
ရန်ကုန် ဒီဇင်ဘာ ၁၅
မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် လာမည့်နှစ် တွင် ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် လာမည့် နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပါရီအိုလံပစ်ခြေစစ်ပွဲအပြင် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့လည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇူလိုင်လက ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၂ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နား ထားပြီး ၂၀၂၃ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် ဒီဇင်ဘာ ၁၂ ရက်မှစ၍ စတင်လေ့ကျင့်လျက်ရှိသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ပါရီအိုလံပစ် အာရှဇုန်ခြေစစ်ပွဲများကို ၂၀၂၃ ခုနှစ်အတွင်း အပြီးကျင်းပမည်ဖြစ်ပြီး အဆင့်သုံးဆင့်ခွဲ၍ ကျင်းပမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ ချုပ်သည် ခြေစစ်ပွဲအဆင့်အလိုက် ကျင်းပ မည့်ကာလများ ထုတ်ပြန်ထားပြီး ခြေစစ်ပွဲ ကျင်းပမည့်ပုံစံနှင့် ပါဝင်ယှဉ်ပြိုင်မည့် အသင်းများကို ထပ်မံထုတ်ပြန်မည် ဖြစ် သည်။ ပထမအဆင့်ခြေစစ်ပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်မှ ၁၁ ရက်၊ ဒုတိယအဆင့် ခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်၊ နောက်ဆုံးအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကျင်းပ မည်ဖြစ်သည်။
ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်း စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အာရှဇုန်မှ နှစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ် သည်။
မြန်မာအမျိုးသမီးအသင်းသည် ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲမှစတင်ကာ ခြေစစ် ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့် တွင် အာရှကိုယ်စားပြုအသင်း အနည်းငယ် သာ ယှဉ်ပြိုင်ခွင့်ရသဖြင့် ခြေစစ်ပွဲအောင်မြင် ဖူးခြင်း မရှိသေးကြောင်း သိရသည်။ နောက်ဆုံးကျင်းပသည့် ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲတွင်လည်း နောက်ဆုံးအဆင့် ခြေစစ်ပွဲအထိ တက်ရောက်နိုင်ခဲ့သည်။
ရဲရင့်လွင်