ဇီဝနည်းပညာ ပညာရပ်နဲ့ ယနေ့ခေတ်ကမ္ဘာ

Type

 

 

ဒေါက်တာကိုကိုလတ် (ဇီဝနည်းပညာ)

 

 

၂၀ရာစုမှ ၂၁ ရာစုနှစ်အတွင်း စတင်ကူးပြောင်းလာပြီးစမှာပင် ဇီဝနည်းပညာ ပညာရပ်နဲ့ သတင်းအချက်အလက်နဲ့နည်းပညာ ပညာရပ်တွေ အပြိုင်ပေါ်ထွန်း လာခဲ့ကြပါတယ်။ အချို့သော ပညာရှင်များကတော့ ၂၁ ရာစုကို ဇီဝနည်း ပညာရာစုလို့ပင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ငယ်စဉ်က နေထိုင်ရာ အညာဒေသကနေ ရန်ကုန်မြို့ကြီးကို အလည်အပတ်သွားရောက် နိုင်ရေးဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကတစ်ကြောင်း၊ တစ်ယောက် နဲ့ တစ်ယောက် ဆက်သွယ်ပြောဆိုနိုင်တဲ့ နည်းပညာတွေအားနည်းခဲ့တာက တစ်ကြောင်းကြောင့် နိုင်ငံခြားခရီးတစ်ခု သွားရောက်နိုင်ဖို့ အိပ်မက်မက်ရတဲ့ အဖြစ်မျိုးလိုပါပဲ။ ယနေ့အချိန်မှာတော့ ရန်ကုန်မြို့ဆိုတာဟာ သွားချင်တဲ့ အချိန်သွားလာဖို့ လွယ်ကူလာသလို နည်းပညာတွေကလည်း အလျင်အမြန် တိုးတက်လာတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်ဆယ့်လေးနာရီပတ်လုံး အချိန်မရွေး ဆက်သွယ်ပြောဆိုလာနိုင်တယ်။ နိုင်ငံအတွင်းမှာသာမကတော့ပဲ ကမ္ဘာကြီးရဲ့ ဘယ်နေရာ အစိတ်အပိုင်းမှာပဲ ရောက်နေနေ အချိန်မရွေး ဆက်သွယ်ပြောဆိုလာနိုင်တယ်။ နည်းပညာ တိုးတက်မှုက ကမ္ဘာကြီးကို ရွာလေးတစ်ရွာလိုဖြစ်အောင် ပုံဖော်ဖန်တီးပေးလိုက်နိုင်တယ်။

 

တစ်ချိန်တည်းမှာပဲ ဇီဝနည်းပညာ ပညာရပ်တိုးတက်လာမှုကြောင့် လူသားတွေရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံ၊ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ်။ ကျွန်တော်တို့ရဲ့ နေထိုင်မှုဘဝမှာ နေ့စဉ်မနက်လင်း အိပ်ရာက နိုးထလာပြီဆိုတာနဲ့ ခံတွင်း သန့်ရှင်းဖို့ သွားတိုက်ရတယ်၊ မျက်နှာကို ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ကြ တယ်။ အမျိုးသမီးများကတော့ အလှပြင်ပစ္စည်းတွေနဲ့ မျက်နှာအသားအရေ ထိန်းသိမ်းကြတယ်။ အလှပြင်ကြတယ်။ အဲဒါတွေပြီးသွားပြီဆိုတော့ မနက် စာစားကြတယ်။ ကော်ဖီကြိုက်တဲ့သူက ကော်ဖီသောက်ကြတယ်။ ကိတ် မုန့်စားကြတယ်။ ထမင်းကြော်စားကြတယ် စသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ ကို စားသုံးကြတယ်။ မနက်မိုးလင်းကတည်းက ထိတွေ့ကိုင်တွယ် သုံးစွဲ စား သောက်နေကြတဲ့ အရာတွေအားလုံးဟာ ဇီဝနည်းပညာရဲ့ တိုးတက်လာမှု ကြောင့်လို့ပြောရင် ယုံကြည်နိုင်ပါ့မလားလို့ တွေးထင်မိတယ်။

 

ဇီဝနည်းပညာ ပညာရပ်ဟာ နယ်ပယ်ကျယ်ပြန့်လွန်းလှပါတယ်။ နေ့စဉ် ကျွန်တော်တို့ အားလုံးနဲ့ မဖြစ်မနေ ထိတွေ့အသုံးပြုနေရတဲ့ ကျဉ်းမြောင်း လွန်းလှတဲ့ နယ်ပယ်ကဏ္ဍက ပစ္စည်းတွေကို ကြည့်မယ်ဆိုရင်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သွားများကြံ့ခိုင်ရေးကို ပိုမိုအထောက်အကူပြုနိုင်ပြီး ဓာတုပစ္စည်း များ ပါဝင်မှုမရှိတဲ့ သွားတိုက်ဆေးတွေ ထုတ်လုပ်လာနိုင်တာ၊ မျက်နှာ အသား အရေကို ထိခိုက်ပျက်စီးမှုမရှိဘဲ သဘာဝအတိုင်းထိန်းသိမ်းနိုင်ဖို့ ဓာတုပစ္စည်း များ ပါဝင်မှုမရှိတဲ့ အလှပြင်ပစ္စည်းတွေ ထုတ်လုပ်လာနိုင်တာတွေဟာ ဇီဝ နည်းပညာကို လက်တွေ့အောင်မြင်စွာ အသုံးချလာနိုင်ခြင်းကြောင့် ဖြစ်တယ်။ ဓာတုပစ္စည်းတွေပါဝင်မှုကို လျှော့ချနိုင်အောင် ကြိုးပမ်းတာ၊ ကျန်းမာ ရေးအတွက် ပိုမိုအထောက်အကူဖြစ်တဲ့ပစ္စည်းတွေ ထုတ်လုပ်လာနိုင်အောင် ကြိုးပမ်းဖို့ ဇီဝနည်းပညာက ကူညီဖြည့်စွမ်းပေးနေတာလည်း ဖြစ်တယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အရေးကြီးသလို လူသားအားလုံးဟာ နေ့စဉ်အသက်ရှင်သန်နေထိုင်ဖို့ အစားအသောက်တွေကို မဖြစ်မနေ စား သောက်ကြရတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့အားလုံးဟာ အစား အသောက်ဆိုရင် အရသာရှိရင်ပြီးရော၊ အရောင်အဆင်းလှရင် ပြီးရောဆိုပြီးသာ ရွေးချယ်စားသောက်ခဲ့ကြတယ်မဟုတ်လား။ ဒီကနေ့အချိန်အခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးဟာ အော်ဂဲနစ်အစားအသောက်နဲ့ အော်ဂဲနစ် စိုက်ပျိုးသီးနှံတွေပဲ ရွေးချယ်ဝယ်ယူ စားသောက်မယ်ဆိုပြီး တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြတယ်။

 

အော်ဂဲနစ်အစားအသောက်နဲ့ အော်ဂဲနစ်အသီးအနှံတွေကို စားသောက် နိုင်ဖို့ဆိုတာလည်း စိုက်ပျိုးသူတောင်သူလယ်သမားတွေအပေါ်မှာ မူတည် လာပါတယ်။ ဒီကနေ့ စိုက်ပျိုးရေး ဈေးကဏ္ဍမှာဆိုရင် ဓာတုဆေးဝါးတွေ အသုံးပြုမှုလျှော့ချလာနိုင်အောင်၊ စိုက်ပျိုးထားတဲ့အသီးအနှံတွေမှာ ဓာတု ကင်းစင်တဲ့ အသီးအနှံတွေဖြစ်အောင်၊ အထွက်နှုန်းမြင့်မားလာအောင် ဇီဝနည်းပညာဖြင့် ဖြည့်စွမ်းပေးနေနိုင်တာ မျက်ဝါးထင်ထင်တွေ့မြင်လာရ တယ်။ စိုက်ပျိုးသီးနှံတွေ ရှင်သန်ကြီးထွားဖို့ဆိုတာ လိုအပ်တဲ့အစာအာဟာရ တွေ လုံလုံလောက်လောက်ရရှိဖို့ လိုအပ်ပါတယ်။ ဓာတုဆေးဝါးတွေ အသုံးမပြုဘဲ အပင်များအတွက် လိုအပ်တဲ့ အစာအာဟာရတွေ ရရှိအောင် ဖြည့်ဆည်းပေးဖို့ဆိုရင် ဇီဝမြေဩဇာတွေ အသုံးပြုလာရပါတယ်။ အဲဒီလို အသုံးပြုတဲ့အခါမှာ စားသုံးသူများအတွက်လည်း အဆိပ်အတောက်ကင်းစင်တဲ့ စိုက်ပျိုးသီးနှံများ ရရှိနိုင်သလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျှော့ချ လာနိုင်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့အာဟာရများပါဝင်ပြီး အထွက်နှုန်းမြင့်မား တဲ့ စိုက်ပျိုးသီးနှံတွေကို ဇီဝနည်းပညာဖြင့် စမ်းသပ်ထုတ်လုပ်လာနိုင်တာဟာ လူသားအားလုံးအတွက် များစွာအကျိုးပြုနေနိုင်တာကို တွေ့ရတယ်။

 

၁၉၉၉ ခုနှစ်မှာ ဂျာမနီနဲ့ ဆွစ်ဇာလန်မှ ပါမောက္ခနှစ်ယောက်ဖြစ်တဲ့ Ingo Potrykus နဲ့ Peter Beyer တို့ဟာ မျိုးရိုးဗီဇဖြင့် ရွှေရောင်ဆန် ပရော ဂျက်သုတေသနကို အဆိုပြုခဲ့ပြီး အဲဒီဆန်ဟာ ဗီတာမင်အေ ချို့တဲ့သူများ အတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်။ ဝင်ငွေနည်းတဲ့ နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှ ကလေးငယ် ပေါင်း ၁၄၀ မီလီယံခန့် အထူးသဖြင့် အာဖရိကနဲ့အရှေ့ တောင်အာရှနိုင်ငံများမှာရှိတဲ့ ကလေးငယ်များဟာ ဗီတာမင်အေ ချို့တဲ့နေကြ ပါတယ်။ WHO ရဲ့ အစီရင်ခံစာမှာလည်း နှစ်စဉ်ကလေးငယ်ပေါင်း ၂၅၀၀၀၀ ကနေ ၅၀၀၀၀၀ အထိလောက်ဟာ ဗီတာမင်အေ ချို့တဲ့ရာကနေ မျက်စိကန်း လာတယ်လို့ ဖော်ပြထားပါတယ်။ ရွှေရောင်ဆန်မှာ ဗီတာမင်အေ ထုတ်လုပ်နိုင်ဖို့ မျိုးရိုးဗီဇအသစ်သုံးမျိုး ပါဝင်လာပါတယ်။ မျိုးရိုးဗီဇနှစ်မျိုးဟာ ဒယ်ဖိုလ်ဒီ အပင်မှဖြစ်ပြီး ကျန်တစ်မျိုးက ဗက်တီးရီးယားတစ်မျိုးမှ ဖြစ်တယ်။

 

ကမ္ဘာ့လူဦးရေဟာ နေ့စဉ်တိုးပွားလာနေတာနဲ့အမျှ လူသားအားလုံး အတွက် လုံလောက်တဲ့ အစာအာဟာရများရရှိရေးနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရရှိရေးဟာ ဇီဝနည်းပညာပေါ်မှာ များစွာမှီခိုလာပါတယ်။

ကျွန်တော်တို့လူသားအားလုံးဟာ နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်နေရ ဖို့အတွက် ကျန်းမာရေးကောင်းမွန်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံတွေမှာပင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ တိုးတက်လာတယ်ဆိုတာ မြင်တွေ့လာရတယ်။ ခေတ်မီဆေးဝါးတွေ ပိုမို တိုးတက်ထုတ်လုပ်လာနိုင်တာ၊ ရောဂါရှာဖွေရေး နည်းလမ်းတွေ တိုးတက်လာ တာ၊ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေ တိုးတက်ထုတ်လုပ်လာနိုင်တာကြောင့် ကျွန်တော်တို့အားလုံးဟာ ပိုမိုကျန်းမာသော လူနေမှုဘဝကို ရရှိပိုင်ဆိုင်လာ နိုင်ကြတာပဲဖြစ်တယ်။ ဇီဝနည်းပညာရဲ့ တိုးတက်လာမှုကို ယနေ့အချိန်မှာပင် လက်တွေ့မြင်တွေ့နေကြရပြီး တိုးတက်လာမှုရဲ့ အကျိုးကျေးဇူးတွေကနေ ကမ္ဘာပေါ်မှာရှိတဲ့ လူသားသန်းပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်တော့ မှာဖြစ်တယ်။

 

ကျွန်တော်တို့လူသားများနေထိုင်ရာ ဒီကမ္ဘာမြေကြီးပေါ်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းကနေစပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြီး ပေါ်ပေါက် ပျံ့နှံ့လာခဲ့တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအမြောက်အမြားကို ကူးစက်ပျံ့နှံ့ သွားခဲ့ကာ လူသားသန်းပေါင်းများစွာ ရောဂါကူးစက်ခံရပြီး သေဆုံးသွားတဲ့ အရေအတွက်ဟာဆိုလည်း ထိတ်လန့်ဖွယ်ရာဖြစ်လာပါတယ်။ ရောဂါပေါ်ပေါက် ပျံ့နှံ့လာပြီးနောက်ပိုင်းမှာ သုတေသနပညာရှင်တွေက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာခဲ့ကြတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ အစဦးပိုင်းမှာ ဗိုင်းရပ်စ်အမျိုးအမည်သိရှိဖို့ ဗိုင်းရပ်စ်မှ အာရ်အန်အေ (RNA) ထုတ်ယူတာတွေ၊ ထုတ်ယူထားတဲ့ မျိုးရိုးဗီဇကို PCR လို့ခေါ်တဲ့ စက်နဲ့ ပွားများတာတွေ၊ Sequencing ဆွဲကာ ဗိုင်းရပ်စ်ကို အမျိုးအစားခွဲခြားနိုင် တာတွေဟာ ဇီဝနည်းပညာ ပညာရပ်ကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ လက်တွေ့အသုံးချနေနိုင်တာပဲဖြစ်တယ်။ ဒီလိုလေ့လာနိုင်မှုကနေ ဗိုင်း ရပ်စ်ရဲ့ သွင်ပြင်လက္ခဏာ၊ ပေါက်ပွားရှင်သန်နိုင်မှု၊ ကူးစက်တတ်ပုံတွေကို သိရှိလာနိုင်ပြီး ဗိုင်းရပ်စ်မပြန့်ပွားအောင် ရောဂါထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ခန့်မှန်း လာနိုင်ကြတယ်။ ဒီလို အလျင်အမြန် လေ့လာနိုင်ခြင်းကြောင့်လည်း လူသား တွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ အဆက်မပြတ် ရှာဖွေစမ်းသပ်ကြရာမှာလည်း ဇီဝနည်းပညာက ထွက်ပေါ်လာတဲ့ ဗိုင်းရပ်စ်ကို ရှာဖွေနိုင်မယ့်နည်းလမ်းတွေနဲ့ ဆေးပစ္စည်းတွေကို အသုံးပြုပြီး ရှာဖွေဖော်ထုတ်နေကြရတာပဲဖြစ်တယ်။

 

ကျွန်တော်တို့ လူသားအားလုံး မျှော်လင့်အားထားနေတဲ့ ကာကွယ်ဆေး ကတော့ တစ်နှစ်အတွင်းမှာ ပေါ်ထွက်လာပြီပဲဖြစ်တယ်။ သမိုင်းတစ်လျှောက်မှာ အချိန်တိုအတွင်း ပထမဆုံး ထွက်ရှိလာတဲ့ ကာကွယ်ဆေးလည်းဖြစ်တယ်။ ပုံမှန်ဆိုရင် ကာကွယ်ဆေးအသစ်တစ်မျိုး ပေါ်ထွက်လာဖို့ အချိန်အတော်ကြာ ယူရပါတယ်။ သမားရိုးကျနည်းလမ်းတွေနဲ့ ထုပ်လုပ်ဖို့ ကြိုးစားပါက ဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို အားပျော့ပျက်ပြယ်သွားအောင်လုပ်မယ် သို့မဟုတ် ဗိုင်းရပ်စ်ကို သေသွားအောင်ပြုလုပ်မယ် ဒါမှမဟုတ်ရင်လည်း ဓာတ်ခွဲခန်းမှာ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းကနေ ထုတ်လုပ်ဖို့ ကြိုးစားကြတယ်။ ထွက်ပေါ်လာတဲ့ ကာကွယ်ဆေးက လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျင်လျင်မြန်မြန် လှုံ့ဆော် ပေးပါတယ်။ အဲဒီလို သမားရိုးကျ နည်းလမ်းတွေနဲ့ ကာကွယ်ဆေးအသစ်တစ်မျိုး ထွက်ရှိလာအောင် ကြိုးစားမယ်ဆိုရင် ရှုပ်ထွေးလှတဲ့လုပ်ငန်းစဉ်တွေကြောင့် ၁၀ နှစ်ကနေ ၁၅ နှစ်လောက် ကြာမြင့်တတ်ပါတယ်။ အခုကာကွယ် ဆေးထုတ်လုပ်ဖို့ ကြိုးစားရာမှာ သမားရိုးကျနည်းလမ်းတွေနဲ့မဟုတ်ဘဲ mRNA နည်းပညာကို အခြေခံပြီး ထုတ်လုပ်ဖို့ ကြိုးစား လာပါတယ်။ ဒီလိုအခြေအနေမှာ သုတေသနပညာရှင်တွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်ဟာ အလွန်လေးစားဖွယ်ရာ ဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီး သိပ်မကြာခင်မှာပဲ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇသတင်း အချက်အလက်တွေကို မျှဝေခဲ့ ကြတယ်။ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရရှိတာဟာ ကာကွယ်ဆေးအောင်မြင်စွာ ပေါ်ထွက်လာဖို့အတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေပါတယ်။

 

ဇီဝနည်းပညာ ပညာရပ်ဟာ လူသားတွေရဲ့ နေ့စဉ်ဘဝမှာလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ လူသားတွေကို ခြိမ်းခြောက်မှုရှိလာတဲ့ ရောဂါတွေရဲ့ ဘေးအန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်စွမ်းရှိနေပြန်ပါ တယ်။ ရောဂါပိုးမွှားတွေကို မျိုးရိုးဗီဇအဆင့်အထိ လေ့လာနိုင်မှုဟာ လူသား အားလုံးအတွက် အလွန်အရေးကြီးပါတယ်။ မျိုးရိုးဗီဇကို လေ့လာနိုင်မှုကနေ ခေတ်မီဆေးဝါးတွေ ထုတ်လုပ်လာနိုင်တယ်၊ ရောဂါတွေကို ကုသနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်လာနိုင်တယ်၊ ကာကွယ်ဆေးတွေ ထုတ် လုပ်လာနိုင်တယ်။ အစရှိသဖြင့် ကျွန်တော်တို့ လူသားအားလုံးရဲ့ လိုအပ်ချက် မှန်သမျှ၊ စိန်ခေါ်မှုရှိနေတဲ့အရာမှန်သမျှကို ဖြေရှင်းပေးနိုင်စွမ်းရှိလာပါတယ်။

ဒီလိုအချက်တွေကြောင့် ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ ဇီဝနည်းပညာ ပညာရပ်တိုးတက်ရေးကို အထူးအလေးထားလာပါတယ်။ ကျွန်တော်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်း နိုင်ငံတွေမှာ ဇီဝနည်းပညာ ပညာရပ်နဲ့ပတ်သက်ပြီး နည်းပညာလေ့လာမှု အပိုင်းမှာရော၊ ထုတ်ကုန်အသစ်များထုတ်လုပ်နိုင်မှုအပိုင်းတွေမှာ များစွာ တိုးတက်လာနေပါတယ်။ ဇီဝနည်းပညာ ပညာရပ်ဖြင့် လေ့လာလုပ်ဆောင် နေတဲ့ သုတေသနတွေဟာလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်လာတာကို တွေ့မြင်လာရတယ်။

နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ကျွန်တော်တို့နိုင်ငံမှာလည်း ဇီဝနည်း ပညာ ပညာရပ်ကို ၁၉၉၈ ခုနှစ်ဝန်းကျင်လောက်က ယခင်သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်မှာ စတင်တည်ထောင်လေ့လာခဲ့တာကို တွေ့ရ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး နောက်မှာ ဇီဝနည်းပညာဘာသာရပ် အထူးပြုနဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တွေကို တက်ရောက်ပြီး သုတေသနတွေကို ပြုလုပ်ခဲ့တယ်။ အစဦးပိုင်းနှစ်တွေမှာတော့ ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်နဲ့ ထိစပ်ရာပတ်ဝန်းကျင်ဟာ ဇီဝနည်းပညာ ပညာရပ်နဲ့ ရင်းနှီးကျွမ်းဝင်မှု အားနည်းနေခဲ့တယ်။ ကျောင်းပြီးသွားတဲ့ နောက်ပိုင်းမှာ လည်း ရရှိလာတဲ့ အထူးပြုဘာသာရပ်နဲ့ သုတေသနတွေ ဆက်လက်ပြုလုပ် လေ့လာဖြစ်ခဲ့ကာ ယနေ့အချိန်မှာတော့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်မှာရှိတဲ့ ဇီဝနည်းပညာ သုတေသနဌာနကြီးမှာ သုတေသနများလုပ်ဆောင်ရင်း တာဝန်ထမ်း ဆောင်ဖြစ်တယ်။ ကျွန်တော့် နည်းတူ ဒီသုတေသနဌာနကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ သုတေသန ပညာရှင်တွေဟာ ကျွန်တော်တို့နိုင်ငံတိုးတက်ရေးကို အထောက်အကူဖြစ်စေ မယ့် အခြေခံသုတေသနတွေနဲ့ လက်တွေ့ အသုံးချ သုတေသနတွေကို လုပ်ဆောင်နေတာ တွေ့ရတယ်။ လုပ်ဆောင်နေတဲ့ သုတေသနတွေဟာ ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ကိုက်ညီပြီး များစွာအထောက် အကူဖြစ်စေ မယ့်၊ လက်တွေ့အသုံးချလို့ရနိုင်မယ့် သုတေသနတွေကို ကြိုးစား လုပ်ဆောင် နေတာဟာ အလွန်အားတက်ဖွယ်ရာဖြစ်တယ်။ ဒီသုတေသန ဌာနကြီးကနေ သုတေသနတွေပြုလုပ်ပြီး တောင်သူလယ်သမားများ လက်ဝယ်သို့ ရွက်ဖျန်း အားဆေးတွေ၊ ဇီဝမြေဩဇာတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလာနိုင်တာဟာ ဇီဝနည်းပညာ ပညာရပ်နဲ့ သုတေသနတွေပြုလုပ်ခြင်းကနေ လက်တွေ့ အသုံးချလာနိုင်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ကျေးလက်နေ ပြည်သူ တွေရဲ့ လူမှုစီးပွားဘဝမြင့်မားလာစေဖို့ အထောက်အကူလည်း ဖြစ်စေပါ တယ်။ ဒါ့အပြင် ထုတ်ဝေဖြန့်ချိထားတဲ့ သုတေသနစာစောင်တွေကို လေ့လာ ကြည့်တော့ အဏုဇီဝပိုးတွေနဲ့ ပတ်သက်ပြီး လေ့လာလုပ်ဆောင်ထားတာ တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေ့လာလုပ်ဆောင်ထားတာတွေ၊ အပင်နဲ့ပတ်သက်ပြီး လေ့လာလုပ်ဆောင်ထားတာတွေ၊ ဆေးဖက်ဝင် အပင် တွေနဲ့ ပတ်သက်ပြီး လေ့လာလုပ်ဆောင်နေတာတွေ၊ အပင်တွေမှာ ကျရောက် တတ်တဲ့ ဖျက်ပိုးတွေကို ဓာတုဆေးဝါးတွေအသုံးမပြုဘဲ နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေကို လေ့လာလုပ်ဆောင်နေတာတွေ၊ မျိုးရိုးဗီဇအဆင့်ထိ နယ်ပယ်ကဏ္ဍပေါင်းစုံအတွက် လေ့လာလုပ်ဆောင်ထားတာတွေကိုတွေ့ရတော့ ကျွန်တော်တို့နိုင်ငံအတွက် များစွာအားတက်မိတယ်။

 

ယနေ့ကမ္ဘာမှာ ဇီဝနည်းပညာ ပညာရပ်ကို လက်တွေ့အသုံးချပြီး နိုင်ငံရဲ့ နည်းပညာတိုးတက်အောင်၊ စီးပွားရေးတိုးတက်အောင် ကြိုးစားကြရင်း ယနေ့အချိန်အခါမှာ ကပ်ရောဂါကြီး ရင်ဆိုင်ကြုံတွေ့လာရတော့၊ ကမ္ဘာပေါ် မှာရှိတဲ့ လူသားအားလုံးရဲ့ အသက်အန္တရာယ်ကို ကယ်တင်နိုင်အောင်အထိ ကြိုးစား လာနိုင်တာတွေ့ရတော့ များစွာဝမ်းသာမိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဇီဝနည်းပညာ ပညာရပ်ကနေလည်း အဲဒီလိုတိုးတက်မှုတွေ ဆောင်ကြဉ်း ပေးနိုင်တဲ့ အဆင့်အထိရောက်အောင် ကြိုးစားပေးဖို့ စိတ်ဓာတ်ခွန်အားတွေ ရနေမိပါတယ်။ ။