
(၈-၂-၂၀၂၃) ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူ များနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြု လူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိ မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေး လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၇)ခုအား ဆေးသုတေ သနဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ (၆-၂-၂၀၂၃)ရက်နေ့တွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 နှင့် ၎င်း၏မျိုးကွဲများကို ဓာတ်ခွဲနမူနာ (၉) ခုတွင် လည်းကောင်း၊ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 နှင့် ၎င်း၏မျိုးကွဲများကို ဓာတ်ခွဲနမူနာ (၈)ခုတွင် လည်း ကောင်း တွေ့ရှိရပါသည်။ BA.2 တွေ့ရှိသော ဓာတ်ခွဲနမူနာများတွင် BA.2 ၏ မျိုးကွဲ XBB.1 တွေ့ရှိသော ဓာတ်ခွဲနမူနာ (၂)ခု ပါဝင်ပါ သည်။
၃။ အဆိုပါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 တွေ့ရှိရသူ (၉)ဦးနှင့် BA.2 တွေ့ရှိရသူ (၅)ဦး (၎င်း၏မျိုးကွဲ XBB.1 တွေ့ရှိသူ (၂) ဦး အပါအဝင်) တို့သည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြသူများဖြစ်ပြီး ကျန် BA.2 ရောဂါပိုးတွေ့ရှိရသူ (၃)ဦး တို့သည် ပြည်တွင်းကူးစက်မှုများမှ တွေ့ရှိရခြင်း ဖြစ်ပါသည်။ ၎င်းတို့ အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ် ရက်အတိုင်း စနစ်တကျ သီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေး အခြေအနေများမှာ ကောင်းမွန်လျက်ရှိပါသည်။
၄။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ အိုမီခရွန်မျိုးရိုး ဗီဇပြောင်း ရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူ လူထုအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအား မပျက်မကွက် ခံယူကြ ပါရန် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန