
ရန်ကုန် ဇန်နဝါရီ ၆
2022 AFF Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ပထမနေ့) ကို ဇန်နဝါရီ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ရှိ ဘန်ကာနိုကွင်း၌ ကျင်းပရာ အင်ဒိုနီးရှားအသင်းနှင့် ဗီယက်နမ်အသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။
ပထမအကျော့ သရေရလဒ်ကြောင့် ဗိုလ်လုပွဲတက်ရောက်ခွင့်ရရန် နှစ်သင်းစလုံး အခွင့်အရေးရှိနေဆဲဖြစ်ပြီး အိမ်ကွင်းကစားရမည့် ဗီယက်နမ်အသင်းက အခွင့်အရေးပိုသာနေသည်။ အင်ဒိုနီးရှား အသင်းသည် အိမ်ကွင်းပရိသတ် ရှေ့မှောက်တွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ အုပ်စုပွဲ များတွင် ရှုံးပွဲမရှိ ၊ ပေးဂိုးမရှိဘဲ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက် လာသည့် ဗီယက်နမ်အသင်းသည် အဝေးကွင်းတွင်လည်း ပေးဂိုးမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး သရေရလဒ် ရယူနိုင်ခဲ့သည်။
ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ဒုတိယအကျော့ ကို ဇန်နဝါရီ ၉ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ပထမအကျော့ (ဒုတိယနေ့) အဖြစ် ဇန်နဝါရီ ၇ ရက် (ယနေ့) ည ၇ နာရီတွင် မလေးရှားအသင်းနှင့် လက်ရှိချန်ပီယံ ထိုင်း အသင်းတို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ - AFF