စုပေါင်းအင်အားဖြင့် အောင်မြင်မှုရယူ

အယ်ဒီတာ့အာဘော်

============

 

စုပေါင်းအင်အားဖြင့် အောင်မြင်မှုရယူ

======================

 

မျက်မှောက်ကာလတွင် စုပေါင်းအင်အားသည်သာ စွမ်းအားဖြစ်ကြောင်း စိန်ခေါ်မှုများအား ကျော်လွှားနိုင်မှုများဖြင့် သက်သေပြနိုင်ခဲ့သည်။ ဤကျော်လွှားနိုင်မှုများသည် လူမှုဘဝစိန်ခေါ်မှုတို့သာ ဖြစ်သည်။ တိုင်းပြည် ဖွံ့ဖြိုးကြီးပွားတိုးတက်ရေးအတွက် စုပေါင်းအင်အားများမှာ ယခုအခါ လိုအပ် လျက်ရှိသည်။ မျက်မှောက်ကာလ၌ ဝေးလံသောဒေသများသို့ ခရီးသွားသော အခါ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်နေပြီ။ အချို့ ဝေးလံဒေသများ၌ လျှပ်စစ်မီးများ ရရှိနေသည်။

 

ယင်းတို့သည် နိုင်ငံတော်အစိုးရက ဝေးလံဒေသများမကျန် ဆောင်ရွက် ပေးခဲ့၍ဖြစ်သည်။ သို့သော်ဝေးလံဒေသပြည်သူများ၏ လူမှုစီးပွားဘဝများမှာ ရှေးကာလမှ ယနေ့အထိတိုင် တိုးတက်မှုအလှမ်းဝေးနေသေးသည်။ အကြောင်းမှာ စုပေါင်းအင်အားကို မတည်ဆောက်နိုင်သောကြောင့်ဟု ဆိုချင်သည်။ သွေးကွဲပါက စုပေါင်းအင်အားကို တည်ဆောက်နိုင်မည် မဟုတ်ပေ။

ပြန်လည်ကုစားနိုင်ရန်မှာလည်း အလွန်တရာခက်ခဲလှသည်။ သွေးခွဲမှု၊ သွေးကွဲမှုသည် တစ်ကြိမ်တစ်ရံသာဖြစ်သော်လည်း မယုံကြည်မှု၊ အမြင်မကြည်လင်မှုများသည် မျိုးဆက်အဆက်ဆက်အထိ စိမ့်ဝင်နိုင်သည်။ ထို့ကြောင့် အသိုက်အမြုံများအား နာလန်မထူနိုင်လောက်အောင် ထိခိုက် ခံစားနိုင်သည့် ကြံစည်ပြုမူပြောဆိုလုပ်ကိုင်မှုများကို သတိချပ်ရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုများ၊ မယုံကြည်မှုများ၊ သံသယ များ၊ အယူအဆကွဲပြားမှုများ၊ အုပ်စုစွဲများကြောင့် ခါးသီးမှုများကို ကြုံတွေ့ ခဲ့ရပြီး လက်နက်ကိုင်ပဋိပက္ခများကြားမှ တိုင်းရင်းသားပြည်သူများ ဒုက္ခ ဆင်းရဲများမှ လွတ်မြောက်မည့်နေ့ရက်ကို မျှော်လင့်နေကြသည်။ အချို့ တိုင်းရင်းသားပြည်သူများမှာ တိုက်ပွဲရှောင်ဘဝများဖြင့် မိသားစုအသိုက် အမြုံများ နစ်မွန်းလျက်ရှိသည်။ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော လက်နက် ကိုင် ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားများမှာ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်ခဲ့ပြီး လူမှုစီးပွားဘဝမြင့်မားရေးကို ဖန်တီးနိုင်စွမ်းမရှိဘဲ ကမ္ဘာ့ အလယ်တွင် မျက်နှာငယ်ကာ ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည်။

 

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏အနာဂတ်ကို ကြိုတင်မြော်မြင် ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၁၁ ရက်နေ့ ပင်လုံမြို့ စော်ဘွားများထမင်းစားပွဲတွင် “တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့် မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်” သတိပေးစကားပြောကြားခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ကြိုတင်မြော်တွေးသကဲ့သို့ လွတ်လပ်ရေး ရပြီးသောအခါ တိုင်းရင်းသားပြည်သူများ တကွဲတပြားဖြင့် စုပေါင်းအင်အားကို မတည်ဆောက်ကြသောကြောင့် ဝေးလံသောဒေသများတွင် ဖွံ့ဖြိုးမှုနှင့် အလှမ်းဝေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တသည့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင်တည်ဆောက် ကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ဝေးလံခေါင်ဖျား နယ်စပ်များပါမကျန် ငြိမ်းချမ်း သာယာဝပြောအောင်၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာအောင် စုပေါင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ စာပေယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ပြည်ထောင်စုကြီးဖြစ်သည်။ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လူမှုဆက်ဆံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့် အလမ်းတူမျှမှု၊ တရားဥပဒေအရာတွင် မကွဲပြား မခွဲခြားဘဲ တန်းတူရည်တူ ရှိမှုတို့သည် လွန်စွာအရေးကြီးပါသည်။ ပြည်ထောင်စုကြီးတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်းအားထုတ်ခြင်းနှင့်အတူ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရားများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အပြည့်အဝရရှိစေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည်နှင့်လူမျိုး တစ်နိုင်ငံလုံး တန်းတူညီမျှအတူတကွ တိုးတက်လာရေးကို မြော်တွေး၍ နှစ်ပေါင်းများစွာ ရှည်ကြာအောင် ဖြစ်ပေါ် နေသော မငြိမ်းချမ်းမှုများကို အဆုံးသတ်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝတိုးတက်ရေးကို ဆောင်ကြဉ်း နိုင်ရန်အတွက် ညီညွတ်ခြင်းစုပေါင်းအင်အားများကို အမြန်ဆုံးတည်ဆောက် ကာ အောင်မြင်မှုကိုရယူကြဖို့ တိုက်တွန်းအပ်ပါသည်။ ။