
ဆောင်းပါး
======
မိမိကုန်စည်များကို ကိုယ်ပိုင်အမှတ်တံဆိပ်မှတ်ပုံတင်၍ စျေးကွက်တင်ပို့ကြပါစို့
===============================================
နိုင်ဦး(DOCA)
တစ်နေ့က ရုံးပိတ်ရက်တွင် နေပြည်တော်မြို့မစျေးသို့ အိမ်အတွက်လိုအပ်သည်များ သွားဝယ်ဖြစ်သည်။ စျေးထဲ ရောက်လျှင် ပစ္စည်းမျိုးစုံရောင်းနေသည်ကို တွေ့ရသည်။ ဆန်အမျိုးအစားများတူပါလျက် တံဆိပ်မျိုးစုံကွာခြား နေသည်။ ရွှေဘိုပေါ်ဆန်းမွှေး၊ ဖျာပုံပေါ်ဆန်းမွှေးစသဖြင့် အခြားလူသုံး၊ အိမ်သုံးပစ္စည်းများမှာလည်း အလားတူ တွေ့နေရသည်။ စားသုံးဆီ၊ အချိုရည်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စုံလို့ပါပဲ။ အဘယ်ကြောင့် ကုန်စည်အမျိုးအစားတူပါလျက် တံဆိပ်အမျိုးမျိုး ကွာခြား နေရပါသလဲ။ စျေးနှုန်းများ အဘယ်ကြောင့် မတူရလဲ စဉ်းစားမိသည်။ ပြည်ပက တင်သွင်းရောင်းချနေသည့် ပစ္စည်းများနှင့် ပတ်သက်ပြီးတော့လည်း ဖုန်းအမျိုး အစားတူပါလျက် တံဆိပ်အမျိုးမျိုးဖြစ်နေသည်များ၊ အဲကွန်း၊ ရေခဲသေတ္တာစသည်များမှာလည်း အမှတ်တံဆိပ် အမျိုးမျိုးဖြစ်နေသည်များ၊ စျေးနှုန်းမတူသည်များမှာ အဆိုပါကုန်စည်အသီးသီးတွင် ပါဝင်သောနည်းပညာ၊ တီထွင်ကြံဆလုပ်ဆောင်ထားသော အချက်များကြောင့် ဟု ထင်သည်။ ပစ္စည်းအမျိုးအစားတူပါလျက် စားသုံးသူတို့ ယုံကြည်စိတ်ချရမှုရှိသည့် ကုန်အမှတ်တံဆိပ်နှင့် ပစ္စည်းများ ပိုမိုရောင်းကောင်းနေသည်ကိုကြည့်ရင်း ကုန်အမှတ် တံဆိပ်၏အရေးပါပုံကို မျက်ဝါးထင်ထင် လက်တွေ့မြင်တွေ့ ရ၍ စိတ်ဝင်စားမိသည်။ ထို့ကြောင့် လေ့လာဖြစ်သည်။
ကုန်အမှတ်တံဆိပ်
ကုန်အမှတ်တံဆိပ်ဆိုသည်မှာ တစ်ဦးတစ်ယောက် သောသူ၏ ထုတ်လုပ်သောကုန်စည်ဖြစ်ကြောင်း၊ အရောင်းအဝယ်ပြုသောကုန်စည်ဖြစ်ကြောင်း၊ ဖော်ပြရန် အသုံးပြုသော အမှတ်အသားကိုခေါ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ဆိုလိုသည်မှာ အသုံးပြုသော အမှတ် တံဆိပ်ပိုင်ရှင်တစ်ဦး၏ ထုတ်ကုန်ပစ္စည်းများကို အခြား ထုတ်ကုန်ပစ္စည်းများနှင့် ကွဲပြားခြားနားမှုရှိစေရေး အတွက် ဆောင်ရွက်ထားခြင်းပင် ဖြစ်သည်။
ကုန်အမှတ်အသားတံဆိပ်တစ်ခုသည် ရွှေစင်၊ ငွေသားများကဲ့သို့ တန်ဖိုးရှိသည်။ နာမည်ကြီးကျော်ကြား လျှင် ကျော်ကြားသလောက် တန်ဖိုးကြီးမားသည်။ လွှဲပြောင်းပိုင်ခွင့်၊ ပေါင်နှံပိုင်ခွင့်၊ အပြီးရောင်းချပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်ရှိသဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ အစားအသောက်လုပ်ငန်းများ၊ စက်မှုလုပ်ငန်း များ၊ အီလက်ထရွန်နစ်လုပ်ငန်းများအတွက် လည်းကောင်း အရေးပါသည့်အမှတ်အသားတစ်ခုဖြစ်သည်။ မိမိတီထွင် ထားသည့်အမှတ်အသားဖြင့် ကုန်စည်များထုတ်လုပ် ရောင်းချရာမှ ကုန်စည်များ အရည်အသွေးကောင်းမွန် သဖြင့် စားသုံးသူများအကြိုက်တွေ့၍ အောင်မြင်သော လုပ်ငန်းဖြစ်လာမှ အဆိုပါကုန်စည်အမှတ်အသား၊ တစ်နည်းအားဖြင့် ကုန်အမှတ်တံဆိပ်ကို ဆင်တူယိုးမှား ဖြစ်စေ၊ တုပပြုလုပ်၍ တူသောပစ္စည်းအမျိုးအစားကို စျေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချခြင်းသည် စီးပွားရေး ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိသလို မတရားသောယှဉ်ပြိုင်မှု ဖြစ်ပေသည်။ မိမိအမှတ်တံဆိပ်နှင့် ကုန်စည်မူလပိုင်ရှင် သည် မိမိလုပ်ငန်းအောင်မြင်ရန် အချိန်များ၊ ငွေကြေး အရင်းအနှီးများ၊ ကာယဉာဏစွမ်းအားများ အများကြီးရင်းနှီးမြှုပ်နှံထားရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် လက်ခံကျင့်သုံးလျက် ရှိသော ကုန်အမှတ်အသားတံဆိပ် ပိုင်ဆိုင်ခွင့်ဆိုင်ရာ နည်းလမ်းများကို ခြုံ၍လေ့လာပါက နည်းလမ်းသုံးခု ရှိကြောင်း တွေ့ရှိရသည်။ ပထမနည်းလမ်းမှာ အမေရိကန်ပြည်ထောင်စုတွင် လက်ခံကျင့်သုံးလျက် ရှိသော ကုန်အမှတ်တံဆိပ်တစ်ခုကို မှတ်ပုံတင်ရန်မလိုဘဲ အမှန်တကယ်သုံးစွဲနေခြင်းဖြင့် ပိုင်ဆိုင်ခွင့် ရရှိစေသော နည်းလမ်း ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ သြစတြေးလျ နိုင်ငံတွင် လက်ခံကျင့်သုံးလျက်ရှိသော ကုန်အမှတ် တံဆိပ်ကို လက်ရှိသုံးစွဲခြင်းဖြင့်ဖြစ်စေ၊ မှတ်ပုံတင် ထားခြင်းဖြင့်ဖြစ်စေ ပိုင်ဆိုင်ခွင့်ရရှိစေခြင်း ဖြစ်သည်။ တတိယနည်းလမ်းမှာ နိုင်ငံအများစု လက်ခံကျင့်သုံးလျက် ရှိသော သက်ဆိုင်ရာဌာနတွင် မှတ်ပုံတင်၍ ဆောင်ရွက် မှ သာ ပိုင်ဆိုင်ခွင့်ရရှိစေသော နည်းလမ်းများဖြစ်ကြောင်း တွေ့ရှိရသည်။
၁၆ ရာစုကပင် ပေါ်ပေါက်ခဲ့
ကုန်အမှတ်တံဆိပ်အကြောင်း စိတ်ဝင်စား၍ လေ့လာကြည့်မိရာ ယခုမှပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ၁၆ ရာစုကပင် ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။ ထိုခေတ် က တစ်ဦးတစ်ယောက်ပိုင် ကုန်အမှတ်တံဆိပ် တစ်ခုကို အခြားတစ်ဦးက အသုံးပြုခြင်း၊ ဆင်တူယိုးမှား ပြုလုပ်အသုံးပြုခြင်း၊ တုပအသုံးပြုခြင်းများကို သေဒဏ် ပြစ်ဒဏ်ပေးခြင်း အပါအဝင် ကြီးလေးသည့်ပြစ်ဒဏ်များကို ချမှတ်ခဲ့ပေသည်။ ထို့နောက် ကုန်စည်ကူးသန်း ရောင်းဝယ် ကြသော နိုင်ငံအချို့သည် ကုန်အမှတ်တံဆိပ်များကို အကာအကွယ်ပေးရန် ရှင်းလင်းပြည့်စုံ တိကျသည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့ကြသည်။ လိုက်နာကျင့်သုံး စေခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ပြင်သစ်၊ ၁၈၆၂ ခုနှစ်တွင် အင်္ဂလန်၊ ၁၈၇၀ ပြည့်နှစ်တွင် အမေရိကန်၊ ၁၈၇၄ ခုနှစ်တွင် ဂျာမနီနိုင်ငံတို့၌ ကုန်အမှတ် တံဆိပ်ကာကွယ်ရေးအတွက် ဆောင်ရွက်ရာမှ တစ်နိုင်ငံချင်း ကာကွယ်သည်ထက် အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရေးကို ပူးပေါင်း ဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဟု ယူဆလာကြသည်။ ကုန်စည်များသည် တစ်ကမ္ဘာလုံးသို့ ရောက်ရှိနိုင်၍ ဖြစ်သည်။ ထိုနိုင်ငံများ၏ ကြိုးစားဆောင်ရွက်မှုကြောင့် ၁၈၈၃ ခုနှစ်တွင် ပဲရစ်ကွန်ဗင်းရှင်းဟူ၍ ပေါ်ပေါက်လာပြီး ကုန်အမှတ်တံဆိပ်အပါအဝင် စက်မှုဆိုင်ရာ၊ အသိဉာဏ် ပစ္စည်းများကို နိုင်ငံတကာတွင် အကာအကွယ်ပေးခဲ့ ကြသည်။ လက်ရှိတွင် ယင်းကွန်ဗင်းရှင်း၌ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၀ ကျော်ရှိပြီဟု သိရှိရသည်။ ကွန်ဗင်းရှင်းတွင် အခြေခံကျသော ပြဋ္ဌာန်းချက် သုံးရပ် ရှိသည်။ ပထမပြဋ္ဌာန်းချက်မှာ စာချုပ်ဝင်နိုင်ငံတိုင်း မိမိနိုင်ငံ သားများအား ပေးအပ်သည့်အကာအကွယ်ကို ကျန်စာချုပ်ဝင် နိုင်ငံများ၏ နိုင်ငံသားများကိုလည်း ပေးအပ်ရမည်ဖြစ်ပြီး ဒုတိယပြဋ္ဌာန်းချက်မှာ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၌ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ပြီးနောက် အခြားစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ၌ ထပ်မံမှတ်ပုံတင်ပါက ပထမနိုင်ငံ၌ မှတ်ပုံ တင်သည့်ရက်စွဲကိုပင် ဒုတိယနိုင်ငံ၌ လျှောက်လွှာတင်သည့် ရက်စွဲအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ တတိယ ပြဋ္ဌာန်း ချက်များမှာ စာချုပ်ဝင်နိုင်ငံအသီးသီးက လိုက်နာကျင့်သုံး ဆောင်ရွက်ရမည့်နည်းလမ်းများကို ကျန်စာချုပ်ဝင်နိုင်ငံ များက လိုက်နာရမည်ဟု ဖော်ပြထားသည်။
မူပိုင်ခွင့်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်
ထို့နောက် ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတကာသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် စာချုပ်များချုပ်ဆိုခြင်း၊ ကုန်အမှတ် တံဆိပ် အသိအမှတ်ပြုအဖွဲ့များ ထူထောင်ခြင်း၊ အားနည်း ချက်များကို ပြုပြင် ပြင်ဆင်ခြင်း၊ ကုန်အမှတ်တံဆိပ်ဆိုင်ရာ တရားရုံးများထူထောင်ခြင်းများ ဆောင်ရွက်လာကြသည်။ သတိထားရာမှ အလေးအနက်ထားဆောင်ရွက်သည့်အဆင့် သို့ ရောက်ရှိလာပြီ ဖြစ်သည်။ လုပ်ငန်းရှင်များကလည်း အမှတ်တံဆိပ်တစ်ခု၏တန်ဖိုးကို သိရှိလာကြသည်။ ပိုင်ဆိုင်မှုခိုင်မာမှုရှိစေရေးအတွက် အမှတ်တံဆိပ်များကို မူပိုင်ခွင့်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံတွင်မူ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ တစ်နည်း အားဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေ ပြဋ္ဌာန်းချက်မရှိခဲ့သောကြောင့် ပတ်သက်ဆက်နွှယ်သော ရာဇသတ်ကြီးဥပဒေ၊ အထူးသက်သာခွင့်ဥပဒေ၊ ပင်လယ် ရေကြောင်း အကောက်ခွန်ဥပဒေ၊ မြန်မာကုန်အမှတ်အသား များအက်ဥပဒေ၊ မှတ်ပုံတင်အက်ဥပဒေ၊ ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအက်ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေများကိုသာ အထောက်အထားပြု၍ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအောက်ရှိ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင်သာ ပြည်တွင်း/ ပြည်ပ ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်ခဲ့ရပေသည်။ လျှောက်ထားရာတွင်လည်း မိမိကိုယ်တိုင်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသော ကုန်အမှတ်တံဆိပ်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်တီထွင်ထားသော အမှတ်တံဆိပ်ဖြစ်ကြောင်း၊ အခြားအမှတ်တံဆိပ်များကို တုပကူးယူထားခြင်း မရှိကြောင်း၊ မိမိမှတ်ပုံတင်သည့် အမှတ်တံဆိပ်ကို အခြားကုန်ပစ္စည်းများ၌ ထုတ်လုပ်ရောင်းချသည်ကို မတွေ့၊ မမြင်၊ မကြားရကြောင်း ဝန်ခံချက်ပြုလုပ် ရောင်းချရကြောင်း သိရှိရသည်။ ထို့အပြင် လူ့ကျင့်ဝတ် သိက္ခာအရ၊ ဥပဒေအရ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာ စသည့်ယုံကြည်မှုကို အငြင်းပွား စေသည်ဟု ယူဆချက်အရ၊ ငွေစက္ကူအရောင်အသွေးကို တုပထားမှုအရ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို သုံးစွဲထားမှု အရ လျှောက်ထားလာသော ကုန်အမှတ်တံဆိပ်ကို ငြင်းပယ်နိုင်ကြောင်း သိရှိရသည်။ ဖော်ပြချက်များအရ ယေဘုယျသဘောသက်ဝင်လျက်ရှိသဖြင့် အငြင်းပွားမှု များကို ဖြေရှင်းရာတွင် အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ကုန်အမှတ်တံဆိပ် ဆိုင်ရာ သတ်မှတ်ချက်အချို့နှင့် ပဋိပက္ခဖြစ်ပေါ်နေ၍ လုပ်ငန်းရှင်များ၏ အမှတ်တံဆိပ်များကို အကာအကွယ် ပေးရန် အားနည်းချက်အချို့ ဖြစ်ပေါ်ခဲ့ရသည်။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ
အဆိုပါအချက်များကြောင့် ကုန်အမှတ်တံဆိပ်ကို အကာအကွယ်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရှိသူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်၊ အမှတ်တံဆိပ် တုပမှုနှင့် ကုန်ပစ္စည်းအတုများ စျေးကွက်သို့ ဝင်ရောက် လာမှုကို ဟန့်တားနိုင်ခြင်းအားဖြင့် မျှတသော စျေးကွက် ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်ရန်နှင့် အများပြည်သူ အတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ရန်၊ ဒေသဆိုင်ရာအညွှန်းကို အကာအကွယ် ပေးခြင်းဖြင့် နိုင်ငံတော်မှထွက်ရှိသော ဒေသထွက်ကုန်များ၏ အရည်အသွေးများကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်ခြင်းအားဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများကို အခြေခံ၍ ယခင်သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ယခု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင် ပညာရှင်များက နှစ်များစွာအချိန်ရယူပြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ချိန်ထိုး ကာ မနားမနေကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃) ဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတွင် ရှင်းလင်းလွယ်ကူပြည့်စုံသည့် အဓိပ္ပာယ်သတ်မှတ်ချက်များ၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၊ အေဂျင်စီများ၊ မှတ်ပုံတင် အရာရှိနှင့် စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်း၊ ဖွဲ့စည်း ခြင်းများနှင့် တာဝန်သတ်မှတ်ချက်များ တိကျသေချာသော အချက်အလက်များကို အခြေခံကာ နိုင်ငံတကာအမှတ် တံဆိပ်စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ပြဋ္ဌာန်းနိုင်ခဲ့သဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ရရှိသူလုပ်ငန်းရှင်များအတွက် ဝမ်းသာကျေနပ်စရာပင်။ ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင် ကာ ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက် အထိ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ရင်ကော့လက်မထောင်ပြီး ထိုးဖောက်ရောင်းဝယ် ကုန်သွယ်မှုပြုနိုင်တော့မည် ဖြစ်သည်။
လက်ရှိပြဋ္ဌာန်းကျင့်သုံးလျက်ရှိသော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ ရှုပ်ထွေးပြီး အဆင့်များမှုကင်း၍ လျင်မြန် ယုံကြည်စိတ်ချရမှုသို့ ဦးတည်ထားသည်ကို တွေ့ရှိရသည်။ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားသူသည် သတ်မှတ် အချက်အလက်များပူးတွဲ၍ မြန်မာဘာသာဖြင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည်။ မှတ်ပုံတင်အရာရှိက သတ်မှတ် အချက်အလက်များနှင့် စိစစ်၍ စစ်ဆေးရေးအရာရှိထံ ပေးပို့မည်။ စစ်ဆေးရေးအရာရှိက စစ်ဆေး၍ ကန့်ကွက် ခြင်း၊ အတည်ပြုခြင်းကို သဘောထားမှတ်ချက်နှင့်တကွ မှတ်ပုံတင်အရာရှိထံ ပြန်လည်တင်ပြမည်။ မှတ်ပုံတင် အရာရှိက ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူထံထုတ်ပေးမည်။ ကန့်ကွက်ငြင်းပယ်ခံ ရသော လျှောက်ထားသူထံသို့လည်း ထုတ်ပြန်ကြေညာ ပေးမည် ဖြစ်သည်။
ကာကွယ်တားဆီးပိုင်ခွင့်
သို့သော် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထား သူသည် မိမိလျှောက်ထားသည့် ကုန်အမှတ်တံဆိပ်သည် သိသာထင်ရှားမှုမရှိခြင်း၊ ဥပဒေပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ အေးချမ်းတည်ငြိမ်မှု၊ ကိုယ်ကျင့် သိက္ခာ၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံတော်ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိပါးစေခြင်း၊ ယေဘုယျ အသုံးအနှုန်းဖြစ်ခြင်း၊ လိမ်လည်လှည့်ဖြားထင်ယောင် ထင်မှားဖြစ်စေခြင်း၊ နိုင်ငံတစ်နိုင်ငံ၏အလံ၊ တံဆိပ်၊ သင်္ကေတ၊ အဖွဲ့အစည်းများ၏ အတိုကောက်များကို အသုံးပြုခြင်း စသည့်အချက်များနှင့် ငြိစွန်းမှုမရှိစေရန် သတိ ထားသင့်ပါသည်။ သို့မှသာ ဥပဒေမှပေးသောအခွင့်အရေး များဖြစ်သည့် မိမိအမှတ်တံဆိပ်ကို အခြားသူများက ဆင်တူ ယိုးမှားတုပအသုံးပြုမှုကို ကာကွယ်တားဆီးပိုင်ခွင့်ရှိသည်။ တရားစွဲဆိုခွင့်ရှိသည်။ အခြားသူတစ်ဦးဦးသို့ လွှဲပြောင်း ပေးခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်းများ ပြုနိုင်သည်။ ဤအခွင့် အရေးများကို သတ်မှတ်ချက်များနှင့်အညီ မိမိ၏ကုန်အမှတ် တံဆိပ်အား မှတ်ပုံတင်ထားမှသာ ရရှိနိုင်မည် ဖြစ်သည်။
ပြဋ္ဌာန်းထားသော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေး သည့် နိုင်ငံတော်ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ်၊ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး အဖြစ်ပါဝင်သော မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို ဖွဲ့စည်းထားသည်။ မူဝါဒများချမှတ်ခြင်း၊ ကြီးကြပ် လမ်းညွှန်ခြင်း၊ မူပိုင်ခွင့်စနစ်ကို အားပေးမြှင့်တင်ခြင်း၊ လူသားအရင်းအမြစ်များ အားပေးပြုစုပျိုးထောင်ခြင်း၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ခြင်း၊ နည်းပညာနှင့် အခြားအထောက်အပံ့များ ရရှိရေးကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် မှတ်ပုံတင် အရာရှိ၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားသူက စိတ်ကျေနပ်မှုမရှိလျှင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီက ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီထံ ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်နိုင်သည်။ အေဂျင်စီက မှတ်ပုံတင်အရာရှိ၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း ပြုလုပ်နိုင်သည်။ အေဂျင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ် ပါက ရက်ပေါင်း ၉၀ အတွင်း မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားရမည်။ တရားရုံးက အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းပြုနိုင်သည့်အပြင် အမှတ်တံဆိပ်ဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အပြစ်ပေးအရေးယူခြင်း ထက် နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုမရှိစေရန် ဦးတည် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များသည် ကိုယ်ပိုင်အမှတ် တံဆိပ်ဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာစျေးကွက်သို့ ဖြန့်ဖြူး ရောင်းချမည့် ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များနှင့်အညီ ပြဋ္ဌာန်း ထားသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ရှိနေပါပြီ။ လာရောက်မှတ်ပုံတင်ခြင်းဖြင့် ဥပဒေမှပေးအပ်မည့် အကာအကွယ်၊ ရရှိမည့် မိမိကုန်အမှတ်တံဆိပ်များကို အခြားသူများက တုပအသုံးပြုမှုအား တားဆီးပိုင်ခွင့်၊ တရား စွဲဆိုပိုင်ခွင့်၊ အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ပေးခြင်း စသည့်အခွင့်အရေးများကို ရယူကာ မိမိလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ စျေးကွက်သို့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထိုးဖောက်နိုင်ရေး၊ အလုပ်အကိုင်များဖန်တီးပေးနိုင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်များဖန်တီးပေးနိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြုနိုင်ရေးအတွက် ဆောင်ရွက်ကြရန် စေတနာထားတိုက်တွန်းအပ်ပါသည်။ ။
- Log in to post comments