
ဇန်နဝါရီ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်က ဖူလ်ဟမ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ပရီမီယာ လိဂ်ပွဲစဉ် (၂၁) တွင် စပါးအသင်း သည် ဟယ်ရီကိန်း၏ တစ်လုံး တည်းသော သွင်းဂိုးဖြင့် ဖူလ်ဟမ် အသင်းကို အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်သို့ ပွဲကြည့်ပရိသတ် ၂၄၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။
အာဆင်နယ်၊ မန်စီးတီးအသင်း တို့ကို ဆက်တိုက်ရှုံးပွဲ ကြုံတွေ့ ထားသည့် စပါးအသင်းသည် ယခုပွဲစဉ်တွင် နိုင်ပွဲ ပြန်လည်ရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၄၅ မိနစ် တွင် ရရှိခဲ့သော ဟယ်ရီကိန်း၏ သွင်းဂိုးဖြင့် ဖူလ်ဟမ် အသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဖူလ်ဟမ် အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် စပါး အသင်း နိုင်ပွဲရရှိရေး ခက်ခက်ခဲခဲ ကစားခဲ့ရသည်။
ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော ဟယ်ရီကိန်း သည် စပါးအသင်း၏ ထာဝရသွင်းဂိုးအများဆုံး စံချိန် တင်ထားသော ဂျင်မီဂရေ့ဗ်၏ ၂၆၆ ဂိုးစံချိန်ကို လိုက်မီခဲ့ပြီဖြစ်သည်။ ယခုပွဲ အနိုင်ရရှိခဲ့သော စပါး အသင်းသည် တစ်ပွဲပိုကစားထားပြီး အဆင့် (၄) မှ မန်ယူအသင်းနှင့် သုံးမှတ်အကွာသို့ ချဉ်းကပ်လာပြီ ဖြစ်သည်။ ပြိုင်ဘက် ဖူလ်ဟမ်အသင်းက ၂၁ ပွဲ ကစားပြီး ၃၁ မှတ် ရရှိထားသည်။
အောင်ဇော်