
ချို (ပညာရေး)
အခြေခံပညာဦးစီးဌာန
နှစ်သစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ။ လွန်ခဲ့သော ၂၀၂၂ တစ်နှစ်တာကာလအတွင်း လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုချင်း သော် လည်းကောင်း၊ ဌာနတစ်ခုချင်းစီသော်လည်းကောင်း မိမိတို့လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများရှိသကဲ့သို့ ဆောင်ရွက်ဆဲလုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများလည်း ရှိကောင်းရှိနေပေလိမ့်မည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန သည် ပညာသင်နှစ်တစ်နှစ်အတွင်း ပြက္ခဒိန် လအလိုက် ဆောင်ရွက်ရသည့် ပုံမှန်လုပ်ငန်းများ၊ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သည့် လုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ရသည့် လုပ်ငန်း များဖြင့် နှစ်တစ်နှစ်ကို ကုန်လွန်စေခဲ့ပြီဖြစ်သည်။ ဆောင်ရွက်ဆဲလုပ်ငန်းများအနက် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင်လူရည်ချွန်ကျောင်းသား ကျောင်းသူ များ ရွေးချယ်ရေးလုပ်ငန်းသည်လည်း အဓိက လုပ်ငန်းတစ်ရပ်ဖြစ်သည်။
ပြုစုပျိုးထောင်
နိုင်ငံတော်အကြီးအကဲ၏ “ပညာတတ်များ ပေါများရေး” လမ်းညွှန်ချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် အမျိုသားရေး တာဝန်တစ်ရပ်အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိ၍ ပညာသင်ယူ နိုင်မှု အခွင့်အလမ်းရရှိရေးကို အလေးထားကာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း ပညာရေးဝန်ကြီး ဌာန၏ အခြေခံကျသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သည့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် ပညာရည်ထူးချွန် ထက်မြက်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာရေးအတွက် ပြုစု ပျိုးထောင်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာနသည် နိုင်ငံအတွက် အညွန့်အဖူးကလေးများဖြစ်ကြသည့် လူငယ် မောင်မယ်များအား လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာရန်အတွက် ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြက်သောအနာဂတ်၊ မြင့်မြတ် သောအကျင့်စာရိတ္တတို့နှင့် ပြည့်စုံစေ၍ အဖွဲ့အစည်း ဖြင့် ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်း များ ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်နှင့်အညီ လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
လူရည်ချွန်များဖြစ်လာရန်
မျိုးဆက်သစ်လူငယ်မောင်မယ်များအား ထူးချွန် ထက်မြက်သူ လူရည်ချွန်များဖြစ်လာရန် ပြုစု ပျိုးထောင်ပေးရန် အရေးကြီးသကဲ့သို့ ကိုယ်နှုတ် နှလုံးသုံးပါး လိမ္မာယဉ်ကျေးရန် လူမှုရေးအသိ စိတ်ဓာတ်များရရှိ၍ လူ့အဖွဲ့အစည်းတွင် အဆင်ပြေ စွာ နေထိုင်တတ်စေရန်၊ လူလိမ္မာနှင့် လူမိုက်ကို ခွဲခြားသိရှိ၍ ပေါင်းသင်းတတ်ရန် အသက်အရွယ် အလိုက်ရရှိသင့်သော လူ့အခွင့်အရေးများ၊ ယင်း အခွင့်အရေးများနှင့်လျော်ညီစွာ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားကို သိရှိနားလည်ပြီး လိုက်နာ ကျင့်သုံးတတ်စေရန်၊ ပညာရှိသူတော်ကောင်းတို့၏ သဘောသဘာဝကိုသိရှိ၍ အနှီပုဂ္ဂိုလ်များကဲ့သို့ ကျင့်သုံးတတ်စေရန်၊ တစ်နည်းအားဖြင့် စိတ်ထား မြင့်မြတ်သော လူရည်မွန်များဖြစ်လာရန် ပျိုးထောင် ပေးရေးသည်လည်း ပညာရေးဝန်ကြီးဌာန၏ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပေ သည်။
ကျောင်းသားလူငယ်များ ပြုစုပျိုးထောင်ရာ၌ အသိပညာအတတ်ပညာနှင့် ဗဟုသုတများပြည့်စုံ ၍ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး မိမိတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထား မြတ်နိုးတတ်သော စိတ်ဓာတ်နှင့် ခံယူချက်များကို ငယ်စဉ်တောင်ကျေး ကလေးဘဝကအစ နှလုံးသွင်း နိုင်ရန် လေ့ကျင့်ပေးရန် လိုပေသည်။ လူငယ်များ ဘဝတစ်လျှောက် လူတော်သာမက လူကောင်းဖြစ် လာရန် တစ်နည်းအားဖြင့် လူရည်ချွန် လူရည်မွန်များ ဖြစ်လာရန်အတွက် ဤလူရည်ချွန် စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက်အားထားရသော ခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်ပေလိမ့်မည်။
လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်၌ (၂၅) ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့ သည်။ ၁၉၈၈ ခုနှစ်တွင် ရပ်နားခဲ့သော လူရည်ချွန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန် လူငယ်” စီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအစား “လူရည်ချွန်စီမံကိန်း” အမည်ဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို ရွေးချယ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ လူရည်ချွန်စခန်းများသို့ စေလွှတ် ခြင်းကို ရပ်နားခဲ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တို့တွင် ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်မှုအခြေအနေအရ လူရည်ချွန် စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်ဖော် ဆောင် ရွက်နိုင်ခဲ့သည်။
ရည်ရွယ်ချက်(၃)ရပ်ဖြင့် ဆောင်ရွက်
ယခုနှစ်လူရည်ချွန်စီမံကိန်းအား ဉာဏ်ပညာ ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမို စိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန် ဟူသော ရည်ရွယ်ချက်(၃)ရပ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
လူရည်ချွန်မောင်မယ်များ ရွေးချယ်ရာ၌ အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်း အဋ္ဌမတန်း (Grade-9) နှင့် အထက်တန်းအဆင့် (ဒသမတန်း၊ ဧကာဒသမတန်း) ကျောင်းသား ကျောင်းသူများကို ရွေးချယ်ခဲ့ပါသည်။ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရေးဖြေဘာသာရပ်များကို အဋ္ဌမတန်း အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များတွင် ဖြေဆိုချိန် (၁:၃၀) နာရီ၊ ဒသမတန်းနှင့် ဧကာဒသမတန်းတို့အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များတွင်ဖြေဆိုချိန် (၂:၀၀)နာရီဖြင့် စနစ်တကျ စစ်ဆေး ခဲ့ပြီး ခရိုင်ရှိဖွဲ့စည်းမြို့နယ်အလိုက် ကျား၊ မ အချိုး တူစွာ ဦးရေသတ်မှတ် ရွေးချယ်ပါသည်။
လူရည်ချွန်မောင်မယ် ၄၇၈ ဦးကို ရွေးချယ်နိုင်
နှုတ်ဖြေဘာသာရပ်များစစ်ဆေးရာတွင် စာရိတ္တ နှင့်ပြည်သူ့နီတိ၊ မြန်မာယဉ်ကျေးမှုနှင့် ထုံးတမ်း ဓလေ့၊ အတန်းအလိုက် သိသင့်သိထိုက်သည့် ဗဟုသုတများကို စစ်ဆေးပြီး ကိုယ်ကာယကြံ့ခိုင်မှု အား အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များ အတိုင်း စစ်ဆေးခဲ့သည်။ ဤပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူရည်ချွန် မောင်မယ် ၄၇၈ ဦးကို ရွေးချယ်နိုင်ခဲ့ပြီး အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအား ပုဂံလူရည်ချွန် စခန်း၊ ဒသမတန်းကျောင်းသား ကျောင်းသူများအား အင်းလေးလူရည်ချွန်စခန်း၊ ဧကာဒသမတန်း ကျောင်းသား ကျောင်းသူများအား ငွေဆောင် လူရည်ချွန်စခန်းအသီးသီးသို့ ဧပြီလစတုတ္ထပတ်မှ မေလပထမပတ်အထိ စေလွှတ်သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် လူရည်ချွန် စခန်းများဖွင့်ပွဲကို တစ်ပြိုင်နက် ကျင်းပဆောင်ရွက် သွားရန် လျာထားပြီးဖြစ်သည်။
လူရည်ချွန်မောင်မယ်များအားဂုဏ်ပြု
ပညာရေးဝန်ကြီးဌာန၏ ပြယုဂ်တစ်ခုဖြစ် သည့် လူရည်ချွန်မောင်မယ်များကို စနစ်တကျဖြင့် အောင်မြင်စွာ ရွေးချယ်ဆောင်ရွက်နိုင်ခြင်းသည် ပညာရေးဝန်ကြီးဌာန၏ အောင်မြင်မှုသာမက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး” ဟူသောဦးတည်ချက်ကို ပေါက်မြောက် အောင်မြင်စေသည့် လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပေသည်။ တစ်နည်းဆိုသော် နိုင်ငံ့တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်ကြမည့် နိုင်ငံသားကောင်း လူရည်ချွန်၊ လူရည်မွန်များကို မွေးထုတ်ပေးနိုင် ခဲ့ခြင်းပင်ဖြစ်ကြောင်း သတင်းကောင်းဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုလိုက်ပါ သည်။
- Log in to post comments