
ပရီမီယာလိဂ်ပွဲစဉ် (၁၇) မှ ဒီဇင်ဘာ ၂၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့် မန်ယူနှင့် နော်တင်ဟမ် ဖောရက်စ်အသင်းတို့ပွဲစဉ်တွင် မန်ယူ အသင်းက သုံးဂိုးပြတ် အနိုင်ရရှိ သည်။
မန်ယူအသင်းသည် ပြိုင်ဘက် နော်တင်ဟမ်အသင်းကို ပွဲအစ ကတည်းက တိုက်စစ်ဆင် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန်အများစုကို ထိန်းချုပ်ကစားနိုင်ခဲ့သည်။
နော်တင်ဟမ်အသင်း ၏ ရံဖန်ရံခါ ထိုးဖောက်တိုက်စစ်ဆင် မှုက မန်ယူအသင်းကို အခက် တွေ့စေခဲ့သော်လည်း ခံစစ်နှင့် ဂိုးသမား ဒီဂီယာတို့ အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ထားနိုင်မှု ကြောင့် သွင်းဂိုးရယူနိုင်ခြင်း မရှိခဲ့ချေ။
ပရိသတ် ခုနစ်သောင်း သုံးထောင်ကျော် လာရောက် ကြည့်ရှုခဲ့သည့် အဆိုပါပွဲစဉ်တွင် မန်ယူ တိုက်စစ်ကစားသမား ရပ်ဖို့ဒ် ခြေစွမ်းပြသနိုင်ခဲ့ပြီး တစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီး ပေးနိုင်ခဲ့သည်။ အဖွင့်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ရရှိခဲ့ပြီး အဲရစ်ဆင်၏ ဖန်တီးမှုကို ရပ်ဖို့ဒ်က သွင်းယူ ရရှိခဲ့သည်။ အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၂၂ မိနစ်တွင် ရရှိခဲ့ပြီး ရပ်ဖို့ဒ်၏ ဖန်တီးမှုမှ မာရှယ်က သွင်းယူပေးနိုင်ခဲ့သည်။
ဦးဆောင်ဂိုးများ ခွင့်ပြုပေး လိုက်ရပြီးနောက် နော်တင်ဟမ် အသင်း ချေပဂိုးရရှိရေး ကြိုးစား လာခဲ့ရာ ပွဲချိန် မိနစ် ၄၀ တွင် သွင်းယူခဲ့သော်လည်း ဗွီအေအာရ် က ပယ်ဖျက်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် နော်တင်ဟမ်အသင်း ချေပဂိုးများ ရရှိရေး လူစားအပြောင်းအလဲ များပြုလုပ်လာသော်လည်း မန်ယူ အသင်း၏ ဖိအားပေးကစားဟန် အောက် ပုံစံကောင်းပျောက်ဆုံး ခဲ့ပြီး သွင်းဂိုးများနှင့် ဝေးကွာ ခဲ့ရသည်။
မန်ယူအသင်း အတွက် တတိယဂိုးကို ပွဲချိန် ၈၇ မိနစ် တွင် လူစားဝင်ကစားသမား ဖရက်က သွင်းယူခဲ့သည်။ ယခု အနိုင်ပွဲကြောင့် မန်ယူအသင်းက ၁၅ ပွဲ ကစားပြီး ရမှတ် ၂၉ မှတ် ရရှိကာ ပြိုင်ဘက် နော်တင်ဟမ်က ၁၆ ပွဲကစားပြီး ၁၃ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ရပ်တည် နေသည်။ အစောပိုင်းယှဉ်ပြိုင် ကစားခဲ့သည့် ချယ်ဆီးနှင့် ဘုန်းမောက်အသင်းတို့ပွဲစဉ်တွင် ချယ်ဆီးအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
အောင်ဇော်