ပစ္စက္ခကာလ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးသော လိုအပ် ချက်ဟုဆိုလျှင် ငြိမ်းချမ်းရေးဟူ၍သာ ဖြေဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအားလုံးအတွက် တစ်ခုတည်းသော အဖြေဟုပင် ဆိုနိုင်သည်။ မိမိတို့နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလ က လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟု ကြွေးကြော်ခဲ့ကြသလိုပင် မျက်မှောက်ကာလ၌လည်း ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဟု သန္နိဋ္ဌာန်ချကာ ငြိမ်းချမ်းရေးကို လိုလားသူပြည်သူလူထုကြီး ၏ အင်အားကိုပါရယူ၍ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစေရန် ကြိုးပမ်းသွားကြရမှာလည်း ဖြစ်သည်။
ငြိမ်းချမ်းရေးသည် နိုင်ငံတော်၏ ပကတိလိုအပ်ချက်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တချက် ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကာ စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့သလို ယခု ၂၀၂၃ ခုနှစ်ကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှသည် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်တမ်းကို ထပ်မံတိုးမြှင့်ပေးထားသည်။ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန် လက်ကမ်း ကြိုဆို တံခါးဖွင့်ထားသည်။ လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်၍ ဒေသနှင့်ဒေသခံပြည်သူများကို ဒုက္ခနွံတွင်း သို့ ကျရောက်စေမည့်အစား ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် စိတ်စေတနာမှန်ကန်စွာဖြင့် ပူးပေါင်းအဖြေရှာကြခြင်းကသာ အားလုံးအတွက် ကောင်းကျိုးဆောင်နိုင်မည်ဖြစ်သည်။
ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအမှန်ဖြစ်သော ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု များတွင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ သဘောတူညီမှုများရရှိခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်သည် နှင့် ဖြစ်ချင်သည်များကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်း ရေးစားပွဲဝိုင်းသို့ ရောက်ရှိလာမည်ဆိုပါက ထာဝရငြိမ်းချမ်း ရေးပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်သည်။
မငြိမ်းချမ်းခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နိမ့်ပါးနောက်ကျ ခြင်း၊ အခြေခံအဆောက်အအုံလိုအပ်ချက်များ မဖြည့်ဆည်း ပေးနိုင်ခြင်း၊ ဒေသတွင်းနေ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်မှ ဆုတ်ယုတ်စေပြီး ဆင်းရဲမွဲတေခြင်းတို့၏ အကြောင်းရင်းခံဖြစ်သည်။ နိုင်ငံ တစ်ဝန်း အကြားအလပ်မရှိ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်တည်ဆောက်နိုင်မှသာ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခများနှင့် အနိဋ္ဌာရုံများ ချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။