AFF Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း စင်ကာပူနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဒီဇင်ဘာ  ၂၂


မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ AFF Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် စင်ကာပူအသင်းနှင့် အဝေးကွင်းပွဲ  ယှဉ်ပြိုင်ကစားရန် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်း က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသည်။

 


စင်ကာပူလက်ရွေးစင်အသင်းနှင့်   မြန်မာ့လက်ရွေးစင်အသင်းသည်   ဒီဇင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် စင်ကာပူနိုင်ငံရှိ ဂျလန်ဘီဆာကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည်  ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန်    မွန်းလွဲပိုင်းတွင်   စင်ကာပူနိုင်ငံသို့   ရောက်ရှိခဲ့ပြီး  ယင်းနေ့ ညနေပိုင်းမှာပင်  လေ့ကျင့်မှုစတင်ပြုလုပ်ခဲ့သည်။  AFF Cup ပြိုင်ပွဲ  အုပ်စု (ခ) တွင်  ဗီယက်နမ်၊  မလေးရှား၊  စင်ကာပူ၊  မြန်မာနှင့်  လာအိုအသင်းတို့  ပါဝင်နေပြီး ဒီဇင်ဘာ  ၂၁  ရက်က    ကစားသည့်   အုပ်စု (ခ)   ပထမနေ့တွင်    ဗီယက်နမ်နှင့် မလေးရှားအသင်း နိုင်ပွဲရရှိခဲ့သည်။

 


ဗီယက်နမ်အသင်းက လာအိုအသင်းကို အဝေးကွင်း၌ ခြောက်ဂိုးပြတ်၊ မလေးရှားအသင်းက မြန်မာအသင်းကို  အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရခဲ့သည်။ မြန်မာအသင်းသည်   အုပ်စုပထမပွဲတွင်   အရေးနိမ့်ထား သဖြင့် ယခုပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေပြီး  စင်ကာပူအသင်း မှာမူ ပထမဆုံးပွဲ ကစားရခြင်းဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်းတွင်  ကစားသမား ၂၃ ဦးအပါအဝင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀ ကျော်  လိုက်ပါသွားပြီး စင်ကာပူအသင်းနှင့်    ပွဲမတိုင်မီ    နှစ်ရက်ကြိုတင်သွားရောက်ခြင်း ဖြစ်သည်။                  

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF