လူထုလှုပ်ရှား စိန်ခေါ်မှုများကျော်လွှား

အယ်ဒီတာ့အာဘော်

==========

 

လူထုလှုပ်ရှား စိန်ခေါ်မှုများကျော်လွှား

===================

 

မြန်မာနိုင်ငံသမိုင်းကြောင်းတွင် လူထုတစ်ရပ်လုံး တညီတညွတ်တည်း လှုပ်ရှားခဲ့ကြသည့် အောင်မြင်မှုသမိုင်းမှတ်တိုင်များကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးအရေး၊ တိုင်းပြည်နှင့် လူမျိုးအရေးကို ရှေးရှုသည့် အမျိုးသားလှုပ်ရှားမှုများတွင် အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါသည်။ မျက်မှောက်ကာလ နိုင်ငံတော်ကို အသွင်ကူးပြောင်းတည်ဆောက်ရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျော်ဖြတ်နေကြပါသည်။

 

ယနေ့အချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ပထမဦးစားပေး အရေး ကြီးသည့်စိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါအရေးဖြစ်သည်။ တစ်ကမ္ဘာ လုံးရှိ နိုင်ငံအများတွင် ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားနိုင်ရန်၊ ဟန့်တား နိုင်ရန်၊ ရပ်တန့်နိုင်ရန် အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းအားထုတ်နေသည်။ မြန်မာ နိုင်ငံအနေဖြင့် ပြည်သူလူထု၏ ညီညွတ်သောအားဖြင့် ကိုဗစ်-၁၉ ပထမလှိုင်း စိန်ခေါ်မှုကို ကျော်လွှားနိုင်ခဲ့ပြီး ဒုတိယလှိုင်းကိုလည်း ကျော်ဖြတ်နိုင်မည့် အလားအလာကောင်းများ ရှိနေသည်။

 

အဓိကမှာ ပြည်သူလူထုညီညွတ်ရေးကို ဆောင်ကြဉ်းပေးနိုင်သည့်၊ ပြည်သူလူထု အသိတရားဖြင့် နားလည်မှုရှိစွာ ပါဝင်လာနိုင်သည့် လူထု လှုပ်ရှားမှုများဆောင်ရွက်ခြင်းဖြင့် အကျိုးရလဒ်ကောင်းများ ဖြစ်ပေါ်နိုင် ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်မှာ တစ်နှစ် ပတ်လည်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ယခုအခါ ကူးစက်မှုနှုန်းများ တဖြည်းဖြည်းကျဆင်းလာပြီး ထိုသို့ကျဆင်းလာသည်မှာလည်း ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို အသိတရားရှိရှိ လိုက်နာလာမှု၊ မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးတွင် ပါဝင် လာမှုတို့ကြောင့်ဖြစ်သည်။

ယခုအခါ နိုင်ငံတစ်ဝန်းတွင် ပြည်သူလူထုအများစုမှာ နှာခေါင်းစည်း များကို အလေ့အထသဖွယ် တပ်ဆင်လာကြပြီ ဖြစ်သည်။ အချို့မှာ အလေး မထား သတိမမူဘဲ နှာခေါင်းစည်းကို တစ်ဝက်တစ်ပျက် တပ်ဆင်ခြင်း၊ လုံးဝ မတပ်ဆင်ခြင်းတို့ ရှိနေသေးသည်။ ထိုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် လူထုလှုပ်ရှားမှု များဖြင့် ထိရောက်စွာဆောင်ရွက်နေသည်ကို နေ့စဉ်တွေ့မြင်နေရသည်။ ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာ မဖြစ်မနေတပ်ဆင်ရေး အသိပေး ခြင်း၊ စည်းရုံးခြင်း၊ နှိုးဆော်ခြင်း၊ အခမဲ့ပေးဝေတပ်ဆင်စေခြင်းနှင့် အသိ ပညာပေးခြင်းတို့ကို လက်ကမ်းစာစောင်များ၊ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးလျက်ရှိသည်။

 

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များနှင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှု ဖြင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသည် လူမှုရေးအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုကို ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကတည်းက တောက်လျှောက်လှုပ်ရှားနိုင်ခဲ့ပါသည်။ အကျိုးဆက်မှာ ရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် တစ်နှစ်ကြာရှိခဲ့ပြီး နောက် ဆက်လက်ရှိနေမည့်အပြင် အသွင်ပြောင်းကူးစက်မှု အလွန်လျင်မြန် သည့် ဗိုင်းရပ်စ်ပိုးသစ်များပင် ပေါ်ထွက်နေပြီ ဖြစ်သည်။ အသွင်ပြောင်း ဗိုင်းရပ်စ်မျိုးသစ် ဗြိတိန်တွင်တွေ့ခဲ့ပြီးနောက် တောင်အာဖရိကတွင် မျိုးသစ်ထပ်မံတွေ့ရှိသည်။ ယခုအခါ ဂျပန်နိုင်ငံတွင်လည်း မတူကွဲပြားသည့် မျိုးသစ်ထပ်မံတွေ့ရှိနေသဖြင့် ကိုဗစ်-၁၉ ရောဂါကို အစဉ်အမြဲကာကွယ် ထားနိုင်ရန်- (၁) တတ်နိုင်သမျှ နေအိမ်တွင်သာနေထိုင်ပါ၊ လူစုလူဝေးရှိရာ လုံးဝ(လုံးဝ) မသွားသင့်ပါ။ (၂) ပြင်ပသို့ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ပါ။ (၃) အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် ပါ။ ခပ်ဝေးဝေး နေထိုင်ပြောဆိုရန်။ (၄) လက်ကို ရေနှင့် ဆပ်ပြာသုံး၍

စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောရန် သို့မဟုတ် လက်သန့်ဆေးရည်နှင့် ဆေးကြောရန် အချက်လေးချက်ကို လိုက်နာဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ ပြည်သူလူထု အားလုံး၏ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန် အခြေအနေအတိုင်း လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း လှုပ်ရှားဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။