
ရန်ကုန် ဇန်နဝါရီ ၅
ONE Championship အဖွဲ့အစည်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE ON PRIME VIDEO 6 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်၏ ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။
အောင်လအန်ဆန်သည် ယခင်က တရုတ်နိုင်ငံသား ဖန်ရောင်နှင့် ထိုးသတ်ရမည်ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းကမှ ပြိုင်ဘက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ဘရာဇီးနိုင်ငံသား ဂယ်လီဘာတိုဂါဗယ်အိုနှင့် ထိုးသတ်ရမည်ဖြစ်သည်။
ONE Championship အဖွဲ့အစည်းသည် ONE ON PRIME VIDEO 6 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများကို ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့ပြီး တွဲဆိုင်း ကိုးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့်ထိုးသတ်မည့် ဂယ်လီဘာတိုဂါဗယ်အိုသည် အသက် ၄၀ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လက နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ပြီးနောက်ပိုင်း သုံးနှစ်ကျော်ကြာမှ ပြန်လည်ထိုးသတ်ခြင်းဖြစ်သည် ။
၎င်းသည် ပြိုင်ပွဲစုစုပေါင်း ၃၇ ပွဲ ထိုးသတ်ထားရာ ပွဲ ၃၀ နိုင်ပြီး ခုနစ်ပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်နှင့် ဂယ်လီဘာတိုဂါ ဗယ်အိုပွဲကို စိန်ခေါ်ပွဲအဖြစ်သာ ကျင်းပသွားမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေပြီး ပြိုင်ဘက်ပြောင်းလဲသွား သော်လည်း အနိုင်ရရန်အတွက်သာ ရည်မှန်းပြင်ဆင်နေခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် နံနက်ပိုင်း တွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်း အဖြစ် ကစ်ဘောင်ဆင် ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းနိုင်ငံသား ဆူပါဘွန်နှင့် အဇာဘိုင်ဂျန်/ဘီလာရုစ်နိုင်ငံသား အယ်လာဇော့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ- အောင်လအန်ဆန် Facebook