
ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ပြိုင်ပွဲမှ နာမည်ကြီး ဘာစီလိုနာ နှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်က နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုးများဖြင့် အကြိတ်အနယ် ရှိခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
ဧည့်သည် မန်ယူအသင်း သည် ဘာစီလိုနာအသင်းဘက်သို့ တုံ့ပြန်ကစားပုံ ကောင်းမွန်ခဲ့ သော်လည်း ဘောလုံးထိန်းချုပ်မှု နှင့် ဘောလုံးဖြန့်ဝေမှုအပိုင်းတွင် အမှားအယွင်းများစွာ ဖြစ်ပေါ် ခဲ့သည်။ ဘာစီလိုနာအသင်းက အဝင်အထွက်မှန်မှန်အပေးအယူ အချိတ်အဆက်မိမိဖြင့် မန်ယူအသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ဘာစီလိုနာအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၅၀ တွင် အလွန်ဆိုက သွင်းယူပေးခဲ့သည်။
ထို့နောက် ၅၃ မိနစ်တွင် ဖရက်၏ ဖန်တီးမှုကို တိုက်စစ် ကစားသမား ရက်ဖို့ဒ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် ချေပဂိုး ရရှိခဲ့သည်။ ထို့အပြင် ပွဲချိန် ၅၉ မိနစ်၌ ဘာစီလိုနာအသင်းမှ ကွန်ဒီ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ မန်ယူအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် ဦးဆောင်ခွင့်ရရှိခဲ့သည်။
သို့သော်လည်း ပွဲချိန် ၇၆ မိနစ်တွင် ရာဖင်ဟာက ဘာစီလိုနာ အသင်းအတွက် ဒုတိယဂိုးသွင်းယူနိုင်ခဲ့သည်။ တစ်ဖက်နှစ်ဂိုးစီ သရေကျ ပြီးနောက် သွင်းဂိုးများထပ်မံရရှိရန် လူစားပြောင်းလဲမှုများ ပြုလုပ်လာ ခဲ့သော်လည်း သရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ ယခုပွဲစဉ်တွင် သွင်းဂိုး ရယူနိုင်ခဲ့သော ရက်ဖို့ဒ်သည် ၂၀၁၉-၂၀၂၀ ခုနှစ်က ၄၄ ပွဲ ကစားပြီး ၂၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ၎င်း၏ အကောင်းဆုံးပုံစံကို ယခုနှစ်ရာသီတွင် ၃၅ ပွဲကစားပြီး ၂၂ ဂိုးသွင်းကာ လိုက်မီနိုင်ခဲ့သည်။
အောင်ဇော်