ပြည်ထောင်စုချစ်ကြည်ရေးသို့

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ယနေ့မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံရေးရည်မှန်းချက် တစ်ခုမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင် ရန်ဟူ၍ ဖြစ်၏။

အမှန်တော့ ဖက်ဒရယ်ဟူသည့် အသုံးအနှုန်းကိုယ်နှိုက်က ခေတ်အကူးအပြောင်းတစ်ခုကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါ သည်။ ခေတ်အဆက်ဆက် နိုင်ငံကိုအုပ်စိုးခဲ့သော အာဏာရှင်တို့ လက်ထက်တွင် ဖက်ဒရယ်ဆိုသည်ကို စကားလုံးအနေဖြင့်ပင် ဖွင့်ဟပြောဆိုခွင့်မရှိဟုဆိုလျှင် လွန်ရာကျမည် မထင်ပါ။ ခေတ် အဆက်ဆက် အာဏာရှင်အစိုးရတို့သည် ‘ဖက်ဒရယ်’ ဆိုသည်မှာ အစိုးရဆန့်ကျင်ရေးစကားလုံးဟု သတ်မှတ်ထားပုံရပါသည်။

ယနေ့ ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးစု အားလုံးသည် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ကြရန် ဆွေးနွေး နေကြသည်။ ယေဘုယျအားဖြင့်ဆိုလျှင် ပြည်သူလူထုအများစု သည် ပြည်ထောင်စုစနစ်ကို ထူထောင်လိုကြသည်။ မည်သို့ ထူထောင်ကြမည်နည်း။

လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးတိုက်ပွဲဝင်ခဲ့သည့် ကာလ တွင် တိုင်းရင်းသားများ၊ တောင်တန်းဒေသသားများအကြား စုစည်း ချစ်ကြည်ညီညွတ်မှုကို ဖော်ပြရန်လိုအပ်လာသည့်အခါ အမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ဆန်းနှင့်အတူ တိုင်းရင်းသား ခေါင်းဆောင်များ စိတ်တူသဘောတူ လက်မှတ်ရေးထိုးခဲ့ကြ၏။ လွန်ခဲ့သော ၇၄ နှစ်၊ ၁၂ ဖေဖော်ဝါရီ ၁၉၄၇ နေ့တွင် ပြည်ထောင်စု ညီညွတ်ရေးကို ဖော်ပြခဲ့သည့် ပင်လုံစာချုပ်အဖြစ် မော်ကွန်းတင် နိုင်ခဲ့ပေသည်။

ထိုစဉ်ကာလက နိုင်ငံရေးရင့်ကျက်သော၊ ရေရှည် နိုင်ငံ့အကျိုး ပြည်ထောင်စုသားအားလုံးတို့၏အကျိုးကို တွက်ဆမြော်မြင်နိုင် သော နိုင်ငံရေးခေါင်းဆောင်တို့သည် စည်းလုံးညီညွတ်မှု၏ အရေး ကြီးပုံကို အလေးအနက်ထား နားလည်ခဲ့ကြသည်။

ယနေ့ ကိုယ့်အချုပ်အခြာအာဏာဖြင့် ကိုယ်ရပ်တည်နေနိုင် သည့် လွတ်လပ်သော မြန်မာနိုင်ငံဟူသည်က မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုသား တိုင်းရင်းသား ပြည်သူလူထု၏ ညီညွတ်မှု ကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ညီညွတ်ရေး အက်ကြောင်းငယ်တို့ လွတ်လပ်ရေးနှင့်အတူ ပေါ်လာသည့်အခါ မြန်မာနိုင်ငံသူ နိုင်ငံသား တို့သည် ပြည်တွင်းစစ်ဆိုသည်နှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့ သည်။

ထိုမှစကာ နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ပြဿနာ အရပ်ရပ်ကို စစ်ရေးနည်းဖြင့်သာ ဖြေရှင်းကြရန် ကြိုးပမ်းခဲ့ ကြရင်း မြန်မာနိုင်ငံသည် ညီညွတ်ရေးပြိုကွဲမှုကို တစ်စစဖြင့် ကြုံလာခဲ့ရသည်။

ယခုအခါ နိုင်ငံရေးပြဿနာတို့ကို စစ်ရေးနည်းဖြင့် ဖြေရှင်း နေကြခြင်းကို အဆုံးသတ်ကာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြရန် အားလုံးဆွေးနွေး တိုင်ပင်နေကြပြီဖြစ်သည်။ အခြေခံအားဖြင့် လွန်ခဲ့သော ၇၄ နှစ်ခန့်ကာလက ပင်လုံစိတ်ဓာတ်ကို ယနေ့ ပြန်လည်မွေးမြူကြရန်လိုမည်ဟု ယူဆပါသည်။

နိုင်ငံတကာအလယ်တွင် အတော်ပင် အောက်ကျနေရသော အခြေအနေမှ လွတ်မြောက်ကျော်လွန်နိုင်ရန် ယခုလို အားလုံး အားထုတ်နေကြချိန်တွင် ပြည်ထောင်စုညီညွတ်ရေးက ထိပ်တန်း အရေးကြီးသည့် ရည်မှန်းချက်ဖြစ်ပါသည်။

လူတို့၏ သဘာ၀အရ သဘောထားကွဲလွဲမှု၊ ငြင်းခုန်ရမှု ဟူသည် ရှိမြဲဖြစ်သော်လည်း တိုင်းရင်းသားပြည်ထောင်စုသားတို့ အကြားတွင် ရှိနေရမည့် ယဉ်ကျေးသော စိတ်စေတနာမှန်က အရေးကြီးပါလိမ့်မည်။

အင်အားကြီးသည် ငယ်သည်မဟူ၊ လူမျိုးကြီးငယ်သည်ဟု မရှိဘဲ၊ လူအချင်းချင်း လေးလေးစားစား သဘောထားခြင်း၊ ယဉ်ကျေးသောစိတ်ဖြင့် စိတ်စေတနာမှန်ကန်ခြင်း၊ ရေရှည်အကျိုး စီးပွားကို ရှုမြင်ခြင်း၊ အာဃာတကင်းခြင်း၊ သိမ်မွေ့သောနှလုံးဖြင့် ပြေလည်ရေးကို ဘက်အားလုံးက ဦးတည်ကြခြင်းဖြင့် ညီညွတ်ရေး စိတ်ဓာတ်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ပြုအပ် ပါသတည်း။ ။