နှစ်သစ်နှင့်အတူ အစိုးရအဖွဲ့အစည်းသစ်များနှင့် ရှေ့ခရီး

Type

ဆောင်းပါး

=====

 

နှစ်သစ်နှင့်အတူ အစိုးရအဖွဲ့အစည်းသစ်များနှင့် ရှေ့ခရီး

 

===========================

 

မောင်စာဂ

====

 

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းသည်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။ ထို့ကြောင့် တတိယအကြိမ်အတွက် လွှတ်တော်ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများက ၆-၁-၂၀၂၁ ရက်နေ့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ လွှတ်တော်အသစ်များ ပေါ်လာသည်နှင့် အစိုးရအဖွဲ့အသစ်များ တစ်ဆက်တစ်စပ်တည်းပေါ်လာပါ မည်။ ဤတွင် အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းထားပါ သနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။

 

အစိုးရအဖွဲ့များဖွဲ့စည်းထားရှိခြင်း

ပြည်ထောင်စုအဆင့် (ဗဟို)တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဟူ၍ ဖွဲ့စည်းထားရှိသည်။ တိုင်းဒေသကြီးများ၌ တိုင်း ဒေသကြီးတစ်ခုစီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်ရပ်စီ ထားရှိပြီး ပြည်နယ်များ၌ပြည်နယ်တစ်ခုစီတွင် ပြည်နယ် အစိုးရတစ်ရပ်စီ ထားရှိသည်။

 

ပြည်ထောင်စုအစိုးရဖွဲ့စည်းပုံ

ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု ရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းသည်။ နိုင်ငံတော်သမ္မတကို သမ္မတရွေးကောက် တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် တင်မြှောက်သည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းသည်။ ယင်းအစုအဖွဲ့ သုံးဖွဲ့မှာ အောက်ပါ အတိုင်းဖြစ်သည်-

(က) တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက် တင်မြှောက်ခံရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊

(ခ) မြို့နယ်များကိုအခြေခံ၍လည်းကောင်း၊ လူဦးရေ ကို အခြေခံ၍ လည်းကောင်း ရွေးကောက် တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊

(ဂ) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊

အစုအဖွဲ့တစ်ခုစီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ် တင်မြှောက်ရသည်။ ထိုဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သက်မှတ်ထားသည့်အရည် အချင်းများနှင့် ပြည့်စုံခြင်းရှိ / မရှိကို ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများပါဝင်သည့်အဖွဲ့က စိစစ်ရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင် သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်သည်။ ကျန်ဒုတိယသမ္မတနှစ်ဦးသည် ဆန္ဒမဲ အနည်းအများအလိုက် ဒုတိယသမ္မတ (၁) နှင့် ဒုတိယသမ္မတ (၂)တို့ ဖြစ်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးများခန့်ထားခြင်း

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များထဲ က ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲက ဖြစ်စေ သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံ သော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရသည်။ ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာန များတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီး များအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များအမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သားများ၏အမည် စာရင်းတို့ကိုစုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းလျက် သဘောတူညီချက်ရယူရပြီး ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်သည်။

 

ပြည်ထောင်စုရှေ့နေချုပ်ခန့်ထားခြင်း

နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များရယူ နိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များ ပေးအပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်ထား သောအရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦး အား ပြည်ထောင်စုလွှတ်တော်အတည်ပြုချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် ဖြစ်သည်။

 

တိုင်းဒေသကြီးအစိုးရ သို့မဟုတ်

ပြည်နယ်အစိုးရဖွဲ့စည်းခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်တို့ဖြင့် ဖွဲ့စည်းသည်။

 

တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်

ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်။ ထိုသို့ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်သည်။

 

တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများ

ခန့်အပ်တာဝန်ပေးခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံ သော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်။ ထို့ပြင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တာဝန်ပေးအပ် နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့် လျော်သည့် တပ်မတော်သားများ၏အမည်စာရင်းကို တောင်းခံရမည်။

ထို့နောက် မိမိရွေးချယ်ထားသည့်ပုဂ္ဂိုလ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကို စုစည်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူ ရမည်။ ယင်းသို့သဘော တူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ် များကိုသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ

များ၏ အမည်စာရင်းများနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းပါ ပုဂ္ဂိုလ် များကိုသော်လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး ရန် နိုင်ငံတော်သမ္မတထံ တင်ပြရမည်။

နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တင်ပြထားသည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။

 

တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်

ခန့်အပ်တာဝန်ပေးအပ်ခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်ထားသောအရည်အချင်းများနှင့် ပြည်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြသဘော တူညီချက်ရယူ၍ နိုင်ငံတော် သမ္မထံတင်ပြရမည်။

နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်နိုင်ရန် သက် ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် က သက်ဆိုင်ရာ လွှတ်တော်၏သဘောတူညီချက်ဖြင့် တင်ပြလာသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။

 

အစိုးရဟူသည်

အစိုးရဟူသည် ပြည်ထောင်စုလှေကြီး၏ ဦးဆောင် ဦးရွက်ပြုရသည့် ပဲ့ကိုင်နှင့်အလား သဏ္ဌာန်တူ၏။ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ လည်းကောင်း၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေး အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်ရေးကိုဦးတည်၍ လည်းကောင်း ချီတက်ရာခရီးလမ်းကြောင်းတွင် ပဲ့ကိုင်သဖွယ် ဦးဆောင် ဦးရွက်ပြု၍ ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရပါမည်။

အစိုးရဟူသည် ပြည်သူတို့၏အလုပ်အကျွေးသဖွယ် ဆိုစမှတ်ပြုကြ၏။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်သည်ကို အစဉ်အမြဲနှလုံးသွင်းကြရမည်။ ပြည်သူကို မျက်နှာမူ၍ ပြည်သူကို ဗဟိုပြုရမည်။ ပြည်သူကိုအစဉ် ထာဝရ အလုပ်အကျွေးပြုရမည်။ ကျောသားရင်သား မခွဲခြား၊ ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေကြရ ပါမည်။

 

အစိုးရအဖွဲ့အစည်းသစ်များနှင့်ရှေ့ခရီး

၂၀၂၁ ခုနှစ် နှစ်သစ်နှင့်အတူ အစိုးရအဖွဲ့အစည်း အသစ်များလည်း ပေါ်ထွန်းလာပါမည်။ အစိုးရအဖွဲ့များ အဆက်ဆက်သည် တစ်ဆက်ထက်တစ်ဆက်ပို၍ ကောင်း သောအမွေသစ်များ ချန်ထားနိုင်ရေး လက်ဆင့်ကမ်း ကြိုးပမ်းဆောင်ရွက်ကြရပါမည်။ အသစ်တည်ဆောက်၊ အဟောင်းမြှင့်တင်ရပါမည်။ ပြင်ဆင်စရာ၊ မွမ်းမံစရာရှိ သည်များ ပိုမိုကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံကြရပါ မည်။ လုပ်ငန်းပမာဏများပြားသကဲ့သို့ လုပ်ငန်းအတိမ် အနက်ကလည်း ပို၍နက်ရှိုင်းလှပါသည်။ ကမ္ဘာ့ကပ် ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အဆုံး သတ်နိုင်ရေး ကြိုးပမ်းအားထုတ်ရပါဦးမည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှတစ်ဆင့် ရိုက်ခတ်မှုဒဏ်ဖြစ်သည့် နိုင်ငံစီးပွားရေးပြန်လည်နိုးထလာစေဖို့ကိုလည်း အားသွန် ခွန်စိုက် ဆောင်ရွက်ကြရပါဦးမည်။

အနှစ်ချုပ်အားဖြင့် ပြည်သူများစားဝတ်နေမှုပြည့်စုံ ဖူလုံရေး၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရှင်သန်ရေး၊ ရေရှည် တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံ ကောင်းမွန်ရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာ လျှစ်စစ် မီးလင်းရေး၊ လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှုအားကောင်းရေး၊ အသက်မွေးဝမ်းကျောင်းပညာ ချဲ့ထွင်ရေးနှင့် ခေတ်၏လိုအပ်ချက်များ နှင့်ကိုက်ညီသည့် ပညာရေးကဏ္ဍတိုးမြှင့်ဖော်ဆောင်ရေးစသည့် အရေးမှန် သမျှ ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းပါဗျာ။

v အစိုးရအဖွဲ့အသစ်များ၏ရှေ့ခရီး အားသစ် အင်သစ်များဖြင့် လျှောက်လှမ်းနိုင်ကြပါစေ၊

v နှစ်သစ်နှင့်အတူ နိုင်ငံနှင့်ပြည်သူတို့အတွက် ကောင်းကျိုး ချမ်းသာများ သယ်ပိုးဆောင်ရွက်နိုင် ကြပါစေ၊

v ပြည်သူများနှင့်အတူ ကျောသားရင်သားမခွဲခြား၊ အမြဲတမ်းတစ်သားတည်း ရှိနေကြပါစေ။