
ဩစတြေးလျးအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့် တွင် ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် ဆွီယာတက်ခ်သည် ပြိုင်ဘက် ကို အနိုင်ယူပြီး စတုတ္ထအဆင့်တက်လှမ်းရန် အချိန် ၅၅ မိနစ်သာ လိုအပ်ခဲ့သည်။
၎င်းသည် အဆိုပါပွဲစဉ်တွင် ပြိုင်ဘက်စပိန်တင်းနစ်မယ် ဘူစ် ကာကို ၆-၀၊ ၆-၁ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ စတုတ္ထအဆင့်သို့ သက်သောင့်သက်သာ တက်လှမ်းနိုင်ခဲ့သည်။ ဆွီယာတက်ခ်သည် ပထမအဆင့်နှင့် ဒုတိယအဆင့်ပြိုင်ပွဲများတွင်လည်း ပြိုင်ဘက်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိထားသည်။
နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သော ဆွီယာတက်ခ်သည် စတုတ္ထအဆင့်တွင် ဝင်ဘယ်ဒန်ချန်ပီယံ ရွိုင်ဘာကီနာနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နှင့်အတူ ဩစတြေးလျအိုးပင်း ပြိုင်ပွဲစတုတ္ထအဆင့်သို့ နာမည်ကြီး ကိုကိုဂါ့ဖ်၊ ပီဂူလာ၊ ဘင်းဆစ်၊ ရှောင်၊ ပီလစ်ကိုဗာ၊ ဗီကစ်တို့ တက်လှမ်းနိုင်ခဲ့သည်။
ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့် တွင် နာမည်ကြီး မက်ဗီဒက်ဗ်၊ တီယာဖိုး၊ နော်ရီ၊ ကမ်ဒေါ်နယ်တို့ ပြိုင်ဘက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီ ဖြစ်သည်။ ဒုတိယ အဆင့်တွင်လည်း နာမည်ကြီး နာဒယ်သည် ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သော ကြောင့် ပြိုင်ပွဲမှ ဆောလျင်စွာ ထွက်ခွာခဲ့ရပြီး ဖြစ်သည်။
အောင်ဇော် - စုစည်းသည်