
သစ်တောမောင်
ကုလသမဂ္ဂ ဂေဟစနစ်
ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်
၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်တွင် ဆုံးဖြတ်ချက် (၇၄/၂၈၄) ဖြင့် ဆုံးဖြတ် ကြေညာခဲ့သည်။
ကမ္ဘာတစ်ဝန်း ဂေဟစနစ်များ အတန်းအစား ကျဆင်းခြင်း ကို ကာကွယ်ရန်၊ ရပ်တန့်ရန်နှင့် ပြန်လည်ထိန်းသိမ်းရန်၊ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းကြောင့် ရရှိလာနိုင် သည့် ဘက်စုံအကျိုးကျေးဇူးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်လာစေရန်နှင့် ပညာရေး စနစ်များတွင် လည်းကောင်း၊ မူဝါဒချမှတ်သူများအကြား တွင် လည်းကောင်း၊ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်း နည်းပညာ၊ ဗဟုသုတများ အသုံးချနိုင်စေရန် ရည်ရွယ် ပြီး ယခုကဲ့သို့ ဆုံးဖြတ်ကြေညာခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးဟန်ချက်ညီ ထိန်းသိမ်းရန် ဖြစ်ပြီး ဂေဟစနစ် ထိန်းသိမ်းခြင်း၊ ပြန်လည်တည်ထောင် ခြင်းနှင့် သဘာဝသယံဇာတများကို စဉ်ဆက်မပြတ် စနစ်တကျထုတ်ယူသုံးစွဲခြင်းဖြင့် ဟန်ချက်ညီ ကောင်းမွန် သည့် ဂေဟစနစ်မှ ဘက်စုံအကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်စေရန် ဖြစ်သည်။
ကုလသမဂ္ဂဂေဟစနစ် ထိန်းသိမ်းရေး ဆယ်စုနှစ် သည် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) အောင်မြင် စေရေးအတွက်လည်း အလွန်အရေးပါသည်။ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ လူမှုစီးပွားနှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ချိတ်ဆက်လျက်ရှိသည်။
ထို့ကြောင့် ကုလသမဂ္ဂ ဂေဟစနစ် ထိန်းသိမ်းရေး ဆယ်စုနှစ်ကာလအတွင်း ဂေဟစနစ် ထိန်းသိမ်းရေး၊ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုများအဖြစ် အရှိန်အဟုန်မြှင့်တင်ရန်၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂပတ်ဝန်းကျင် ဆိုင်ရာ အစီအစဉ် (UN Environment Programme) နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက စည်းရုံး လှုံ့ဆော်ဆောင်ရွက်လျက်ရှိသည်။
ဂေဟစနစ်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများ
ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများ၊ သက်မဲ့ ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် တည်ရှိ နေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ် ပြောင်းလဲနေသော သဘာဝဝန်းကျင်ကို ခေါ်ဆိုသည်။ ဂေဟစနစ်အမျိုးမျိုးရှိရာ ဥပမာ ရေဝပ်ဒေသ၊ ဒီရေတော၊ မိုးသစ်တောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ် သမုဒ္ဒရာ၊ ရေချိုမြစ်ချောင်းများ စသည်တို့သည် မတူညီ သော ဂေဟစနစ်များဖြစ်သည်။
ဂေဟစနစ်အရွယ်အစားသည် အမျိုးမျိုးရှိနိုင်ပြီး အလွန်သေးငယ်သော အဏုဇီဝရုပ် အရွယ်အစားမှ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေတစ်ခုလုံး အရွယ်အစားထိ ဖြစ်နိုင်သည်။ ဆွေးမြည့်နေသော သစ်တုံး တစ်တုံးသည် ဂေဟစနစ်တစ်ခုဖြစ်နိုင်ပြီး သေးငယ်သော ရေအိုင်တစ်အိုင်သည်လည်း ဂေဟစနစ်တစ်ခုဖြစ်နိုင် သည်။
ကျန်းမာကြံ့ခိုင်သော၊ သဟဇာတမျှတသော ဂေဟ စနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူး များစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး မှု ဦးစားပေးလုပ်ငန်းများကို အောင်မြင်ရန် ပံ့ပိုးနိုင်သည်။ အဓိက အပင်များနှင့် တိရစ္ဆာန်များအတွက် နေရင်းဒေသ များ ထောက်ပံ့ပေးခြင်း၊ အမျိုးမျိုးသော အစာကွင်းဆက် နှင့် အစာကွန်ရက်များကို ဖြစ်ထွန်းမြှင့်တင်ပေးခြင်း၊ မရှိမဖြစ်အရေးပါသည့် ဂေဟစနစ် ဖြစ်စဉ်များကို ထိန်းညှိခြင်းနှင့် သက်ရှိများ ဆက်လက်ရှင်သန်ရေးကို ပံ့ပိုးကူညီခြင်း၊ သက်ရှိနှင့် သက်မဲ့များအကြား ဆက်စပ် နေသော အာဟာရဖြစ်စဉ်များအတွက် အရေးပါခြင်းနှင့် စွမ်းအင်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်စီဂျင်နှင့် ရေ သံသရာလည်ပတ်မှု ဖြစ်စဉ်များ အပါအဝင် ဂေဟစနစ် အတွင်း စွမ်းအင်စီးဆင်းလည်ပတ်မှုတို့ကို ထိန်းသိမ်း ကူညီခြင်း စသည့်လုပ်ငန်းများကို ကောင်းမွန်မျှတသော ဂေဟစနစ်က ဆောင်ရွက်ပေးသည်။
သစ်တောဂေဟစနစ်က အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများမှာ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်အောင် သက်ရှိလောကအတွက် အဖိုးတန် လှသည်။ သစ်တောများမှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို (က) ထောက်ပံ့မှု ဆိုင်ရာ ဝန်ဆောင်မှု (Provisional Services)၊ ဥပမာ သစ်နှင့် သစ် မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ စားနပ်ရိက္ခာ၊ ရေကောင်းရေသန့် ရရှိစေခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ (ခ) ပတ်ဝန်း ကျင် ထိန်းညှိမှုဆိုင်ရာ ဝန်ဆောင်မှု (Regulating Services)၊ ဥပမာ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်းဆိုင်ရာ ဝန်ဆောင်မှု၊ ရေ၊ လေသန့်စင်မှုလုပ်ငန်းများ၊ မြေတိုက်စား မှု မြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်း စသည့် ဝန်ဆောင် မှုလုပ်ငန်းများ၊ (ဂ) ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (Cultural and Spiritual Spirit)၊ ဥပမာ အပန်းဖြေမှု၊ အလှအပနှင့် မျက်စိပသာဒဆိုင်ရာ ဝန်ဆောင်မှု၊ ယုံကြည်ကိုးကွယ်မှု ရိုးရာဓလေ့ဆိုင်ရာ ဝန်ဆောင်မှုများနှင့် (ဃ) ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပေးသည့် လုပ်ငန်းများ (Supporting Services)၊ ဥပမာ မြေဆီလွှာဖြစ်ပေါ်လာမှု ဖြစ်စဉ် အဆင့်ဆင့် အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များကို ချိတ်ဆက်ပေါင်းစပ်ထောက်ပံ့ပေးသည့် ဝန်ဆောင် မှုများဟူ၍ ခွဲခြားဖော်ပြကြသည်။ သစ်တော ဂေဟစနစ်က ထောက်ပံ့ပေးသော အကျိုးကျေးဇူးများမှာ အံ့မခန်း များပြားပြီး သက်ရှိလောကအတွက် အလွန်အဖိုးတန် လှပေသည်။
ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများ
ယနေ့အချိန်တွင် လူတို့၏ ပယောဂနှင့် နှောင့်ယှက် ဖျက်ဆီးမှုများကြောင့် ဂေဟစနစ် အတန်းအစား ကျဆင်း ခြင်း၊ အရည်အသွေးနိမ့်ပါးလာခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် အကြောင်းအမျိုးမျိုး ကြောင့် ရေထု၊ မြေထု၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ စိုက်ပျိုးရေး၊ ဆည်၊ တာတမံ၊ လမ်း၊ မြို့ရွာများ တည်ဆောက်ခြင်းအတွက် မြေပြုပြင်ခြင်း၊ သတ္တုအမျိုးမျိုး တူးဖော်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုပစ္စည်း များ အလွန်အကျွံ သုံးစွဲခြင်း၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ တောမီးလောင်ခြင်း စသည့် အကြောင်းရင်းများက ဂေဟ စနစ်များ အရည်အသွေးကျဆင်းခြင်းနှင့် ပျက်စီးခြင်း များ၏ အဓိက အကြောင်းရင်းများ ဖြစ်သည်။
ပျက်စီးယိုယွင်းနေသော၊ အဆင့်အတန်း ကျဆင်းနေ သော ဂေဟစနစ်များကို ပြန်လည်ထိန်းသိမ်းကြရမည် ဖြစ်သည်။ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းဆိုသည်မှာ ဥပမာ ဒီရေတော၊ ရေဝပ်ဒေသ၊ မိုးသစ်တောများ၊ သန္တာ ကျောက်တန်းများ၊ အပူပိုင်းသစ်တောများ၊ အင်းအိုင်များ၊ ကမ်းရိုးတန်း အစရှိ သည့် အမျိုးမျိုးသော ဂေဟစနစ်များ၏ အရည်အသွေး အတန်းအစား ကျဆင်းနေခြင်းကို ပြန်လည် ကုစားခြင်း၊ ပြန်လည်တည်ထောင်ခြင်း၊ မူလ ဂေဟစနစ်ဝန်ဆောင်မှု အရည်အသွေးရရှိစေရန် ဆောင်ရွက်သော လုပ်ငန်းစဉ်ကို ခေါ်ဆိုသည်။
တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် ဂေဟစနစ်၏ စွမ်းဆောင်ရည် နှင့် ထုတ်လုပ်နိုင်စွမ်းကို မူလအတိုင်း ပြန်လည်ရရှိစေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဂေဟစနစ် ပိုမိုကောင်းမွန်လေ ကမ္ဘာမြေနှင့် သက်ရှိများ ပိုမိုကြံ့ခိုင် ကျန်းမာလေ ဖြစ်သည်။ ကောင်းမွန်ကြံ့ခိုင်သော ဂေဟ စနစ်သာလျှင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို တိုးတက်စေနိုင်ပြီး ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများကို လိုက်လျောညီထွေ တုံ့ပြန်ခြင်း၊ ဇီဝ မျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်ခြင်းများကို ရပ်တန့် နိုင်မည် ဖြစ်သည်။
သဘာဝ အခြေခံဖြေရှင်းသည့် နည်းလမ်းများ (Nature - based Solutions) သည် ထူးကဲသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် ကာလကို ကုလသမဂ္ဂ ဂေဟစနစ် ပြန်လည် ထူထောင်ရေး ဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) ဟု သတ်မှတ်ဆောင်ရွက်ခြင်း လည်း ဖြစ်သည်။
ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် သစ်ပင်ပေါင်းတစ်ထရီလီယံ စိုက်ပျိုးမည့် “တစ်ထရီလီယံ လှုပ်ရှားမှု” (Trillion Tree Initiative) ကို စတင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လက်ရှိ အကောင်အထည်ဖော်နေသော ဘွန်းစိန်ခေါ်မှု (Bonn Challenge)၊ နယူးယောက် သစ်တောများဆိုင်ရာ ကြေညာ စာတမ်း (New York Declaration for Forests) တို့၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် သစ်တော ပြုန်းတီးမှု လုံးဝမရှိစေရေးနှင့် တောနိမ့်တောပျက်များတွင် သစ်တောဧရိယာ ဟက်တာ သန်း ၃၅၀ တည်ထောင်ခြင်း လုပ်ငန်းတို့နှင့် ချိတ်ဆက်ပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြမည်ဖြစ်သည်။
နည်းလမ်း (၃) သွယ်
ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နည်းလမ်း (၃) သွယ်ဖြင့် ဆောင်ရွက်ရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက တိုက်တွန်းထားသည်။ ပထမနည်းလမ်းအနေ ဖြင့် အောက်ဖော်ပြပါ လုပ်ငန်းများကို နိုင်ငံအဆင့်၊ ဒေသ အဆင့်၊ ကမ္ဘာ့အဆင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်ရန် ဖြစ်သည် -
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပြည်သူများအကြား သိမြင် လာစေရေး ဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်း တွင် ပိုမိုရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်း၊
v ဂေဟစနစ်ပျက်စီးစေသည့်၊ အတန်းအစားကျဆင်း စေသည့် အပြုအမူ၊ လုပ်ရပ်များ ရှောင်ရှား ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းမှ စီးပွားရေးအကျိုးအမြတ်ရရှိနိုင်သည့် လုပ်ငန်းများ နမူနာပြ ဖော်ထုတ်ဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည် ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းကို ပညာရေး စနစ်များတွင် ပေါင်းစပ်ထည့်သွင်းခြင်း၊
v တန်ဖိုးအခြေပြု ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ ရန်ပုံ ငွေကြေးယန္တရားတည်ထောင် အကောင်အထည် ဖော်ခြင်း၊
ဒုတိယနည်းလမ်းအနေဖြင့် အောက်ဖော်ပြပါ လုပ်ငန်းများကို နိုင်ငံရေးအရ ထောက်ပံ့ကူညီရန် ဖြစ် သည် -
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းကို ဦးစီး ဦးဆောင်ပြုနေသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များကို အားပေး ကူညီခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းကို အားပေးကူညီမြှင့်တင်နိုင်ရန် မူဝါဒနှင့် ဥပဒေ မူဘောင်များကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ရေးဆွဲ ဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းအတွက် အကျိုးဆက်စပ်ပတ်သက်သော အစိုးရ အဖွဲ့ အစည်းများ၊ လုပ်ငန်းကဏ္ဍများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
v ရုပ်ကြွင်းလောင်စာသုံးစွဲမှု၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ငါးလုပ်ငန်း သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဂေဟစနစ် ပြန်လည်ထိန်းသိမ်း ခြင်းအတွက် ဦးတည်ဆောင်ရွက်ရန် လမ်းညွှန်မှု ပေးခြင်း၊
တတိယနည်းလမ်းအနေဖြင့် အောက်ဖော်ပြပါ နည်းပညာစွမ်းဆောင်ရည်များ ဆက်စပ်ကဏ္ဍများ အားလုံးတွင် မြှင့်တင်ဆောင်ရွက်ရန် ဖြစ်သည် -
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ ဒီဇိုင်း ပုံစံများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းနှင့် အကျိုး ကျေးဇူးများကို ရေရှည် သုတေသနပြု ဖော်ထုတ် ဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်း များတွင် ဒေသန္တရ အသိပညာများနှင့် ရိုးရာမိရိုး ဖလာအတတ်ပညာများကို ပေါင်းစပ်ဆောင်ရွက် ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ အတွေ့အကြုံများကို စုစည်းလေ့လာ ဖော်ထုတ် အသုံးပြုဆောင်ရွက်ခြင်း၊
v ဂေဟစနစ် ပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက် ရာတွင် လွတ်လပ်စွာ ကြိုတင်အကြောင်းကြား သဘောထားရယူဆောင်ရွက်သော အလေ့အကျင့် များကို ပေါင်းစပ်အသုံးချဆောင်ရွက်ခြင်း။
မြန်မာ့သစ်တောဂေဟစနစ်များ
ပြန်လည်တည်ထောင်ခြင်း
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများ ထာဝစဉ် တည်တံ့စေရန်၊ ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းရန်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားရရှိစေရန်အတွက် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့် ခွဲခြား သတ်မှတ်လျက် နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍ ပင်မ စီမံကိန်း (၂၀၀၁ - ၂၀၀၂ မှ ၂၀၃၀ - ၂၀၃၁ ခုနှစ်အထိ)ကို ရေးဆွဲပြီး အကောင်အထည်ဖော်လျက်ရှိသည်။
အထူးသဖြင့် ဂေဟစနစ် ပြန်လည်တည်ထောင်ရေးနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ တိုးပွားလာစေရေးအတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည် -
v မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင် ရေးစီမံကိန်း (၂၀၁၇ - ၂၀၁၈ မှ ၂၀၂၆ - ၂၀၂၇ အထိ) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် အကောင်အထည်ဖော်ခြင်း၊
v တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်း (၂၀၁၉ - ၂၀၂၀ မှ ၂၀၂၈ - ၂၀၂၉ အထိ)ကို သဘာဝနယ်မြေ (၁၉)ခုအတွက် စတင်ရေးဆွဲအကောင်အထည် ဖော်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း လုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊
v မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများ၊ ရေဝပ်ဒေသ များ၊ ရေချိုကန်ကြီးများ (ဥပမာ အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိုးယွန်းကြီးအင်း စသည်) ၏ ရေဝေရေလဲဒေသကြီးများ၊ ကမ်းရိုးတန်းဒေသ များ၊ ဒီရေတောများနှင့် တောင်တန်းဒေသကြီးများ (အပူပိုင်းဒေသရှိ တောင်တန်းများ အပါအဝင်) ၏ ရေဝေ ရေလဲ သစ်တောထိန်းသိမ်းရေးလုပ်ငန်း များကို အထူးလုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊
v သစ်တောဂေဟစနစ်များ တိုးတက်ကောင်းမွန် စေရေးအတွက် အမြဲတမ်းသစ်တောနယ်မြေများ ကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ် (Nationally Determined Contribution-NDC) တွင် အဓိက လုပ်ငန်းကဏ္ဍအဖြစ် ထည့်သွင်းဆောင်ရွက်ခြင်း၊
v ခရိုင် ၆၉ ခရိုင်အနက် သုံးခရိုင်တွင် ဂေဟစနစ် အခြေပြု သစ်တောစီမံအုပ်ချုပ်မှု ၁၀ နှစ် စီမံကိန်း ကို စတင်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိခြင်း၊ (အစဉ်အလာဖြင့် ခရိုင် အားလုံးတွင် သစ်တောစီမံအုပ်ချုပ်မှု (၁၀) နှစ် စီမံကိန်းကိုသာ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။)
v မြန်မာနိုင်ငံ သစ်တောကျောင်းနှင့် သစ်တော ဦးစီးဌာနမှ ဖွင့်လှစ်သော စွမ်းဆောင်ရည်မြှင့် သင်တန်းများတွင် ဂေဟစနစ်အခြေပြု သစ်တော စီမံအုပ်ချုပ်မှု သင်ရိုးညွှန်းတမ်းများတွင် ထည့် သွင်း ပြဋ္ဌာန်းသင်ကြားခြင်း။
မြန်မာ့သစ်တောဂေဟစနစ်များ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများနှင့် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီး သည့်အလျောက် ပူးပေါင်းပါဝင်မှု တိုးမြှင့်နိုင်ရေးအတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်လျက်ရှိသည် -
v ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ခြင်း၊
v ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်းများ၊ စက်မှု ကုန်ကြမ်းစိုက်ခင်းများ၊ အရှိန်အဟုန်မြှင့် တည်ထောင်ခြင်း၊ ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ တည်ထောင်ခြင်း၊
v သီးနှံသစ်တောရောနှောစိုက်ခင်းများ တည်ထောင် ခြင်း၊ နည်းပညာများ ပံ့ပိုးကူညီခြင်း၊ သစ်မျိုးစုံ ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင် ခြင်း၊
v မြို့ပြသစ်တောများ တည်ထောင်နိုင်ရေး အားပေး ကူညီဆောင်ရွက်ခြင်း၊
v မြစ်ချောင်း အင်းအိုင်ပတ်ဝန်းကျင်နှင့် ကမ်းရိုး တန်းတစ်လျှောက် သဘာဝသစ်ပင် သစ်တော ဂေဟစနစ်များ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး
ဆယ်စုနှစ်နှင့် ရှေ့လုပ်ငန်းစဉ်များ
ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်(၂၀၂၁ - ၂၀၃၀) သည် ယနေ့ရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများနှင့် ဇီဝမျိုးစုံ မျိုးကွဲ မျိုးသုဉ်း ပျောက်ကွယ်မှုများကို တားဆီးနိုင်မည့်၊ ကုစားနိုင်မည့် ထူးခြားသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။ ကုလသမဂ္ဂ၏ ဦးဆောင်မှုနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အကျိုးဆက်စပ် ပတ်သက်သူများနှင့် ပူးပေါင်းပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ကမ္ဘာ့အရွေ့ နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန် အထူးလိုအပ်သည်။ မတူညီသော ဂေဟစနစ် အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းရေး၊ ပြန်လည် တည်ထောင်ရေး အစီအစဉ်များ စနစ်တကျ ချမှတ် ဆောင်ရွက်ရန် လိုအပ်သည်။ သစ်ပင်သစ်တောများနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို နားလည်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များ စိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။ သစ်တောပြင်ပ သစ်ပင်များ၊ ကျေးရွာ တစ်အုပ်တစ်မနှင့် မြို့ပြသစ်တောများ၊ စိမ်းလန်းမြေများ တိုးပွားလာစေရေးအတွက် အင်တိုက်အားတိုက် အရှိန် အဟုန်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သည်။
သစ်တောများနှင့် သစ်တောဂေဟစနစ်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် သစ်တောဂေဟ စနစ် ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်စပ် ကဏ္ဍများ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပေါင်းစပ် ထည့်သွင်းဆောင်ရွက်ခြင်း၊ အထက်ဖော်ပြပါ နည်းလမ်း (၃) သွယ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် ကုလသမဂ္ဂ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်(၂၀၂၁ - ၂၀၃၀) ရည်မှန်းချက်များ၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင် နိုင်မည် ဖြစ်ပါကြောင်း “ကုလသမဂ္ဂဂေဟစနစ် ပြန်လည် ထိန်းသိမ်းရေးဆယ်စုနှစ် (၂၀၂၁ - ၂၀၃၀) ” ကို ဂုဏ်ပြု ကြိုဆိုတင်ပြလိုက်ပါသည်။ ။
- Log in to post comments