မော်ရိုကို ကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ တတိယနေရာကို ရယူနိုင်ခဲ့သည့် ခရိုအေးရှား

 

ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ်  ဒီဇင်ဘာ ၁၇ ရက်  ည ၉ နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့သည့် ခရိုအေးရှားနှင့်  မော်ရိုကိုတို့ပွဲတွင်  ခရိုအေးရှား အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 


တတိယနေရာရရှိရေးအတွက်  နှစ်သင်းစလုံး ကစားသမားအစုံအလင်ဖြင့်  ပွဲထွက်လာသောကြောင့် ပွဲစသည်နှင့်တစ်ပြိုင်နက်  အကြိတ်အနယ်ရှိပြီး ပြိုင် ဆိုင်မှုပြင်းထန်ခဲ့သည်။ မော်ရိုကိုအသင်း၏ ပွဲအထ နှေးမှုကို အခွင့်ကောင်းယူကာ ခရိုအေးရှားအသင်းက ပွဲချိန် ၇ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။  အဆိုပါသွင်းဂိုးကို ပါရီဆစ်၏ ဖန်တီးမှုမှ ဂျီဗာဒီယိုလ်က သွင်းယူပေးခဲ့သည်။

 


မော်ရိုကိုအသင်းသည် ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ကိုးမိနစ်တွင် ရရှိခဲ့ပြီး ဟီဒါ၏ ဖန်တီးမှုမှ ဒါရီက သွင်းယူပေးခဲ့သည်။ 

 


တစ်ဖက်တစ်ဂိုးစီသရေကျပြီးနောက် အပြန်အလှန်ထိုးဖောက်မှုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သည်။ ပွဲချိန် ၄၂ မိနစ်တွင် လီဗာဂျာ၏ ဖန်တီးမှုကို အော်ဆစ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည့်အတွက် ခရိုအေးရှားအသင်း ဒုတိယဂိုးရရှိခဲ့သည်။    ထို့နောက်ပိုင်းတွင်လည်း    ပွဲချိန်အများစုကို ခရိုအေးရှားအသင်းကသာ ထိန်းချုပ်ထားနိုင်ပြီး ဂိုးကန်သွင်းမှုအကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ 

 


မော်ရိုကိုအသင်းက    ခရိုအေးရှားအသင်း၏   ကစားပုံအောက် ဟန်ချက်ပျက်ခဲ့ပြီး ရံဖန်ရံခါထိုးဖောက်မှုများဖြင့်သာ ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန်ပြည့်ခါနီးတွင် ခရိုအေးရှားအသင်းမှ ကိုဗာဆစ် ရရှိလာသည့် အခွင့်အရေးကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သည့်အတွက် နှစ်ဂိုး-တစ်ဂိုးဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ 


အောင်ဇော်