ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံး အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ၁၂ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထား

 

ရန်ကုန်   ဒီဇင်ဘာ   ၉


၂၀၂၃ ခုနှစ် မေလတွင်ကျင်းပမည့် (၃၂) ကြိမ်မြောက်  ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲ    ခြင်းလုံးအားကစားနည်းတွင်      ပြိုင်ပွဲအမျိုးအစား  ၁၂ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 


မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည့်  ခြင်းလုံးအားကစားနည်းကို  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပသည့်  ၂၀၁၃  ဆီးဂိမ်း ပြိုင်ပွဲတွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး  ၂၀၁၅  စင်ကာပူဆီးဂိမ်း ပြိုင်ပွဲနှင့်      ၂၀၁၇    မလေးရှားဆီးဂိမ်းပြိုင်ပွဲတို့တွင်     ဆက်တိုက် ပါဝင်ခဲ့သော်လည်း ၂၀၁၉    ဖိလစ်ပိုင်    ဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၂၁  ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ တို့တွင် မပါဝင်ဘဲ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှ တစ်ကျော့ပြန်    ပါဝင်လာခြင်းဖြစ်သည်။   အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံ၏ ထုတ်ပြန်မှုအရ မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည့်    ခြင်းလုံးအားကစားနည်းကို  ပိုက်ကျော်ခြင်းအားကစားနည်း     ခေါင်းစဉ်အောက်တွင်    ထည့်သွင်း ကျင်းပမည်ဖြစ်သည်။    ခြင်းလုံးအားကစားနည်းတွင် အမျိုးသားပြိုင်ပွဲ လေးမျိုး၊ အမျိုးသမီးပြိုင်ပွဲ  လေးမျိုး၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲ လေးမျိုး၊ စုစုပေါင်း ၁၂ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။  သို့သော် ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့်    ပြိုင်ပွဲအမျိုးအစားအားလုံး   ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ဘဲ  အမျိုးသားပြိုင်ပွဲ လေးမျိုးအနက် နှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲ လေးမျိုးအနက် နှစ်မျိုး၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲ လေးမျိုးအနက် နှစ်မျိုး၊ စုစုပေါင်း ခြောက်မျိုးသာ  ယှဉ်ပြိုင်ခွင့်ရမည်ဖြစ် သည်။ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲနှင့်  အမျိုးသမီးပြိုင်ပွဲ များ  ထည့်သွင်းကျင်းပခဲ့သော်လည်း  ၂၀၁၅  နှင့်   ၂၀၁၇  ဆီးဂိမ်းပြိုင်ပွဲ တွင်   အမျိုးသားပြိုင်ပွဲများသာ   ကျင်းပခဲ့ခြင်းဖြစ်သည်။    လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင်မူ  အမျိုးသားပြိုင်ပွဲ၊  အမျိုးသမီးပြိုင်ပွဲများအပြင်  အမျိုးသား+အမျိုးသမီး     ပြိုင်ပွဲများကိုပါ   ထည့်သွင်းကျင်းပမည်ဖြစ် သည်။

 


 မြန်မာခြင်းလုံးလက်ရွေးစင်   ကစားသမားများသည်  လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည်။ မြန်မာခြင်းလုံးအသင်းသည်  ဆီးဂိမ်းပြိုင်ပွဲတွင်  ခြင်းလုံးအားကစား နည်း    ပါဝင်သည့်အကြိမ်တိုင်း      ရွှေတံဆိပ်ဆုများ    ဆွတ်ခူးရယူနိုင် ခဲ့သည်။                                          

ရဲရင့်လွင်၊ ဓာတ်ပုံ - သော်ကြီး