အယ်ဒီတာ့အာဘော်
===========
ရောဂါဘေး သတိပေးမှု အစဉ်သတိပြု
======================
ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသေဆုံးမှု ကျဆင်းလာသော်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားမှုမြင့်မားနေသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ထားသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီး အစောဆုံး ရောဂါကင်းစင်ခဲ့သည့် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်မြင့်တက်မှုနှင့် ဘရာဇီးနိုင်ငံမှ ကူးစက်မှုဖြစ်စဉ်တို့သည် ကမ္ဘာပေါ်ရှိ ပြည်သူများအားလုံး အထူးသတိပြုနေထိုင်ရန် အချက်ပေး
ခေါင်းလောင်းထိုးလိုက်ခြင်းပင် ဖြစ်သည်။
ယခုအခါ ဗြိတိန်တွင် စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန်
ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် နိုင်ငံပေါင်း ၅၀ ကျော်၊ တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့သော ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် နိုင်ငံပေါင်း ၂၀ ကျော်သို့ အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန် တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး လျင်မြန်စွာပျံ့နှံ့မှုကြောင့် ပြည်နယ်မြို့တော် ဆေးရုံများတွင် ပိုးတွေ့လူနာများ ပြည့်လျှံကာ အခြေအနေဆိုးရွားနေသည်။ ထိုသို့ဖြစ်ပွားရခြင်းသည် ယင်းဒေသရှိ ပြည်သူများနှင့် တာဝန်ရှိသူများ ပေါ့လျော့စွာ ပြုမူနေထိုင်သောကြောင့် ဖြစ်ရသည်ဟု သိရသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစေသည့် SAR-CoV-2 ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးများ၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်နိုင်သည်။ ယခုလက်ရှိ မျိုးဗီဇ ပြောင်းလဲရာတွင် ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်များကြောင့် ကမ္ဘာ့နိုင်ငံများသို့ အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိပြီး ကူးစက်မှုအထူး
များပြားနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းရှိ SAR-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများဖြစ်ကာ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်သည်ကို အထူးစောင့်ကြပ်ကြည့်ရှု သတိမူနေကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တဖြည်းဖြည်းကျဆင်း လာသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများ အသိတရားဖြင့် လိုက်နာ ဆောင်ရွက်မှုနှင့်အတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင် သည့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စတင်သည့် အဝါရောင်လှုပ်ရှားမှု တို့ကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်သည့် အကျိုးဆက်များကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာသည်ဟု ဆိုနိုင်သည်။ ဆက်လက်၍ မိသားစုအချင်းချင်း၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း “တစ်ဦး ကိုတစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းစီမံချက်” ကို စတင်လုပ်ဆောင် နေပြီဖြစ်၍ ရောဂါဖြစ်ပွားမှု ဆက်လက်ကျဆင်းလာနိုင်ပါသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် နောက်ဆက်တွဲ စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှား တွန်းလှန်ကာကွယ် နေရသည်။ လက်ရှိတွင် ရောဂါဖြစ်ပွားမှု ကျဆင်းလာသောကြောင့် နိုင်နိုင် နင်းနင်း ကာကွယ်ထိန်းချုပ်ကုသနိုင်ပြီး အခြေအနေကောင်းတစ်ခု ရရှိလာ ခြင်းသည် တာဝန်ရှိသူများရော ပြည်သူများပါ မပေါ့မလျော့ ပြုမူလုပ်ကိုင်ဆောင်ရွက်ကြသောကြောင့် ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါလျော့နည်း ကျဆင်းလာသည်ကို အကြောင်းပြု၍ လျှော့တွက်ပြီး ပေါ့ပေါ့ဆဆမနေမိဖို့ လိုအပ်ပါသည်။ နိုင်ငံအခြေအနေအရ ရောဂါဖြစ်ပွားမှုများပြီး မနိုင်မနင်း ဖြစ်ပါက ကိုဗစ်-၁၉ အား မကျော်လွှားနိုင်တော့မည်ကို သတိချပ်ရမည်ဖြစ် သည်။
ကိုဗစ်-၁၉ ရောဂါသည် အခြားရောဂါများနှင့်မတူဘဲ အဆုတ်ကိုသာမက ခန္ဓာကိုယ်တွင်းအင်္ဂါများ၏ စနစ်မျိုးစုံကို ထိခိုက်ပျက်စီးစေသောရောဂါဖြစ် သည်။ ရောဂါပိုးတွေ့ရှိ၍ ကုသမှုပေးရာတွင် ဆေးပညာဘာသာရပ်မျိုးစုံမှ ဆရာဝန်များ၊ ပညာရှင်များနှင့် သူနာပြုများ စုစည်းပူးပေါင်း ဆက်စပ်ကုသမှု ပေးရသော ရောဂါဖြစ်သည့်အပြင် ရေရှည်တွင်လည်း နောက်ဆက်တွဲဆိုးကျိုး ရှိသဖြင့် ရောဂါဖြစ်လျှင် ကြောက်စရာမလိုပါဟု ပေါ့ပေါ့မတွေးမိဖို့ လိုမည်ဖြစ် သည်။ ကိုဗစ်-၁၉ SAR-CoV-2 ဗိုင်းရပ်စ်ပိုး ဆိုးဆိုးရွားရွားဖြစ်လျှင် ရောဂါ ဖြစ်စဉ်နှင့် နောက်ဆက်တွဲဖြစ်စဉ်တို့အား အန်တုနိုင်ရန် မလွယ်ကူသည်ကို သတိပြုရမည် ဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နှုန်း ကျဆင်းလာသည်ဆိုသော်လည်း နိုင်ငံတကာတွင် ခေါင်းထောင်ဖြစ်ပွား နေသော ဖြစ်စဉ်များ၏ အချက်ပေးခေါင်းလောင်းထိုး သတိပေးမှုများအား ဆင်ခြင်သုံးသပ်၍ ရောဂါကာကွယ်ရေးကို အစဉ်သတိပြု လိုက်နာဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။ ။