မီးခိုးမထွက်သောစက်ရုံများ လည်ပတ်

အယ်ဒီတာ့အာဘော်

=========

 

မီးခိုးမထွက်သောစက်ရုံများ လည်ပတ်

======================

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ကိုဗစ်-၁၉ သက်ရောက်မှုများ ကုစားရေးကို ထည့်သွင်းထား သော မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်ကို မကြာမီ ထုတ်ပြန်သွားဖို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးသို့ ဗီဒီယိုဖြင့် အမှာစကားပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း - MSDP (၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့ရာ ယင်းစီမံကိန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်မည့် နိုင်ငံတော်အစိုးရ၏ ပင်မစီမံချက်ဖြစ်သည်။ စီမံကိန်းတွင် ပြည်ထောင်စု ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ရေးမူဘောင်ကို ချမှတ်ပေးကာ ၂၀၁၈ ခုနှစ်မှ စတင်အကောင် အထည်ဖော်လျက်ရှိသည်။

MSDP ၏ အနှစ်ချုပ်သည် အလုပ်အကိုင်သစ်များ ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးမှု၏ ပင်မအင်ဂျင်မောင်းနှင်အားအဖြစ် အသိအမှတ်ပြုပြီး ဈေးကွက်အခြေခံဖြေရှင်းနည်းကို ဦးစားပေးထားသည်။ ရင်းနှီးမြှုပ်နှံသူများအတွက် လာမည့်ကာလများအတွင်း ထွက်ပေါ်လာဖွယ်ရှိ သော အခွင့်အလမ်းများနှင့် အစိုးရ၏ ဦးစားပေးအစီအစဉ်လမ်းညွှန်သဖွယ် အသုံးပြုနိုင်သည်။ စီမံကိန်းတွင် သဘာဝဘေးအန္တရာယ်များကြောင့် ကြုံတွေ့ လာမည့် စိန်ခေါ်မှုအတွက် ဖြေရှင်းဆောင်ရွက်ရေးတို့ကိုပါ ထည့်သွင်းရေးဆွဲ ထားသည်။

၂၀၁၉ နှစ်အကုန်တွင် ကမ္ဘာ့နိုင်ငံများ၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများ ကူးစက်ပျံ့နှံ့ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲပြဿနာကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုများကို ပြန်လည်ကုစားကြရမည့် မဟာဗျူဟာများရေးဆွဲခဲ့ရာ ရေးဆွဲထားသည့် စီမံကိန်းတွင် မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်များပါ ပါဝင်သဖြင့် အလား အလာကောင်းများ ရလာနိုင်သည်။

MSDP စီမံကိန်းတွင် ခရီးသွားလုပ်ငန်းကဏ္ဍ အစဉ်ချဲ့ထွင်မှုအောင်မြင် ရေး၊ ယဉ်ကျေးမှုနှင့်ဂေဟခရီးသွားလုပ်ငန်းတို့ကို အဓိကထား၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟုလျာထားခဲ့ပြီး ယခုအခါ ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီးဖြစ်သည်။ အဆိုပါ လမ်းပြမြေပုံတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် မဟာဗျူဟာ ရည်မှန်းချက်များ ထည့်သွင်းရေးဆွဲထားပြီး ကိုဗစ်-၁၉ ကာလတွင် မြန်မာ့ စီးပွားရေးလုပ်ငန်း ပြန်လည်ကုစားရေးအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဟု သိရသည်။

နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် လုပ်ငန်းနယ်ပယ်များ ကို ပြန်လည်ကုစားရာတွင် ခရီးသွားလုပ်ငန်းသည် အရေးကြီးပြီး အလွန်ကျယ်ပြန့်သည့်နယ်ပယ်ဖြစ်သည်။ အရင်းအနှီးနည်းပြီး အကျိုးရလဒ် အမြတ် များသည့် မီးခိုးမထွက်သောစက်ရုံများဟု တင်စားခေါ်ဆိုကြသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသောအခါ ခရီးသွားလုပ်ငန်းအပေါ် အပြင်းထန်ဆုံး ထိခိုက်မှုဖြစ်ခဲ့သည်။ မှီခိုနေသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ခဲ့ရသည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းမှတ်တမ်းအရ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်သည့် အလုပ်အကိုင် သန်း ၁၀၀ ခန့် ဆုံးရှုံးနေသည်ဟု သိရသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းကို နာလန်ထူအောင် ပြန်လည်ဆောင်ရွက် ခြင်းဖြင့် မြန်မာ့စီးပွားရေးဦးမော့လာအောင် မဟာဗျူဟာစီမံချက်များကို လက်တွေ့အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစည်းကမ်းများနှင့်အညီ ခရီးသွားလုပ်ငန်းများ ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကိုသာမက ကျန်းမာရေးနှင့်ညီညွတ်ရေးကိုပါ စနစ်တကျဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများအပေါ် ပြည်တွင်း၊ ပြည်ပခရီးသွားများက ယုံကြည်စိတ်ချ၊ လိုလားနှစ်သက် စွဲမက်မှုရှိစေရေးကို အခါအားလျော်စွာ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း၊ ထောက်ပံ့ကူညီခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ စိန်ခေါ်မှုများသော ကိုဗစ်-၁၉ ကာလတွင် အကျိုးအမြတ်များ သော ခရီးသွားလုပ်ငန်း မီးခိုးမထွက်သည့်စက်ရုံများ အောင်မြင်စွာပြန်လည် လည်ပတ်နိုင်အောင် ခရီးသွားလုပ်ငန်းပြန်လည်ထူထောင်ရေး မဟာဗျူဟာ လမ်းပြမြေပုံကို မြန်မာ့စီးပွားရေးလုပ်ငန်း ပြန်လည်ကုစားရေးအစီအစဉ်နှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ။