
ရန်ကုန် ဖေဖော်ဝါရီ ၁၄
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၃ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ဧပြီ ၁ ရက်တွင် စတင်ကျင်းပပြီး စက်တင်ဘာလကုန်အထိ ကျင်းပရန် စီစဉ်ထား ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၃ ရာသီ MNL-2 ပြိုင်ပွဲကို အသင်းစုစုပေါင်း ရှစ်သင်း သို့မဟုတ် ကိုးသင်းဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၂ ရာသီ MNL ပြိုင်ပွဲကို အသင်း ၁၀ သင်း၊ MNL-2 ပြိုင်ပွဲကို အသင်းခုနစ်သင်းဖြင့် ကျင်းပခဲ့သော်လည်း ယခု ၂၀၂၃ ရာသီတွင် အသင်းအရေအတွက် တိုးမြင့်ကျင်းပ မည်ဖြစ်ပြီး MNL ပြိုင်ပွဲကိုအသင်း ၁၂ သင်း ပြန်လည်တိုးမြင့် ခဲ့သလို MNL-2 ပြိုင်ပွဲကိုလည်း ရှစ်သင်း သို့မဟုတ် ကိုးသင်းဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ် လိဂ်သည် လာမည့်ရာသီ MNL-2 ပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းများကို မကြာမီထုတ်ပြန်မည်ဖြစ်သည်။ ၂၀၂၂ ရာသီ MNL-2 ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အသင်းများ အနက် တန်းတက်သွားသည့်အသင်းများ၊ ဖျက်သိမ်း သွားသည့်အသင်းများ၊ မယှဉ်ပြိုင်ဖြစ်တော့သည့်အသင်းများရှိနေသဖြင့် ပြိုင်ပွဲဝင်အသင်းသစ်များ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် တန်းတက်၊ တန်းဆင်းစနစ်ကျင့်သုံးရန်အတွက် MNL-2 ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ရာသီတွင် ပထမအကျော့အပြီးတွင် ဖျက်သိမ်းခဲ့ရသလို ၂၀၂၁ ရာသီတွင်မူ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ကျင်းပပြီးစီးခဲ့ သည့် ရှစ်ကြိမ်အနက် ၂၀၁၃ ရာသီတွင် ချင်းယူနိုက် တက်အသင်း၊ ၂၀၁၄ ရာသီတွင် ဟံသာဝတီယူနိုက် တက်အသင်း၊ ၂၀၁၅ ရာသီတွင် Southern အသင်း၊ ၂၀၁၆ ရာသီတွင် မနောမြေအသင်း၊ ၂၀၁၇ ရာသီတွင် စီးတီးရန်ကုန်အသင်း၊ ၂၀၁၈ ရာသီတွင် ရွိုင်ရယ် သန်လျင်အသင်း၊ ၂၀၁၉ ရာသီတွင် ချင်းယူနိုက်တက် အသင်း၊ ၂၀၂၂ ရာသီတွင် တက္ကသိုလ်အသင်းတို့ ချန်ပီယံဆုရခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်သည် ယခုနှစ်တွင် MNL-2 ပြိုင်ပွဲကို တန်းတက်အပြင် တန်းဆင်းစနစ်ပါ ပထမဆုံးထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး