ခရိုအေးရှားကို ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ခြောက်ကြိမ်မြောက် အာဂျင်တီးနားတက်လှမ်း

 

ဒီဇင်ဘာ  ၁၄  ရက်  နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှ အာဂျင်တီးနားအသင်းနှင့် ခရိုအေးရှား အသင်းတို့ပွဲစဉ်တွင် အာဂျင်တီးနားအသင်းက သုံးဂိုးပြတ် အနိုင် ရရှိပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အသင်းသမိုင်းတစ်လျှောက်   ခြောက်ကြိမ်မြောက်  တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ 

 


အာဂျင်တီးနားအသင်းသည် ယခင်ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်    ငါးကြိမ်တွင်   နှစ်ကြိမ်ဗိုလ်စွဲထားပြီး သုံးကြိမ် ဒုတိယရရှိထားသည်။ အာဂျင်တီးနားအသင်း ကမ္ဘာ့ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို နောက်ဆုံးတက်လှမ်းထားနိုင်သည်မှာ ၂၀၁၄   ခုနှစ်ကဖြစ်ပြီး  ဂျာမနီအသင်းကို  ရှုံးနိမ့်ကာ ဖလား ဆွတ်ခူးခွင့်နှင့် လွဲချော်ထားသည်။  

 


ယခုပွဲစဉ်တွင် ခရိုအေးရှားအသင်းသည် အာဂျင်တီးနားအသင်းကို ချဉ်းကပ်ကစားပုံမှန်မှန်ဖြင့် ရင်ဆိုင်လာခဲ့သော်လည်း ပြိုင်ဘက်အသင်း ၏ တိုက်စစ်ကို ဟန့်တားထားနိုင်ခြင်း မရှိသည့်အတွက် ဂိုးပြတ်ရှုံးနိမ့်မှု နှင့် ကြုံတွေ့ခဲ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ အာဂျင်တီး နားအသင်း၏ တိုက်စစ်ပိုင်းက ယခင်ပွဲစဉ်တွေကထက် ထက်မြက်မှု၊ လျင်မြန်သွက်လက်မှုကို ထုတ်ပြနိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ခုနစ် ကြိမ်တွင် သုံးကြိမ် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ 

 


ပွဲချိန် ၃၄ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  သွင်းဂိုး   ငါးဂိုးဖြင့်   ရွှေဖိနပ် ဆွတ်ခူးရန် နီးစပ်လာပြီဖြစ်သည်။ ထို့အပြင်  အဆိုပါ  သွင်းဂိုးကြောင့် မက်ဆီ၏ ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ ဂိုးအထိ ရှိလာပြီလည်း ဖြစ်သည်။ အာဂျင်တီးနားအသင်းအတွက် ဒုတိယဂိုးနှင့် တတိယဂိုးကို ပွဲချိန် ၃၉ မိနစ်နှင့် ၆၉ မိနစ်တွင် အယ်ဗာရက်ဇ်က သွင်းယူပေးခဲ့သည်။ 

 


ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သော အာဂျင်တီးနားအသင်းသည် ဗိုလ်လု ပွဲတွင် ပြင်သစ်အသင်းနှင့် မော်ရိုကို အသင်းတို့ထဲမှ အနိုင်ရရှိလာမည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။             
     

အောင်ဇော်