ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ကြိုးပမ်းဆောင်ရွက်သွားရမည့် အချိန်တန်ပြီ

Type
၁

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆောင်းပါး

===============================

 

ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ကြိုးပမ်းဆောင်ရွက်သွားရမည့် အချိန်တန်ပြီ

==============================================

 

သံအမတ်ကြီးဒေါက်တာလှမောင်(ဘောဂ)

 

မိမိတို့မြန်မာနိုင်ငံသည် နှစ်ပေါင်း (၁၀၀) ခန့် သူ့ကျွန် ဘဝတွင် နေထိုင်ခဲ့ရာမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာခဲ့ပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေထိုင်လာနိုင်ခဲ့ရသည့် အကြောင်းရင်းခံများ များစွာရှိသည့်အနက် အရေးကြီးပြီး အဓိကကျသည့် အကြောင်းရင်းခံတစ်ရပ်မှာ (၂ဝ) ရာစုနှစ် ပထမ ပင်လုံညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။

 

အမျိုးသားရေးဦးတည်ချက် (၅) ရပ်

 

၂၀၂၁ ခုနှစ် (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အတွက် အမျိုးသားရေးဦးတည်ချက် (၅) ရပ် ချမှတ် ထားသည်ကို တွေ့ရပါသည်။ ဖော်ပြပါ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ခြုံငုံကြည့်မည်ဆိုပါက “တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှတစ်ဆင့် လူမှု ဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့် အလမ်းညီမျှမှု၊ တရားဥပဒေရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ ရရှိခံစားနိုင်ပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်လျက် နိုင်ငံ၏ လူမှု၊ စီးပွားရေးကို အရှိန် အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာစေရန် ကြိုးပမ်းဆောင်ရွက် ၍ လက်ရှိပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး စုပေါင်း အားဖြင့် ရင်ဆိုင်ကျော်လွှားသွားကြမည်” ဟူ၍ အဓိပ္ပာယ် ဖော်ဆောင်လျက်ရှိပါသည်။

 

အထက်တွင် ဖော်ပြထားသည့်အတိုင်း ပြည်မနှင့် တောင်တန်းဒေသရှိ တိုင်းရင်းသားများရရှိကြမည့် အခွင့် အလမ်းများကို တရားမျှတမှုရှိပြီး အဆင့်အတန်းခွဲခြားမှု မရှိဘဲ နိုင်ငံသားအားလုံးတန်းတူရည်တူ ရရှိခံစားပိုင်ခွင့် ရှိသည်ဆိုသည့်အချက်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား တောင်တန်းကိုယ်စားလှယ်များ ပါဝင်ကျင်းပပြုလုပ် ခဲ့သော ပင်လုံညီလာခံတွင်လည်း ဆွေးနွေးညှိနှိုင်းချမှတ် ထားရှိခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အလားတူပင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် မော်ကွန်း ကျောက်တိုင်တွင်လည်း လွတ်လပ်ရေးသစ္စာဓိဋ္ဌာန် (၉) ချက်ကို ရေးသားဖော်ပြထားရှိခဲ့သည်ကို တွေ့ရှိကြ ရမည် ဖြစ်ပါသည်။

 

(၁) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့ သည့်လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း ချီတက် မည်။

 

(၂) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။

 

(၃) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံတော်သားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံတော်သား တို့၏တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

 

(၄) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲကဲ့သို့ မြဲအောင်ထိန်းသိမ်းမည်။

(၅) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော် သားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေး တသားတည်းပြု၍ နည်းများနိမ့်မြင့်မရှိစေရ ညီတူညီမျှ ပြုမည်။

 

(၆) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတပါးကို လည်းမတရားမပြု ငါတို့အားလည်း မတရားပြုသည် ကိုလည်းမခံ အသက်နှင့်လဲ၍ ကာကွယ်မည်။

(၇) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော် ကြီး၏တရားဥပဒေများကို ရိုသေစွာလိုက်နာ ကျင့်သုံးမည်။

 

(၈) ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်မည်။

 

(၉) လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီး ကမ္ဘာ့အရှည်တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့ သားမြေးနောင်လာအဆက်ဆက် တို့အပေါ်၌ တည်စေမည်။ ဤငါတို့သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။

 

အောင်မြင်စွာ အကောင်အထည်ဖော်

 

အထက်ဖော်ပြပါ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး သစ္စာ ဓိဋ္ဌာန် (၉) ချက်တွင် ဖော်ပြထားသည့်အတိုင်း “နိုင်ငံသား တို့၏ တာဝန်ဝတ္တရားများကို မတိမ်းမငဲ့ထမ်းဆောင်မည်။ အမျိုးသားညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲကဲ့သို့ မြဲအောင်ထိန်းသိမ်းမည်။ ကြီးငယ်နီးဝေးမခြား တသွေး တသားတည်းပြု၍ နည်းများနိမ့်မြင့်မရှိစေဘဲ ညီတူညီမျှ ပြုမည်။ နိုင်ငံတော်၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်” ဟူသောအဓိပ္ပာယ်ကို ဖော်ဆောင် လျက် ရှိနေပါသည်။ ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားရေးဦးတည်ချက်များ ချမှတ်ထားသည်မှာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ အရ များစွာလျော်ကန်သင့်မြတ်သည့် ဦးတည်ချက်များ ဖြစ်သည်ကို တွေ့ရှိရပါသည်။ သို့သော် အထက်ဖော်ပြပါ ဦးတည်ချက်များ အကောင်အထည် ဖော်ဆောင်နိုင်စေရန် ဆိုလျှင် လက်ရှိမိမိတို့နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းနိုင်မှသာလျှင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ထင်မြင် ရပါသည်။

 

မိမိအနေဖြင့် ဘာကြောင့် ပြည်တွင်းတည်ငြိမ် အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားသင့်သည် ဆိုသည့်အချက်ကို အနည်းငယ်ရှင်းပြလိုပါသည်။ မိမိတို့ မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်ပြီး အစောပိုင်းအချိန်ကာလများတွင် မိမိတို့၏လူမှုစီးပွားရေး အခြေအနေမှာ အိမ်နီးချင်းအာရှနိုင်ငံများနှင့် နှိုင်းယှဉ်မည် ဆိုပါက မတိမ်းမယိမ်းရှိနေခဲ့သည့်အပြင် မိမိတို့၏ ပညာ ရေးနှင့် ကျန်းမာရေးအခြေအနေတို့မှာ ၎င်းတို့ထက်ပင် သာလွန်ကောင်းမွန်သည့်အနေအထားတွင် ရှိနေခဲ့သည်ကို တွေ့ရှိကြရမည်ဖြစ်ပါသည်။ လက်ရှိမိမိတို့ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်မည် ဆိုပါက ယခင်မိမိတို့၏ နှိုင်းယှဉ်ဘက်နိုင်ငံများထက် အဆပေါင်းများစွာ ကွာဟလျက်ရှိနေပြီး ၎င်းတို့ထက် နှစ်ပေါင်း ၂၀ ခန့် နောက်ကျကျန်ရစ်လျက်ရှိသည်ကို တွေ့ရှိကြရမည် ဖြစ်ပါသည်။

 

များစွာနောက်ကျကျန်ရစ်နေခဲ့ရခြင်း

 

ဥပမာအားဖြင့်တင်ပြရမည်ဆိုလျှင် လက်ရှိ လူတစ်ဦး ပျမ်းမျှဝင်ငွေအခြေအနေမှာ စင်ကာပူနိုင်ငံ အနေဖြင့် ဒေါ်လာ ၆၅၂၃၃ ခန့်၊ မလေးရှားနိုင်ငံအနေဖြင့် ဒေါ်လာ ၁၁၄၁၅ ခန့်၊ ထိုင်းနိုင်ငံအနေဖြင့် ဒေါ်လာ ၇၈၀၈ ခန့်၊ မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ၁၄၀၈ ခန့်သာ ရှိ ကြောင်း တွေ့ရှိရပါတယ်။ အလားတူ လက်ရှိပြည်ပပို့ကုန် အခြေအနေကို ကြည့်မည်ဆိုပါကလည်း မိမိတို့၏နှိုင်းယှဉ် ဘက်နိုင်ငံများ၏ တစ်နှစ်ပျမ်းမျှ ပြည်ပပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၂၀၀ ဘီလီယံကျော်မှ ၄၀၀ ဘီလီယံခန့်အထိ ရှိပြီး မိမိတို့မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ပြည်ပပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၁၇ ဒသမ ၄ ဘီလီယံခန့်သာရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ လူမှုစီးပွားရေးအခြေအနေများ နောက်ကျ ကျန်နေခဲ့ရသည့် အဓိကအကြောင်းရင်းခံများ များစွာ ရှိသည့်အနက် အရေးကြီးပြီး အဓိကကျသည့် အကြောင်း ရင်းခံတစ်ရပ်မှာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိ အောင် ဆောင်ကြဉ်းမပေးနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုသည် မိမိတို့နိုင်ငံအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ချမှတ် ဆောင်ရွက်သွားရန် အဘယ်ကြောင့် အရေးကြီးလျက် ရှိသည်ကို အနည်းငယ်ရှင်းလင်းတင်ပြလိုပါသည်။ မိမိတို့ နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်မှ အစပြု၍ပင် နိုင်ငံရေး ပါတီအချို့ စတင်တောခိုခဲ့ပါသည်။ နောက်ပိုင်းမှာလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ခြင်း မရှိ သည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း တစ်ဒါဇင်ကျော်ခန့် လက်နက်ကိုင်တောခိုပြီး တိုက်ပွဲ ဝင်ခဲ့ကြပါသည်။ မိမိတို့၏ အမိမြန်မာနိုင်ငံသည် လွန်ခဲ့ သည့် အနှစ် ၇၀ ကျော်ကာလမှ အစပြု၍ သေနတ်သံ၊ ဗုံးသံတညံညံဖြင့် ပြည်တွင်း တည်ငြိမ်အေးချမ်းမှု မရှိခဲ့ သည့်အတွက် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေမှာ အထက်တွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ များစွာ နောက်ကျကျန်ရစ်နေခဲ့ရခြင်း ဖြစ်ပါသည်။

 

ပင်လုံစိတ်ဓာတ်

 

ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် အဓိက ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ် မှာ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပင်လုံစိတ်ဓာတ်ကို အခြေခံလျက် စည်းလုံးညီညွတ် စွာဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို မဖြစ်မနေ ရရှိလာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည့် အချိန် တန်ပြီ ဖြစ်ပါသည်။

 

ထို့ကြောင့် မိမိအထက်တွင် တင်ပြခဲ့သည့်အတိုင်း ယနေ့ မိမိတို့ ကမ္ဘာ့အလယ်တွင် လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်မှာ (၂၀) ရာစု ပထမပင်လုံညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း ကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ယခုအစိုးရသစ် တက်ရောက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယ၊ တတိယ နှင့် စတုတ္ထအကြိမ် အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ထိုအစည်းအဝေးများမှ ဘုံသဘောတူ ချမှတ်အတည်ပြုထားသော ဆုံးဖြတ်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံတွင် အရေးတကြီးလိုအပ်နေသော “ပြည်တွင်း တည်ငြိမ်အေးချမ်းမှု” ကို မကြာမီရရှိလာနိုင် တော့မည်ဟု မျှော်မှန်းရပါသည်။ ထိုသို့အားဖြင့် မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ယခု ကဲ့သို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမှတစ်ဆင့် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရရှိလာပြီးနောက်ပိုင်း များမကြာမီအချိန်ကာလတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ပါသည်။ ။