အယ်ဒီတာ့အာဘော်
===========
မွန်မြတ်သည့်စိတ်ထားခံယူချက်ဖြင့်သာ
======================
“မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့မျိုးဆက် သစ်များအတွက် မေတ္တာနှင့် ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ်သောစိတ်ဓာတ်၊ ထားအပ်သည့် ခံယူချက်၊ မြင့်မြတ်သောတာဝန်များဖြစ်သည်ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ ပိုမိုတိုးတက်၊ ပိုမိုကောင်းမွန်သောနှစ်သစ်ကို လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန်လည်း အလေးအနက်ဖိတ်ခေါ်လိုပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြထားသည်။
ယင်းသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ပြည်ထောင်စုသားအားလုံး ခံယူရမည့် သဘောတရားဖြစ်သည်။ ယင်းသည် တိုင်းရင်းသားလူမျိုးအသီးသီး မိမိတို့ ပြည်နယ်အတွက်၊ မိမိတို့ မျိုးဆက်သစ်များအတွက် ခံယူရမည့်၊ ထားရှိရမည့် တူညီသောစိတ်ထားဖြစ်သည်။ ပြည်ထောင်စုကြီးအတွက် ဤတူညီသော သဘောတရားနှင့်ခံယူချက်များဖြင့် လုပ်ဆောင်ကြမည်ဆိုပါက မိမိတို့ပြည်နယ်၊ မိမိတို့လူမျိုးအတွက်သာမက ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်ပါ အေးချမ်း သာယာဖွံ့ဖြိုးဝေဆာအလှတိုးမည်ဖြစ်သည်။
အဓိကမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ကိုယ်စားပြုဦးဆောင်နေ သော ခေါင်းဆောင်များက ဤမွန်မြတ်သည့်စိတ်ထားများဖြင့် အကောင်အထည် ဖော်သွားကြရေးသာဖြစ်သည်။ ထိုသို့ဖော်ဆောင်ကြပါက ဖြစ်ပေါ်လာမည့် အခြေအနေအား ကရင်ပြည်နယ်ကို နမူနာထား၍ ဖော်ညွှန်းထားသည့် မေးခွန်းအဖြေနှင့်အညီ မျှော်မှန်းနိုင်ကြမည်ဖြစ်သည်။ နောင်လာမည့် ၁၀ နှစ်၊ ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့ကရင်ပြည်နယ်ကြီးကို မည်သည့်အနေ အထားမျိုး၊ မည်သည့်အဆင့်အတန်းမျိုး ဖြစ်နေသည်ကို မြင်ချင်ပါသနည်း။ အဆိုပါမေးခွန်းကို လက်ရှိကရင်ပြည်နယ်ရှိ တာဝန်ရှိသူများ၊ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စိတ်ပိုင်းဖြတ်ချက်တို့က အဖြေပေးသွားမည်ဖြစ်ပါသည်။
ယခုအခါ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာ ပြီဖြစ်သည်။ ကုန်ဆုံးခဲ့သော ကာလများကို ပြန်လည်တွေးတောပူပန်မနေတော့ ဘဲ ယခုအချိန်မှစ၍ ရှေ့အဖို့ကာလအတွင်း နိုင်ငံနှင့် ပြည်သူများ၏ အနာဂတ် အတွက် စိတ်သစ်၊ ကိုယ်သစ်၊ တွေးခေါ်မြော်မြင်မှုအသစ်များဖြင့် အကောင်းဆုံး ဖော်ဆောင်ကြရမည့်အချိန်အခါဖြစ်သည်။ ယခုလာမည့်နှစ်သစ်မှစတင်၍ ကရင်ပြည်နယ်သာမက ကျန်ပြည်နယ်ဒေသအားလုံးရှိ တာဝန်ရှိသူများ၊ ခေါင်းဆောင်များ၏ အဆုံးအဖြတ်ဆောင်ရွက်ချက်များသည် ဆယ်စုနှစ် တစ်ခုကာလအတွင်း မျိုးဆက်သစ်များအပေါ်ထားရှိသည့် စေတနာ၊ မေတ္တာနှင့် မျှော်မှန်းချက်တို့ ဖြစ်၊ မဖြစ် လာမည့်ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် အထင် အရှားတွေ့မြင်ရမည်ဖြစ်သည်။
မွန်မြတ်သောစိတ်ထားဟူသည် ယခုလက်ရှိ မိမိတို့ဒေသ၊ မိမိတို့ အကျိုး စီးပွားသာမက အနာဂတ်ကာလ မိမိတို့ပြည်ထောင်စု၊ မိမိတို့မျိုးဆက်များအတွက် အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခြင်းပင်ဖြစ်သည်။ မိမိတို့ လက်ရှိဖြစ်လိုသော စိတ်ဆန္ဒများထက် အနာဂတ်ကာလပြည်သူများအတွက် မြော်တွေးအနစ်နာခံ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ထွန်းလာအောင် ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော မျိုးဆက်သစ်များ၊ မိမိခြေထောက်ပေါ်မိမိတို့ ခိုင်ခိုင်မာမာရပ်တည်ပြီး နည်းပညာလူ့အဖွဲ့အစည်းတွင် တန်းတူရည်တူရပ်တည်နိုင်သည့်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူငယ်များ၏ အင်အားဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆက်လက် လက်ဆင့်ကမ်း ဆောင်ရွက် ကြရမည်ဖြစ်သည်။
ဤအတွေးအခေါ်၊ သဘောတရား၊ ရည်မှန်းချက်များသည် မွန်မြတ်သော စိတ်ဓာတ်၊ ထားအပ်သည့်ခံယူချက်၊ မြင့်မြတ်သောတာဝန်များဖြစ်ပေသည်။ မျက်မှောက်ကာလ ခေါင်းဆောင်အသီးသီးတို့အနေဖြင့် ထိုစိတ်ထားများ ထားရှိမွေးမြူကာ မိမိတို့ပြည်ထောင်စုအတွက်၊ မိမိတို့တိုင်းရင်းသားပြည်သူများ အတွက် ယခုအချိန်မှစတင်၍ ကြိုးပမ်းအားထုတ်အကောင်အထည်ဖော်မည်ဆိုပါက လာမည့်ဆယ်စုနှစ်ကာလ ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့ပြည်နယ်ဒေသ အပါအဝင် ငြိမ်းချမ်းသာယာဝပြောစည်ပင်ဖွံ့ဖြိုးသော ပြည်ထောင်စုကြီးအဖြစ် ဝင့်ကြွားစွာ ပေါ်ထွက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် ကရင်အမျိုးသား နှစ်သစ် ကူးနေ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့သည့် သဝဏ်လွှာပါး နှုတ်ဆက်စကားသည် ကရင်ပြည်နယ်၊ ကရင်ပြည်ထောင်စုသားများအတွက် သာမက လာမည့်အနာဂတ် ဆယ်စုနှစ်ကာလ ပြည်ထောင်စုကြီးအတွက်၊ မျိုးဆက်သစ်လူငယ်များအတွက် ထားရှိရမည့် မွန်မြတ်သောစိတ်ထားများ၊ ခံယူချက်များနှင့်ဆောင်ရွက်ပေးရမည့် မြင့်မြတ်သည့်တာဝန်များ ဖြစ်ပါ ကြောင်း။ ။