
ဆောင်းပါး
=====
ဂျပန်နှင့် သန့်ရှင်းရေး
=============
အောင်အောင် IR
=========
ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိတာ ကိုးလနီးပါး ရှိခဲ့ပြီ။ ဂျပန်မှာရှိစဉ် ခရီးသွားဆောင်းပါးများ အကုန်အစင်နီးပါး ရေးသားခဲ့သောကြောင့် မြန်မာနိုင်ငံပြန်ရောက်သည့် ယမန်နှစ် ဧပြီလမှစ၍ ဂျပန်နှင့်ပတ်သက်သည့် မည်သည့်ဆောင်းပါး မျှ မရေးသားဖြစ်ခဲ့ပေ။ ရန်ကုန်ပြန်ရောက်တော့ သတင်း စာ၊ ဂျာနယ်များတွင် ရေးခဲ့သည့် ဂျပန်ခရီးသွားဆောင်းပါး များ ပြန်စုစည်းတော့ စုစုပေါင်း ၇၉ ပုဒ်ရသည်။ အဆိုပါ ဆောင်းပါးများကို စုစည်းကာ ၂၀၂၁ ခုနှစ်တွင် စာအုပ်ထုတ်ဝေရန် စီစဉ်ခဲ့သော်လည်း အကြောင်း ကြောင်းကြောင့် ကိုဗစ် - ၁၉ ကပ်ရောဂါဘေး ပထမ လှိုင်းကာလ သြဂုတ်လထဲမှာပင် ‘ဆာရိုနာရနှင့် ဂျပန် ခရီးသွားဆောင်းပါးများ စုစည်းမှု’ အမည်ဖြင့် စာအုပ် ထုတ်ဝေဖြစ်ခဲ့သည်။
စာရေးသားခြင်းကိုလည်း အတော်ငြီးငွေ့သွားခဲ့ သောကြောင့် ပြန်ရောက်ကတည်းက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆောင်းပါးများမှ လွဲပြီး မည်သည့်ဆောင်းပါးမျှ မရေးဖြစ်ခဲ့ပေ။ လက်ရှိ အလုပ်မှာလည်း အရင်အလုပ်များနှင့် မတူ။ ရုံးသို့ သွားရန် မလိုအပ်ဘဲ အိမ်မှသာ အစီရင်ခံစာများ ရေးသား ရသည်ဖြစ်ရာ အချိန်များစွာ ပိုပါသည်။ သို့တိုင် စာရေး သားခြင်းကိုသာမက ဖေ့စ်ဘွတ်တွင်လည်း မည်သည့် ပို့စ်မှ မတင်တော့ဘဲ သြဂုတ်လမှပင် စတင်ရပ်ဆိုင်းခဲ့ သည်။ အားလပ်သည့်အချိန်များတွင် စာအုပ်များ ဖတ်ရှုခြင်း၊ ဖေ့စ်ဘွတ်ဖတ်ရှုခြင်းဖြင့်သာ ကုန်လွန် စေခဲ့သည်။ ၁၀ နှစ်ခန့် စာမူဆောင်းပါးများ အဆက် မပြတ် ရေးသားလာခဲ့သည်ဖြစ်ရာ လနှင့်ချီကာ စာမရေး သားဘဲ ဖေ့စ်ဘွတ်အသုံးမပြုဘဲနေသောအခါ စိတ်ရော ကိုယ်ပါ များစွာလန်းဆန်း ပေါ့ပါးခဲ့ပါသည်။ သို့သော် စာအမြဲရေးနေသူ တစ်ယောက်အနေဖြင့် စာလုံးဝ မရေးဘဲလည်း ကြာရှည်စွာ မနေနိုင်ပါချေ။ စာပြန်ရေးမည် ဆိုတော့ မည်သည့်ဆောင်းပါး ရေးသားရလျှင် ကောင်း မည်နည်း ချိန်ဆမိသည်။ နိုင်ငံရေး ဆောင်းပါးများကို တော့ မရေးလိုတော့ပါ။ ပညာရေးဆောင်းပါးများမှာ လည်း အကန့်အသတ်ရှိသည်။ ပြန်ရောက်သည်မှာ မကြာသေးသော ဂျပန်အတွေ့အကြုံဆောင်းပါးများ ရေးသားရသော် ကောင်းမည်ဟု တွေးမိသည်။
ဂျပန်တွင်ရှိစဉ် ဆောင်းပါးများစွာ ရေးခဲ့သည်ဟုဆို သော်လည်း ရေးသားခဲ့သော ဆောင်းပါးများမှာ ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့သည့် အတွေ့အကြုံ ခရီးသွား ဆောင်းပါးများ ဖြစ်ပါသည်။ ထိုစဉ်က စာရေးသူထံ စာဖတ်သူအချို့က ဖေ့စ်ဘွတ်မှတစ်ဆင့် ခရီးသွားဆောင်းပါး များထက် ဂျပန်နှင့် မြန်မာနှိုင်းယှဉ်သည့်ဆောင်းပါးများ၊ ဂျပန်ထံမှ အတုယူဖွယ်ရှိသည်များကို ပိုမိုဖတ်ရှုလို ကြောင်း အသိပေးကြသည်။ စာရေးသူတွင်လည်း ထိုသို့ စိတ်ကူးရှိပါသည်။ သို့သော် အလုပ်တစ်ဖက်နှင့် အားလပ် ချိန်များတွင် ခရီးများသွားစဉ် သွားခဲ့သည့် ခရီးစဉ်တိုင်းကို ခရီးသွားဆောင်းပါးရေးသားနေခဲ့သည်ဖြစ်ရာ ဆောင်းပါး အားလုံးကိုလည်း ဂျပန်နိုင်ငံတွင် နေထိုင်စဉ်ပင် အပြီး အပြတ် ရေးသားချင်ခဲ့သည်ဖြစ်ရာ ဂျပန်ထံမှ အတုယူ ဖွယ်များကို ရေးသားရန် အချိန်မရခဲ့ပါချေ။ ယခု ဆောင်းပါးများ ပြန်ရေးသားမည်ဆိုတော့ ခရီးသွားအတွေ့ အကြုံဆောင်းပါးမဟုတ်သည့် အခြားဂျပန်အတွေ့အကြုံ ဆောင်းပါးများကို ရေးသားဖော်ပြသွားပါမည်။
so clean
ဂျပန်ဟုဆိုလျှင် လူအများက သန့်ရှင်းသည်၊ လှပ သည်၊ စည်းကမ်းရှိသည်၊ တိုးတက်ဖွံ့ဖြိုးသည်၊ ပညာရေး ကောင်းသည် စသည်ဖြင့် မြင်ကြသည်။ အမှန်လည်း ဂျပန် ကို မြန်မာနှင့် အာရှသားများသာမက ဂျပန်သို့ ရောက်ဖူး သူ အနောက်နိုင်ငံသားများကပါ အထင်ကြီးကြပါသည်။ အထင်ကြီးသည် ဆိုသည်မှာ မြင်တွေ့ခဲ့ရသည့် အခြေ အနေကို ဆိုလိုခြင်းဖြစ်ပြီး လူ့အခွင့်အရေး၊ ကျား၊မ သာတူညီမျှရှိခြင်းကဲ့သို့ နိုင်ငံ့ရေးရာကိစ္စများကို ဆိုလိုခြင်း မဟုတ်ပါ။ မည်သို့ဆိုစေ ဖွံ့ဖြိုးတိုးတက်သည့် အနောက်နိုင်ငံများတွင်ပင် မြင်တွေ့ရခဲလှသည့် နိုင်ငံနှင့် အဝှမ်း သန့်ရှင်းသပ်ရပ်မှု၊ စည်းစနစ်ရှိမှု၊ တိတ်ဆိတ် ငြိမ်သက်မှုတို့မှာ ဂျပန်တွင် မပြောင်းမလဲတည်ရှိနေ သည်မှာ မငြင်းနိုင်သောကိစ္စ ဖြစ်သည်။ ယခုဆောင်းပါး တွင် ဂျပန်နိုင်ငံ၏ နာမည်ကျော် သန့်ရှင်းသပ်ရပ်မှု (သန့်ရှင်းရေး)ကိစ္စကို ဆွေးနွေးပါမည်။ ဂျပန်သို့ ပထမဆုံးအကြိမ် ရောက်သူတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံမှ ဖြစ်စေ၊ ဖွံ့ဖြိုးပြီးနိုင်ငံမှဖြစ်စေ မဖြစ်မနေ နှုတ်မှ အနည်းဆုံး တစ်ကြိမ်တစ်ခါ ဂျပန်နိုင်ငံအပေါ် ဖွင့်ဟချီးကျူးကြသည့် ကိစ္စတစ်ခုမှာ သန့်ရှင်းရေးကိစ္စပင် ဖြစ်သည်။ စာရေးသူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးတွင် အလုပ်လုပ်ခဲ့ စဉ်က လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသား ဥရောပသားများ ဂျပန်သို့ သွားရောက်လည်ပတ်ပြီးလျှင် မကြာခဏ ကြားသိ ခဲ့ရသော သူတို့၏ ဂျပန်နိုင်ငံအတွေ့အကြုံ ပထမဆုံး နှုတ်ထွက်စကားမှာ ‘so clean’ ဖြစ်ပါသည်။
ဂျပန်နိုင်ငံ ဘာကြောင့် ဒီလောက်သန့်ရှင်းသလဲ။ ဂျပန်လူမျိုးများ သန့်ရှင်းရေး အလေးထားပုံနှင့် ပတ်သက် ပြီး ကျောင်းများတွင် သန့်ရှင်းရေးသမားများ မခန့်ထားဘဲ ကျောင်းသား ကျောင်းသူများက ကိုယ်တိုင် သန့်ရှင်းရေး လုပ်ဆောင်ကြပုံ၊ ဂျပန်ကလေးငယ်များ ငယ်စဉ်ကပင် ကျောင်းအိမ်သာများ ဆေးကြောကြပုံ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်ရန် လေ့ကျင့်သင်ကြားပုံ စသည် တို့ကို ဆိုရှယ်မီဒီယာများတွင် မကြာခဏ ဖတ်ရှုရ လေ့ရှိပါသည်။ ဂျပန်လူမျိုးတို့ကမူ သူတို့အနေဖြင့် သန့်ရှင်း ရေးဆိုသည်မှာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အိမ်တွင်း သန့်ရှင်းရေးသာမက ကိုယ့်ဝန်းကျင်ကိုပါ သန့်ရှင်းစေခြင်း ဖြစ်သဖြင့် တစ်နိုင်ငံလုံး သန့်ရှင်းနေပါသည်ဆိုလျှင် ဂျပန်လူမျိုးအားလုံးသည် ကြီးသည်၊ ငယ်သည် မရှိ၊ ပညာတတ်သည်၊ ပညာမတတ်သည်မရှိ အားလုံးသည် အနည်းနှင့် အများ သန့်ရှင်းရေးသမားများ ဖြစ်ကြသည်ဟု ဆိုကြပါသည်။ မိမိဝန်းကျင် သန့်ရှင်းခြင်းသည်ပင် ဂုဏ် သိက္ခာ၊ ဂုဏ်ယူဖွယ်ရာကိစ္စဖြစ်သောကြောင့် ဂျပန်လူမျိုး များသည် ရပ်ရွာသန့်ရှင်းရေးကို အထူးဆော်သြနေစရာ မလိုဘဲ ကိုယ့်အသိစိတ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြသည်။
ကိုယ်ပိုင်အမှိုက်ပုံးများ
စာရေးသူ ကျိုတိုမြို့တွင် နေထိုင်စဉ် အဆောင်မှ အလုပ်သို့ နေ့စဉ် လမ်းလျှောက်သွားဖြစ်သည်။ လမ်း တစ်လျှောက် လမ်းများအတွင်း ကျောင်းဝတ်စုံ၊ အလုပ်ဝတ်စုံ ဆင်တူများနှင့် လူအချို့ တံမြက်စည်းများ၊ အမှိုက်သိမ်း ပစ္စည်းများနှင့်အတူ စုဖွဲ့သွားလာကာ သစ်ပင်များအနီး တစ်ဝိုက်နှင့် ချောင်ကြိုချောင်ကြားများမှ အမှိုက်များကို သိမ်းဆည်းနေသည်ကို မကြာခဏ တွေ့မြင်ခဲ့ရသည်။ ဂျပန် တွင် လမ်းများနှင့် အများပြည်သူနေရာများတွင် များသော အားဖြင့် အမှိုက်ပုံးများ မရှိဘဲ ကိုယ့်အသိစိတ်နှင့်ကိုယ်သာ အမှိုက်များကို သိမ်းဆည်းထားပြီး အိမ်ရောက်မှ၊ အဆောင် ရောက်မှ အမှိုက်များ ထည့်ကြရသည်။ ကိုယ့်အင်္ကျီ ဘောင်းဘီအိတ်ကပ်များ၊ လက်ကိုင်အိတ်၊ ကျောပိုးအိတ် များသည်ပင် ကိုယ်ပိုင်အမှိုက်ပုံးများပင် ဖြစ်တော့သည်။ စတိုးဆိုင်ငယ်များတွင်လည်း အစားအစာမျိုးစုံ ဝယ်ယူရရှိ နိုင်ပြီး ဆိုင်အပြင်တွင် မတ်တတ်၊ ထိုင်လျက် စားသောက် နေကြသောသူများကို တွေ့မြင်ရလေ့ရှိသည်။ စားသောက် ပြီး အမှိုက်ပစ်လိုလျှင် ဆိုင်အတွင်း ပြန်ဝင်ပြီး အမှိုက်ပုံးထဲ အမှိုက်ပစ်ကြရသည်။ ကိုယ့်ဆိုင်အမှိုက်သာ ကိုယ်လက်ခံ သည့်သဘောဖြစ်သည်။ အပြင်မှာထားလျှင် လူတကာ အမှိုက်ဝင်ပစ်ကြပေမည်။ ထိုသို့ဆိုသဖြင့် ဂျပန်လမ်းများ တွင် အမှိုက်လုံးဝမရှိဟု မဆိုလိုပါ။ စာရေးသူ အနေကြာတော့ လမ်းတစ်လျှောက် ပိုမိုသတိထားကြည့်မိရာ နေရာအနှံ့ အထူးသဖြင့် လမ်းဘေးအပင်များ အနီးတစ်ဝိုက်တွင် အမှိုက်များ၊ အချိုရည်ဘူးများ အနည်းနှင့်အများ ရှိနေ တတ်ပါသည်။ သို့သော် အချိန်ကြာမြင့်စွာ စုပုံမနေတတ်ပါ။ ဆိုတော့ ဂျပန်ဝန်းကျင်သည် များသောအားဖြင့် သန့်ရှင်း သည့်အခြေအနေက လွှမ်းမိုးပါသည်။
သန့်ရှင်းစင်ကြယ်မှုကို အထူးဦးစားပေး
ဂျပန်နိုင်ငံ ဘာကြောင့် ဤမျှ သန့်ရှင်းသနည်းဟူသည့် မေးခွန်းကို လေ့လာသူများက ဂျပန်လူမျိုးတို့ ကိုးကွယ်သည့် ဇန်ဗုဒ္ဓဘာသာ (ဇင်ဗုဒ္ဓဘာသာ) (Zen Buddhism) အား ညွှန်ပြပြောဆိုကြသည်။ ဆိုလိုသည်မှာ ဇန်ဗုဒ္ဓဘာသာသည် သန့်ရှင်းစင်ကြယ်ခြင်းကို အထူးဦးစားပေးပြီး စိတ်ရော ကိုယ်ပါ သန့်ရှင်းမှုပြုခြင်းသည် နေ့စဉ် တရားထိုင်ခြင်းကဲ့သို့ အရေးကြီးသည်ဟု ဖွင့်ဆိုမှုရှိသည်။ ဂျပန်နိုင်ငံတစ်ဝန်းရှိ နတ်ကွန်းများဆီသို့သွားလျှင် အဆိုပါအချက်ကို ရှင်းလင်း စွာမြင်တွေ့ရမည် ဖြစ်သည်။ နတ်ကွန်း ပင်မဆောင်တွင် ဝတ်မပြုမီ အဝင်ဝတွင် ကိုယ်လက်သန့်စင်ရန် သန့်ရှင်းရေး ရေကန်ငယ်လေးများ (Temizuya/ Chozuya) ထားရှိပြီး ကြည်လင်သန့်ရှင်းသောရေများမှာ ဝါးလုံးခေါင်းများ သို့မဟုတ် ရေတံလျှောက်များမှ ကန်အတွင်းသို့ စီးကျ လျက်ရှိသည်။ သို့ဆိုလျှင် ဗုဒ္ဓဘာသာကိုးကွယ်သည်မှာ ဂျပန်တစ်နိုင်ငံတည်း မဟုတ်၊ အခြားအာရှနိုင်ငံအများ အပြားလည်း ကိုးကွယ်ပြီး စိတ်ရော ကိုယ်ပါ သန့်ရှင်းမှုဆို သည်မှာ ဘာသာများတွင် အနည်းနှင့်အများ အားပေးပါ သည်၊ အဘယ်ကြောင့် ဂျပန်တစ်နိုင်ငံတည်းမှာမှ ထူးထူး ခြားခြား သန့်ရှင်းလွန်းနေပါသနည်းဟု စောဒက တက်နိုင်ပါသည်။ နောက်ထပ်အဖြေတစ်ခုမှာ ဂျပန်နိုင်ငံသို့ ဇန်ဗုဒ္ဓဘာသာ မရောက်မီကပင် ဂျပန်ရိုးရာ ရှင်တိုဘာသာ (Shintoism) ဆိုသည်မှာ ရှိနှင့်ပြီး ရှင်တိုဘာသာသည်လည်း သန့်ရှင်းစင်ကြယ်မှုကို အထူးဦးစားပေးသည် ဆိုပါသည်။ ဆိုရသော် ကိုးကွယ်သည့် ဇန်ဗုဒ္ဓဘာသာနှင့် ရိုးရာဓလေ့ ရှင်တိုဘာသာတို့ ပေါင်းစည်းရာမှ အသန့်လွန် အလွန်သန့် ဆိုသည့် ဂုဏ်ထူးဝိသေသကို ရရှိဟန်တူပါ သည်။
စာရေးသူသည် ငယ်ငယ်ကတည်းက အသန့်ကြိုက်သူ ဖြစ်ရာ ဂျပန်သို့ ပထမအကြိမ်ရောက်ရှိခဲ့စဉ် (၂၀၀၄-၂၀၀၅) ကတည်းက သန့်ရှင်းသပ်ရပ်သော ဝန်းကျင်၊ သန့်ရှင်း လှပသော ပန်းဥယျာဉ်၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို များစွာစွဲလမ်းခဲ့သည်ဖြစ်ရာ အမြဲနေထိုင်ရန် စိတ်မကူးသည့်တိုင် ဂျပန်နိုင်ငံသို့ နောက်တစ်ခေါက် ပညာသင်အဖြစ် သို့မဟုတ် အလုပ်အကိုင်ဖြင့် ပြန်လည် ရောက်ရှိရန် စိတ်ပြင်းပြမှု များစွာရှိခဲ့ပါသည်။ စာရေးသူသည် ငယ်စဉ်ကပင် သန့်ရှင်းရေးကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခု အဖြစ် မှတ်ယူကာ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေးများ လုပ်ဆောင်လေ့ရှိသည်။ ချောင်ကြိုချောင်ကြားမကျန် တိုက်ချွတ်သည်။ အမှိုက်ပုံးအတွင်း၊ အပြင် ဆေးကြော သည်။ ဧပြီလ (သင်္ကြန်)နှင့် ဒီဇင်ဘာလ (နှစ်ကုန်) များ တွင် တစ်ပတ်ခန့် အချိန်ယူပြီး အထူးသန့်ရှင်းရေးဟု သတ်မှတ်ကာ အိမ်နေရာအနှံ့အတွင်း၊ အပြင် သန့်ရှင်းရေး လုပ်ဆောင်ကာ ရေဖြင့်ပါ ဆေးကြောသည်။
စာရေးသူ ဂျပန်တွင် ပထမအခေါက် နေထိုင်စဉ်က ပင် ထိုစဉ်က အတူနေခဲ့ရသော ဂျပန်အဖေကြီး (အိုးသိုး ဆန်) နှင့် ဂျပန်အမေကြီး (အိုခါးဆန်) တို့က စာရေးသူအား အခန်းသန့်ရှင်းရေး လုပ်လွန်းသဖြင့် တားယူရသည်။ ယခု ဂျပန် ဒုတိယအခေါက်တွင်လည်း ကိုယ့်အဆောင် အခန်းနှင့် ကိုယ့်ရုံးခန်းဝန်းကျင်အား ပုံမှန်သန့်ရှင်းရေး လုပ်ဖြစ်ပြီး ကျိုတိုမှ ပြန်မည့် နောက်ဆုံးနေ့များတွင် စာရေးသူ၏ ရုံးခန်းစားပွဲနေရာနှင့် ဝန်းကျင်အား သန့်ရှင်း ရေး ပြုလုပ်ကာ ရုံးမှ အကြီးအကဲနှင့် ဂျပန်မိတ်ဆွေများ အား မနက်ဖြန် မြန်မာနိုင်ငံသို့ ပြန်ပြီဖြစ်ကြောင်း၊ ရုံးခန်း နေရာတွင် မည်သည့်ပစ္စည်းမှ မထားခဲ့ကြောင်း၊ စားပွဲ၊ အံဆွဲများအတွင်းကိုလည်း သန့်ရှင်းရေးလုပ်ခဲ့ကြောင်း၊ စားပွဲ ကို အံ့ဆွဲများတစ်ခုချင်းဖွင့်လျက် ဓာတ်ပုံရိုက်ကာ နှုတ်ဆက်အီးမေးလ်ရေးသားပေးပို့ခဲ့သည်။ စာရေးသူ၏ ရုံးခန်းမှာ သုတေသီသုံးယောက် အလုပ်လုပ်သည့် ရုံးခန်းဖြစ်ပြီး ယခင် သုတေသီများထားခဲ့သော စာအုပ်များ၊ ပစ္စည်းများနှင့် ရှုပ်ထွေးနေလေ့ရှိသည်။ သို့ဖြစ်ရာ စာရေးသူက ယခင်လူများနှင့် မရောထွေးစေရန် ပစ္စည်းအားလုံး ရှင်းလင်းပြီးဖြစ်ကြောင်း သိစေခြင်း ဖြစ်ပါသည်။ အီးမေးလ်ပေးပို့ပြီး မကြာမီပင် ရုံးအကြီးအကဲဖြစ်သူက ‘ကြည်လင်တဲ့ရေများထဲကနေ သာ ငှက်တွေဟာ ပျံတက်နိုင်ကြတယ်’ဟု အဓိပ္ပာယ် ရသော ဂျပန်ဆိုရိုးစကားတစ်ခုကို ကိုးကားလျက် ‘အဲဒါ နင့်လို လူမျိုးကို ရည်ညွှန်းတာဖြစ်တယ်’ဟု အီးမေးလ် ပြန်စာပေးပို့လာခဲ့ပါသည်။
ရန်ကုန်ရောက်ပြီးနောက် လှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စင်တာတွင် စာရေးသူ နှစ်ပတ်ခန့် Q ဝင်ရပါသည်။ Q နောက်ဆုံးရက်တွင် အိပ်သည့်အခန်းနှင့် ရေချိုးခန်း၊ အိမ်သာများကို ကောင်းမွန်စွာ သန့်ရှင်းရေး ပြုလုပ်ခဲ့ပါသည်။ အမှိုက်များအားလုံးလည်း ထုပ်ပိုးကာ အခန်းအပြင်တွင် ထားရှိခဲ့ပါသည်။ စာရေးသူ စင်တာမှ မထွက်မီ လူမရှိဘဲ တံခါးပွင့်နေသော ဘေးအခန်းကို ကြည့်မိသည်။ စားပွဲပေါ်တွင် ကွာစေ့ခွံများ၊ အချိုရည်ဘူး များ၊ ပလတ်စတစ်အမှိုက်များ မြင်မကောင်းအောင် ပြန့်ကျဲနေသည်။ အခန်းအတွင်း အခြားနေရာများမှာ လည်း ရှုပ်ပွနေသည်။ နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ နေထိုင်စားသောက်ခဲ့ရသည့် နှစ်ပတ်ဆိုသည့်ကာလကိုမှ အားမနာပေ။ ဒေါသလည်း အတော်ထွက်သွားမိသည်။ ငါ မြန်မာနိုင်ငံ ပြန်ရောက်နေပြီဆိုသည့်အသိကို ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်သတိပေးနေရသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံသားတစ်ဦးချင်းသည် သူတို့လုပ်အား များကို အနည်းငယ်စီ ဝေမျှကာ သန့်ရှင်းစင်ကြယ်ခြင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် နိုင်ငံတော်အား အလှဆင် ကျေးဇူးပြုနေချိန်တွင် စာရေးသူတို့ ဆီတွင်မူ နိုင်ငံသား တစ်ဦးချင်း စည်းကမ်းမလိုက်နာသူများက များပြားနေပုံ ရလေသည်။ တစ်ချိန်တည်း စဉ်းစားနေမိသည်။ စာရေး သူအား ချီးကျူးခဲ့သော ဂျပန်ရုံး အကြီးအကဲအမျိုးသမီး သာ အဆိုပါ မြင်ကွင်းကို မြင်တွေ့ခဲ့ပါက သူ မည်သို့ ပြောမည်ကို သိချင်နေခဲ့မိပါသည်။ ။
- Log in to post comments