ကျွန်တော်နဲ့ ကလေးသူငယ်များ ဆင်းရဲနွမ်းပါးမှု

Type
6

 

 

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

 

ကျွန်တော့်အနေနဲ့ နိုင်ငံ့တာဝန်အမျိုးမျိုးယူခဲ့ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားခဲ့ရတယ်။ အခုလို တာဝန်များ ဆောင်ရွက်ရာမှာ ကျေနပ်မှုအရှိဆုံးအရာ တစ်ခုက ၁၉၉၂ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာဥပဒေကို သဘောတူပြီး လက်မှတ်ရေးထိုးခြင်းကိစ္စရပ် ဖြစ်ပါတယ်။

 

 

ဒီဥပဒေကို မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုပြီး ထိုးသင့် မထိုးသင့်နဲ့ ပတ်သက်တဲ့ အဆုံးအဖြတ်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပါတယ်။ လက်မှတ်ထိုးထားခြင်းကြောင့် နိုင်ငံတော်အစိုးရအပေါ် ချည်နှောင်မှုကို စိုးရိမ် ပူပန်ခဲ့ကြပါတယ်။ နိုင်ငံတကာဖိအားပေးခြင်း ခံစားနေရတဲ့ ကာလဖြစ်တာ ကြောင့် လက်မှတ်ထိုးသဘောတူတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တွေလည်း ရှိခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို သဘောတူခြင်းကြောင့် ကလေးသူငယ်များနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကို ပိုမိုဆောင်ရွက်နိုင် ကြောင်း ယုံကြည်မိပါတယ်။ ကျွန်တော့်ရဲ့အဆိုပြုချက်ကို တာဝန်ရှိတဲ့ လူကြီးများအနေနဲ့ လက်ခံနိုင်ရန် လိုအပ်တဲ့သတင်းအချက်အလက်တွေ စုဆောင်းခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ထင်ရှားလှတဲ့ ချူလာလောင်းကောင်း တက္ကသိုလ်မှ ပါမောက္ခအာတစ်နဲ့ တိုင်ပင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့ သဘောတူလက်မှတ်ထိုးမယ့်ဥပဒေကိုက်ညီမှုရှိမရှိ၊ လိုက်လျော ညီထွေမှုရှိမရှိကို ပါမောက္ခနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ဆရာက အဆင်ပြေ မှုရှိကြောင်း၊ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းမှုမရှိကြောင်း ပြောပြခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ တာဝန်ရှိသူများကို သတင်းပို့နိုင်ခဲ့တယ်။ နောက်ဆုံး ကန့်ကွက်သူတွေ၊ သဘောမတူတဲ့သူတွေ ရှိတဲ့ကြားက လက်မှတ်ထိုးဖို့ လူကြီးများရဲ့ သဘောတူညီမှုရခဲ့ပါတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုးတဲ့ အခမ်းအနားကို သူနာပြုတက္ကသိုလ်ခန်းမမှာ တာဝန်ရှိသူက ထိုးနိုင်ခဲ့တယ်။ အခက်အခဲမျိုးစုံကြားက မိမိရဲ့ဆန္ဒ အောင်မြင်ခဲ့တာမို့ ပီတိဖြစ်ခဲ့ရပါတယ်။ မိမိနိုင်ငံအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာတစ်ခုကို ဆောင်ရွက်ခဲ့တာကို လည်း ကျေနပ်မိပါတယ်။

ကလေးများရဲ့ အခွင့်အရေးကို နိုင်ငံတိုင်း၊ ယဉ်က​ျေးမှုတိုင်းက အသိ အမှတ်ပြုကြပါတယ်။ ဒါပေမယ့် တရားဝင်လက်မှတ်ထိုးမှု ကိစ္စတစ်ရပ်က အသစ်အဆန်း ဖြစ်နေတာဖြစ်ပါတယ်။ ဥပဒေအရ အာမခံပေးမှုဟာ သစ်ဆန်း တဲ့ တိုးတက်မှုတစ်ရပ်သာဖြစ်ပါတယ်။ အမှန်တော့ ကလေးတွေကို ဂရုစိုက်ဖို့ လိုတာ လက်ခံကြပေမယ့် ကလေးစစ်သားများ၊ ကလေးများအပေါ် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အဓမ္မခိုင်းစေမှုများ ရှိနေသေး တာ ဝမ်းနည်းစရာတွေ့မြင်ရပါတယ်။

ကျွန်တော့်အနေနဲ့ ၁၉၉၂ ခုနှစ်ကုန်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှာ တာဝန်ပေးခြင်းခံခဲ့ ရပါတယ်။ စီးပွားရေးပညာရှင်အဖြစ် ဌာနအသစ်ကို တာဝန်ယူခဲ့ရတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးပညာရှင်များ၊ ဥပဒေပညာရှင်များကို ခန့်ထားပြီး အခုလိုစီးပွားရေး အကြံပေးကို တာဝန်ပေးမှုမှာ သစ်ဆန်းမှုတစ်ရပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးကဏ္ဍမှ လူမှုရေးမူဝါဒနဲ့ ပတ်သက်ပြီး တာဝန်ယူခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းလို့ ပြောတဲ့နေရာမှာ အများသိတာ၊ နားလည် ကြတာက အထွေထွေညီလာခံကျင်းပတာနဲ့ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပဲ ဖြစ်ပါတယ်။ အမှန်တော့ ကုလသမဂ္ဂဟာ ပုံစံအမျိုးမျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လူသားတွေနဲ့ပတ်သက်တဲ့ ကဏ္ဍအသီးသီး အတွက် အထူးပြုအာရုံစိုက်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကလေး များအတွက်၊ အမျိုးသမီးများအတွက်၊ လူ့အခွင့်​အရေးအတွက်၊ ကျန်းမာရေး အတွက်၊ ပညာရေးအတွက်၊ ကဏ္ဍမျိုးစုံအတွက် ကုလသမဂ္ဂအဖွဲ့အစည်း များကို သီးခြားသတ်မှတ်ထားတာဖြစ်တယ်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ရုံးချုပ်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုံးစိုက်ပါတယ်။ တစ်ဖက်မှာလည်း ဒေသဆိုင်ရာရုံးခွဲများ ဖွဲ့စည်းထားပါတယ်။ အာရှတိုက် အတွက် အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသ နှစ်ပိုင်းခွဲပြီး ဖွဲ့စည်း ထားတာဖြစ်တယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးမှာလည်း နိုင်ငံဆိုင်ရာ ရုံးခွဲများ ဖွဲ့စည်းပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။ ကျွန်တော်ဟာ ရုံးချုပ်ရှိတဲ့ နယူးယောက်မှာ တာဝန်ယူပြီး နိုင်ငံအသင်းရုံးမှာလည်း တာဝန်ယူခဲ့သလို ဒေသဆိုင်ရာရုံးမှာလည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒါကြောင့် ကလေးရန်ပုံငွေနဲ့ ပတ်သက်ပြီး အဆင့်သုံးဆင့်မှာ ပါဝင်ခဲ့ရပါတယ်။

နယူးယောက်မြို့နဲ့ ဒါကာမြို့များမှာ တာဝန်ယူရင်း လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သူ ဂျပန်နိုင်ငံသူ မစ္စ ဂျွန်ကနဂီ ဟာ မြန်မာရဲ့ဌာနေကိုယ်စားလှယ် တာဝန်ယူနေတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတယ်၊ လေးစားကြပါတယ်။ တစ်နေ့က ကုလသမဂ္ဂကလေးများ ရန်ပုံငွေ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းရုံးမှ ထုတ်ပြန်တဲ့ကလေးများ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာကို မျှဝေခဲ့ပါတယ်။

အခုလိုနိုင်ငံတကာအဖွဲ့အစည်းနဲ့ အစိုးရဌာနတွေပူးပေါင်းဆောင်ရွက် ပြီး ရလာတဲ့တွေ့ရှိချက်တွေဟာ ခိုင်မာမှုရှိပါတယ်။ တစ်ချိန်က အခုလိုအစီရင် ခံစာမျိုးနဲ့ ပတ်သက်ပြီး၊ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ၊ အငြင်းပွားမှုတွေ ရှိခဲ့တယ်။ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ရလဒ်တွေဟာ ကိုယ်လိုချင်သလို ဖြစ်မလာရင် ပြဿနာတွေတက်ခဲ့တယ်။ အမှန်တော့ အခုလိုစစ်တမ်းတွေ၊ သုတေသနတွေနဲ့ ပတ်သက်ပြီး၊ အသုံးပြုခဲ့တဲ့ နည်းပညာ တွေနဲ့ ပတ်သက်ပြီး ပြည့်စုံခိုင်လုံမှုရှိမရှိကို အာရုံစိုက်ပြီး သုံးသပ်ရမှာ ဖြစ်ပါတယ်။ နည်းပညာ မှန်ကန်မှုရှိဖို့သာ အရေးကြီးတာဖြစ်ပါတယ်။ တွေ့ရှိ ချက်တွေဟာ အဖြစ်မှန်ကိုဖော်ထုတ်နိုင်ဖို့သာ ပဓာနဖြစ်တယ်။ မိမိလိုချင်တဲ့ ပုံစံဟုတ်မဟုတ်က အမှန်တော့အရေးမကြီးပါဘူး။ ကြိုက်မကြိုက်ဆိုတာထက် ရရှိတဲ့ရလဒ်အပေါ် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုသာ စဉ်းစားသွား ရမှာ ဖြစ်ပါတယ်။

အစီရင်ခံစာရဲ့ ထူးခြားချက်တစ်ရပ်အနေနဲ့ ကလေးများရဲ့ဆင်းရဲနွမ်းပါးမှု ညွှန်းကိန်းတစ်ရပ်ကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ယခင်ကာလများက အိမ်ထောင်စုနဲ့ ပတ်သက်ပြီး ဆင်းရဲနွမ်းပါးမှု အခြေအနေများကို ဆန်းစစ်တိုင်းတာဖော်ထုတ်ခဲ့ပါတယ်။ အစီရင်ခံစာကို အပိုင်းငါးပိုင်းဖြင့်တင်ပြထားခြင်းဖြစ်ပါတယ်။

ပထမပိုင်းမှာ ကလေးများရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ အန္တရာယ်ကိုဖော်ထုတ် ခဲ့ပါတယ်။ အဓိကကျတဲ့တွေ့ရှိချက် ၁၀ ချက်က အောက်ပါအတိုင်းဖြစ်ပါတယ်-

၁။ မြန်မာနိုင်ငံအတွင်း အိမ်ထောင်စုဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်ပြီး သိသိသာသာတိုးတက်အောင်မြင်မှုများ ရှိခဲ့ပါတယ်။

၂။ အောင်မြင်မှု ရရှိခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း ကလေးများရဲ့ သုံးပုံတစ်ပုံဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုအတွင်း နေထိုင်နေကြ ကြောင်း တွေ့ရှိရပါတယ်။

၃။ အရေအတွက်အနေနဲ့ သုံးသပ်ပါက ဆင်းရဲနွမ်းပါးတဲ့ ကလေးများရဲ့ ဦးရေမှာ လူကြီးဦးရေထက်များကြောင်း တွေ့ရပါတယ်။

၄။ ကလေးများရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကွဲပြားခြားနားလျက်ရှိပါတယ်။

၅။ ကလေးများရဲ့ ဆင်းရဲနွမ်းပါးမှု အနေအထားမှာ မြို့ပေါ်ရပ်ကွက် များထက် ကျေးလက်ဒေသများမှာ ပိုမိုကြောင်း တွေ့ရှိရပါတယ်။

၆။ ကလေးများအနက် အသက်ငယ်သူသည် အသက်ကြီးသူများထက် ပိုမိုဆင်းရဲကြောင်း တွေ့ရပါတယ်။

၇။ ကလေးအများစုသည် ဆင်းရဲနွမ်းပါးမှုအဆင့်ထက် အနည်းငယ်သာ ကျော်လွန်တဲ့အတွက် မထင်မှတ်သော အခက်အခဲတွေ့ပါက ဆင်းရဲတွင်း ရောက်နိုင်တဲ့ အန္တရာယ်ကြီးပါတယ်။

၈။ ကလေးများရဲ့ ဆင်းရဲနွမ်းပါးမှုမှာ အိမ်ထောင်ဦးစီးရဲ့ ပညာအရည် အချင်းနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။

၉။ မသန်စွမ်းတဲ့ကလေးများသည် ဆင်းရဲနွမ်းပါးမှုအန္တရာယ်ကို ပိုမို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

၁၀။ ဆင်းရဲနွမ်းပါးတဲ့ကလေးများ နေထိုင်သောအိမ်တွင် သန့်ရှင်းသော ရေနဲ့ လုံခြုံသောအညစ်အကြေး စွန့်ပစ်နိုင်တဲ့စနစ်များ မပြည့်စုံရုံမက နေရာထိုင်ခင်းလည်း လုံလောက်မှုမရှိကြောင်းတွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအတွင်း ကလေးအရေအတွက် ခြောက်သန်းကျော် (ကလေး ဦးရေ၏ ၃၄ ရာခိုင်နှုန်း) မှာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုများတွင် နေထိုင်ကြ ကြောင်း တွေ့ရှိရပါတယ်။ အထက်ပါတွေ့ရှိချက်များအပေါ် အခြေခံ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး တုံ့ပြန်မှုများကို ဖော်ထုတ်သင့်ပါတယ်။

ဒုတိယပိုင်းအနေနဲ့ ကိုဗစ်-၁၉ နဲ့ ကလေးများဆင်းရဲနွမ်းပါးမှု ဆက်စပ် မှုကို ဖော်ထုတ်ခဲ့ပါတယ်။ အခြေခံအချက် နှစ်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

၁။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးနဲ့ ပတ်သက်ပြီး ကာကွယ်တားဆီးရေး အစီအစဉ်များကြောင့် လူမှုစီးပွားရေးထိခိုက်မှုများ ရင်ဆိုင်နေရပြီး အလုပ်လက်မဲ့အရေအတွက်တိုးမှုကြောင့် မိသားစုများရဲ့ ဝင်ငွေ လျော့ပါးခဲ့ကြောင်း တွေ့ရှိရပါတယ်။

၂။ ဝင်ငွေလျော့နည်းမှုကြောင့် စားသုံးမှုပုံစံတွေ ပြောင်းလဲပြီး ကလေး များရဲ့ ဆင်းရဲနွမ်းပါးမှု ပမာဏမှာ ၁၀ ရာခိုင်နှုန်း တိုးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အထက်ပါအခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကလေးများအတွက် အရည်အသွေးပြည့်စုံပြီး လက်လှမ်းမီ သော အခြေခံဝန်ဆောင်မှုများဖော်ထုတ်ရန် လိုအပ်မှာဖြစ်ပါတယ်။

တတိယပိုင်းမှာ ကိုဗစ် - ၁၉ ကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ကလေးသူငယ်များရဲ့ လူမှုရေးစောင့်ရှောက်မှုအစီအစဉ်များကို ဖော်ထုတ်ခဲ့ပါ တယ်။ တည်ဆဲစနစ်များကို စနစ်တကျသုံးသပ်ပြီး လိုအပ်တဲ့ပြုပြင်မှုတွေ ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် ငွေသားထောက်ပံ့မှုတွေကို တိုးမြှင့်ရန်လိုအပ်မှာဖြစ်ပါတယ်။ ငွေသားသက်သက်ကူညီပံ့ပိုးမှုတွေ၊ အခြေခံ လိုအပ်ချက်များဖြစ်တဲ့ ကျန်းမာရေးအာဟာရမြှင့်တင်မှု၊ ကလေးများကာကွယ် စောင့်ရှောက်မှုနဲ့ ငွေစာရင်းစနစ်တကျမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။

စတုတ္ထပိုင်းမှာ ကိုဗစ်-၁၉ ကြောင့် ပြောင်းလဲလာတဲ့ အခြေအနေများကို ကြိုတင်ပြီးဆန်းစစ်ရန် လိုအပ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

နောက်ဆုံးအပိုင်းမှာ ကလေးများအတွက် ဦးစားပေးသော ပြည်သူ့ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှုများနဲ့လိုအပ်တဲ့ မူဝါဒချမှတ်ရေး၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနဲ့ပတ်သက်ပြီး ဖော်ထုတ်ခဲ့ပါတယ်။နိုင်ငံတော်အနေနဲ့ လူမှုရေးကဏ္ဍများမှာ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လိုအပ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ဒီအစီရင်ခံစာကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေချင်ပါ တယ်။ ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များ၌ တာဝန်ရှိသူများသိရှိသဘောပေါက်အောင် ဆောင်ရွက်သင့်ပါတယ်။ အုပ်ချုပ် ရေးမဏ္ဍိုင်၌ တာဝန်ယူနေသူများသာမက ဥပဒေပြုမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်မှ တာဝန်ရှိသူများ နားလည်သဘောပေါက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းများအတွက် အလွန်တန်ဖိုးရှိသော အစီရင်ခံစာဖြစ်ပါတယ်။ စာရင်းအချက်အလက်နဲ့ သတင်းအချက်အလက်များ ပြီးပြည့်စုံမှုရှိသော အစီရင်ခံစာဖြစ်တဲ့အတွက် ခိုင်မာမှုရှိသော တွေ့ရှိချက်များဖြင့် စုစည်းထား ကြောင်း တွေ့ရှိရပါတယ်။ ။