မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအတည်ပြုထုတ်ပြန်နိုင်ရေးအတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အခြေခံစံနှုန်းများဖြစ်ပြီး မိမိတို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာ နှင့် အခွင့်အရေးတို့ကိုလည်း အသိအမှတ်ပြု လေးစားတန်ဖိုး ထားခြင်း၊ တန်းတူရည်တူရှိစေခြင်းတို့လည်း လိုအပ်သည်။
လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ “လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ၎င်းတို့ ၏ အခြေခံလွတ်လပ်ခွင့်များနှင့် သက်ဆိုင်သည့် တရားရေး ဆိုင်ရာ အာမခံချက်ဖြစ်သည်။” ဟု ကုလသမဂ္ဂက အနက် အဓိပ္ပာယ်ဖွင့်ဆိုထားရာ နိုင်ငံအစိုးရများအနေဖြင့် မိမိတို့ နိုင်ငံနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေးအတွက် ဥပဒေဖြင့် အာမခံချက်ပေးရန် တာဝန်ရှိသည်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူ့အခွင့်အရေး စံများကို ထည့်သွင်းရေးဆွဲထားပြီး “မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ”ကို ပြဋ္ဌာန်း ၍ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှု များကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံသားများ၏ လူ့အခွင့်အရေးဖောက်ဖျက်ခံရမှုများနှင့် ပတ်သက်၍ တိုင်ကြားစာများကို လက်ခံလျက်ရှိပြီး ယင်း တိုင်ကြားစာများကို စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ညှိနှိုင်း ဖြေရှင်းပေးခြင်းများနှင့် သက်ဆိုင်ရာဌာနများသို့ ဖြေရှင်း ကုစားပေးရန် တိုက်တွန်းအကြံပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး စသည်တို့ ဖောက်ဖျက်ခံရသူများအနေဖြင့် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားရန် လိပ်စာ၊ တိုင်ကြားရမည့် နည်းလမ်းများ စသည် တို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မီဒီယာနည်းလမ်းများဖြင့် အသိပေးဆော်ဩလျက်ရှိသည်။
ကုလသမဂ္ဂလူ့အခွင့်အရေး အခြေခံစံနှုန်းများကို အချက် ၃၀ ပြဋ္ဌာန်းထားသော်လည်း လူ့အခွင့်အရေး၏ အခြေခံ အကျဆုံးအဓိပ္ပာယ်ကို ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း (Freedom from Fear) နှင့် တောင့်တခြင်းမှ ကင်းဝေးခြင်း (Freedom from Wants) ဟူ၍လည်း ဖွင့်ဆိုထားရာ ငြိမ်းချမ်းသာယာမှသာ လူ့အခွင့်အရေးတို့ ရှင်သန်နိုင်သည်ကို သတိမူကြရမည်ဖြစ်သည်။ နိုင်ငံအတွင်း နိုင်ငံသားတို့၏ မူလအခွင့်အရေး ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး စသည်တို့ ဖောက်ဖျက်ခံရခြင်းတို့ ကြုံတွေ့ခံစားရပါက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ စနစ်တကျတိုင်ကြားခြင်းဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းပေးထားသည့် ဥပဒေပါအခွင့်အရေးတို့ကို ရယူကြရ မည်ဖြစ်ပါကြောင်း။ ။