
ဖေဖော်ဝါရီ ၂ ရက် နံနက် ၂ နာရီခွဲက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှ မန်ယူနှင့် နော်တင်ဟမ် ဖောရက်အသင်းတို့ ပွဲစဉ်တွင် မန်ယူ အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးပြတ်ဖြင့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ပထမအကျော့ပြိုင်ပွဲတွင် မန်ယူ အသင်းကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သော နော်တင်ဟမ်အသင်းသည် ဒုတိယအကျော့ တွင် ရလဒ်ကောင်းရရှိရေးကြိုးစားလာခဲ့ သော်လည်း ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် မာရှယ်၊ ဆန်ချိုတို့
ပြန်လည်ပါဝင်လာမှုနှင့်အတူ မန်ယူအသင်း၏ ဖိအားပေး ကစားပုံကောင်းမွန်မှုနှင့် တိုက်စစ် အဆုံးသတ် သေချာမှုတို့ကြောင့် နှစ်ဂိုးပြတ်ထပ်မံ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ အဆိုပါ ပွဲစဉ်သို့ ပွဲကြည့်ပရိသတ် ခုနစ်သောင်းနှစ်ထောင် ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ထို့အပြင် ဘိုင်ယန် မြူးနစ်အသင်းမှ အငှားဖြင့် ခေါ်ယူထားသော မန်ယူ ကစားသမားသစ် မာဆယ်ဆာဘစ်ဇာလည်း လာရောက်ကြည့်ရှုခဲ့သည်။
နော်တင်ဟမ်အသင်းသည် မန်ယူအသင်းကို ပွဲချိန် မိနစ် ၇၀ ကျော်အထိသာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၇၃ မိနစ်နှင့် ၇၆ မိနစ်တွင် သွင်းဂိုးများ ဆက်တိုက် ခွင့်ပြုပေးခဲ့ရသည့်အတွက် နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း အတွက် သွင်းဂိုးများကို ရက်ဖို့ဒ်၏ ဖန်တီးမှုများမှ မာရှယ်နှင့် ဖရတ်တို့က သွင်းယူပေးခဲ့သည်။
ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့သော မန်ယူအသင်း သည် နယူးကာဆယ်အသင်းနှင့် ဖေဖော်ဝါရီ ၂၆ ရက် တွင် ဝင်ဘလေအားကစားကွင်းကြီး၌ အကြိတ် အနယ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မန်ယူနှင့် နယူးကာဆယ် အသင်းတို့သည် အက်ဖ်အေဖလား ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ၁၉၉၉ ခုနှစ်က ဝင်ဘလေကွင်း ၌ တွေ့ဆုံခဲ့ပြီး မန်ယူအသင်းက နှစ်ဂိုးပြတ် အနိုင် ရရှိထားသည်။
အောင်ဇော်