှင်းနေကြသည့် နိုင်ငံရေးဖြေရှင်းမှု လုပ်ငန်းစဉ်တွင် စိန်ခေါ်မှုများ ရှိနေသည့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်တည်ဆောက်ရေး၊ လုံလောက်သော သဘောတူညီချက်ရရှိရေး (sufficient consensus)၊ လက်နက်ကိုင်တိုက်ခိုက်မှု ရပ်စဲရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေးတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက် လျက်ရှိရာ အစီအစဉ်ကျသော နိုင်ငံရေးဖြေရှင်းမှု လုပ်ငန်းစဉ် (sequencing political settlement process) ဖြစ်မှသာ တည်ငြိမ်မှုနှင့် ထိရောက်သော တိုးတက်မှု ရရှိနိုင်မည်ဖြစ်သည်။
ထိုနိုင်ငံရေးဖြေရှင်းမှု ရှေ့နောက်အစီအစဉ်တွင်လည်း ထိပ်ပိုင်းဦးစွာ ဖြေရှင်းရမည့်အဆင့်၊ အောက်ခြေ အဆင့်ဆင့် ဖြေရှင်းရမည့်အဆင့်များရှိရာ ထိပ်ပိုင်း ဖြေရှင်းမှုမရရှိဘဲ အောက်ခြေအဆင့်ဖြေရှင်းမှု အောင်မြင်ရန် ခက်ခဲနိုင်ပါသည်။ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးအချင်းချင်းအကြား နက်နက် ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ယုံကြည်မှု လျော့ပါးနေသည့် အခြေအနေ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေးအယူအဆ ကွဲပြားမှုများနှင့် တန်းတူညီမျှမှု အခြေအနေများသည် နက်နဲရှုပ်ထွေးလှပါ၏။ အသွင် ကူးပြောင်းဆဲ နိုင်ငံတစ်နိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုများလည်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုအခြေအနေများမှာ နိုင်ငံ၏အသွင်ကူးပြောင်းမှု အခြေအနေကို အကန့်အသတ်ဖြစ်စေနိုင်သည့် အဆုံး အဖြတ်ကိစ္စရပ်များဟု ဆိုရပါမည်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အခြေခံမူ တွင် အကောင်အထည်ဖော်မည့်လုပ်ငန်းစဉ်များ ပါဝင် ပါသည်။ နိုင်ငံရေးလမ်းပြမြေပုံ၊ တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးဆွေးနွေးမှုများ၊ ယုံကြည်မှုတည်ဆောက်ရေးများ ချမှတ်ထားပြီးဖြစ်သည်။ သို့တိုင် မြန်မာ့ငြိမ်းချမ်းရေး ခရီးနှင့် နိုင်ငံရေးဆွေးနွေးမှုများသည် တုံ့ဆိုင်းနေဆဲပင်။ ဤသည်မှာ ယနေ့အကျပ်အတည်းများ၏ သော့ချက်ဟု ဆိုရနိုင်ပါသည်။
ကမ္ဘာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်များ တွင် ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးသည် အခြေခံ အုတ်မြစ်ဖြစ်သည်။ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ကာလရှည်ကြာ ပဋိပက္ခအမြစ်စွဲခဲ့၊ အမြစ်စွဲနေဆဲနိုင်ငံ တွင် ပို၍လိုအပ်လှသည်။ ဒီမိုကရေစီအသွင်ကူးပြောင်း ကြသည့် ကမ္ဘာ့နိုင်ငံများအနက် မိမိတို့နိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးများပြား၍ ကာလရှည်ကြာ ပဋိပက္ခ အမြစ်စွဲနေသည့် နိုင်ငံများတွင် စိန်ခေါ်မှု ပို၍များပြား တတ်ကြပါသည်။ ဒီမိုကရေစီနောက်ကြောင်းပြန်မှု နှင့် တစ်ဝက်တစ်ပျက် ဒီမိုကရေစီစနစ်များလည်း ဖြစ်တတ်ကြသည်။ The global state of democracy 2019 အရ ဒီမိုကရေစီအသွင်ကူးပြောင်းဆဲနိုင်ငံများ၊ ဒီမိုကရေစီမခိုင်မာသေးသောနိုင်ငံများသာမက ဒီမို ကရေစီ ရင့်ကျက်သောနိုင်ငံများတွင်ပင် ဒီမိုကရေစီ စိန်ခေါ်မှုများ တိုးပွားလာနေကြောင်း ဆိုထားသည်မှာ သတိပြုဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာစာတမ်းပါ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ ရရှိရေးအတွက် ယနေ့အကောင်အထည်ဖော်နေသည့် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ ဝိုင်းဝန်း အကောင်အထည်ဖော်ကြခြင်းဖြင့် ရရှိနိုင်ပါသည်။ သို့မှလည်း လွတ်လပ်ရေး၏အနှစ်သာရကို ပြည်သူ အားလုံး တန်းတူညီမျှစွာ ခံစားရပါလိမ့်မည်။ သို့ရာတွင် အကောင်အထည်ဖော်မည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ မည်မျှ မှန်ကန်စေကာမူ ပါဝင်ပတ်သက်နေသူအားလုံး၏ နိုင်ငံရေး စိတ်ဆန္ဒ (political will) မရှိပါဘဲ အောင်မြင်ရန် ခက်ခဲနိုင်သည်ကို သတိပြုကြပေလိမ့်မည်။ လက်တွေ့ ကျသော ဖြေရှင်းမှုနှင့် လုပ်ဆောင်မှုဖြင့်သာ ယနေ့ ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ပါလိမ့်မည်။
ရွှေပြည်တော် ဤခရီး နီးသလားဟုဆိုလျှင် နီးပါ၏။ ဤခရီး ဝေးသလားဟုဆိုလျှင်လည်း ဝေးပါ၏။ ဤခရီး နီးခြင်း၊ ဝေးခြင်းသည် နှိုင်းရသဘောသာ ဖြစ်ပါသည်။ ဤခရီး မသွားလိုသူများအတွက် ခရီးမှာ ဝေးနေပါလိမ့် မည်။ သွားလိုစိတ်ပြင်းပြသူတိုင်းအတွက် ဤခရီး နီးမည်ဖြစ်ကာ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရနိုင်ပေလိမ့်မည်။ ။
- Log in to post comments