အာရှတိုက်သည် လူ့ယဉ်ကျေးမှုအစောဆုံးထွန်းကားခဲ့ရာ ဒေသဖြစ်ပြီး ခေတ်သစ်အနောက်တိုင်း အတွေးအခေါ်များ၏ မြစ်ဖျားခံရာဖြစ်သော ဂရိနှင့် ရောမယဉ်ကျေးမှုတို့၏ အခြေပြုရာ နောက်ခံကားချပ်သည် အရှေ့တိုင်းယဉ်ကျေးမှု ပင်ဖြစ်သည်ဟု သုတေသီတစ်ဦးက ဆိုသည်။ ရှေးအကျဆုံး ယဉ်ကျေးမှုများ ထွန်းကားခဲ့သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြားတွင် နှစ်နိုင်ငံစလုံးနှင့် ထိစပ်တည်ရှိနေသော မြန်မာ နိုင်ငံသည် ၎င်းတို့ထက် နောက်ကျစေကာမူ ကိုယ်ပိုင်ယဉ်ကျေး မှုကို ထူထောင်ထားနိုင်ခဲ့သော နိုင်ငံဖြစ်သည်။
ယဉ်ကျေးမှုဟုဆိုရာတွင် ဒြပ်ရှိနှင့် ဒြပ်မဲ့ဟူ၍ နှစ်မျိုးခွဲခြား နိုင်ပြီး ဒြပ်ရှိယဉ်ကျေးမှုသည် ကိုင်တွယ်ထိတွေ့နိုင်သည့် ရုပ်ဝတ္ထုများ(အရိုးပြာအိုးမှသည် နန်းတော်အဆောက်အအုံ များအထိ) ပါဝင်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုတွင်မူ အနေအထိုင်၊ အပြောအဆို၊ အနုပညာ၊ စာပေနှင့်အတွေးအခေါ်၊ ဓလေ့ ထုံးတမ်းအစရှိသည့် ကိုင်တွယ်ထိတွေ့ မရနိုင်သည့် အရာများ ပါဝင်သည်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများရှိကြပြီး လူမျိုးတစ်မျိုး၏ လူနေမှုအဆင့် အတန်းနှင့် တွေးခေါ်မြော်မြင်မှု အဆင့်အတန်းတို့ကို ယင်းလူမျိုး၏ ကိုယ်ပိုင်ယဉ်ကျေးမှု သွင်ပြင်လက္ခဏာများနှင့် အနှစ်သာရတို့ပေါ်တွင် လေ့လာသုံးသပ်အကဲဖြတ်ကြခြင်း ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ပျောက်လျှင် လူမျိုးလည်း ပျောက်ကွယ်နိုင်သည်ကို လေးလေးနက်နက် စဉ်းစားပါက သိရှိနိုင်သည်။
နိုင်ငံရေးရှုထောင့်မှ ကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၏ကိုယ်ပိုင် ယဉ်ကျေးမှုသည် ယင်းနိုင်ငံ၏ အမျိုးသားအင်အားစုတွင် ပါဝင်သည်။ ပထဝီနိုင်ငံရေး (Geopolitics)ဆိုသော ဝေါဟာရ ကို စတင်သုံးစွဲခဲ့သည့် ပညာရှင် Rudolf Kjellen က အာဏာ ရရေးအတွက် နယ်ချဲ့ရန်မလိုဘဲ ခေတ်မီနည်းလမ်းများ အသုံးပြု၍ မိမိယဉ်ကျေးမှုပြန့်ပွားလာအောင် ပြုလုပ်ရမည်ဟု ဆိုခဲ့ရာ ယဉ်ကျေးမှုနယ်ချဲ့ခြင်းနည်းလမ်းဖြင့် လက်အောက်ခံ၊ ဩဇာခံ ဖြစ်လာစေနိုင်သည့် သဘောတရားပင်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် အင်အားကြီးနိုင်ငံများက ၎င်းတို့၏ ကုန်အမှတ်တံဆိပ်များ၊ စားသောက်ဖွယ်ရာများ၊ တေးဂီတ၊ ရုပ်ရှင်၊ ရုပ်သံနှင့် ဖျော်ဖြေပွဲများ၊ ယဉ်ကျေးမှုပွဲတော်များနှင့် ၎င်းတို့၏ ဓလေ့ထုံးစံများ စသည်တို့ကို ကမ္ဘာသုံးဖြစ်လာ အောင်၊ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးဖြစ်လာအောင်၊ ကမ္ဘာ့ ယဉ်ကျေးမှုသဖွယ်ဖြစ်လာအောင် မီဒီယာဆိုင်ရာ နည်းလမ်း မျိုးစုံတို့ဖြင့် ကမ္ဘာတစ်ခွင်သို့ ဖြန့်ချိလျက်ရှိကြသည်ကို တွေ့နိုင်သည်။ မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပျောက်ကွယ်မသွားရအောင် တိုက်တွန်းနှိုးဆော်သူ၊ ထိန်းသိမ်း သူ၊ ကာကွယ်စောင့်ရှောက်သူတို့ကိုမူ ခေတ်နောက်ပြန်ဆွဲ သူများ၊ ရှေးရိုးဆန်၍ အမြင်ကျဉ်းသူများ၊ လူမျိုးရေး၊ ဘာသာ ရေး အစွန်းရောက်သူများအဖြစ် စွပ်စွဲပုတ်ခတ်ကြသည်ကို လည်း တွေ့မြင်နိုင်ကြမည်ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့အတွေးအခေါ် ဒဿနတို့မှာ ဗုဒ္ဓဘာသာကို အခြေပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နှစ်ကာလ အားဖြင့်လည်း ထောင်နှင့်ချီ၍ ကြာမြင့်လျက်ရှိပြီဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာလူမျိုးအများစု၏ ယုံကြည် ကိုးကွယ်ရာဖြစ်သော ထေရဝါဒဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် စပ်လျဉ်း ၍လည်းကောင်း ပျက်စီးအောင်၊ သေးသိမ်အောင် နည်းလမ်း ပေါင်းစုံဖြင့် ပြည်တွင်းပြည်ပမှ ပြုလုပ်နေကြသည်ကို တွေ့ရ သည်။ ရိုးရာယဉ်ကျေးမှုသည် မပျောက်မပျက်အောင် ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သကဲ့သို့ ခမ်းနားထည်ဝါလာအောင် မြှင့်တင်ပေးရန်လည်း လိုအပ်သည်။ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ကြရစမြဲဖြစ်ရာ မိမိတို့ခေတ်တွင် မိမိတို့၏ အမျိုးသားရေးတာဝန်ကို ကျေပွန်ကြရပါမည့်အကြောင်း။ ။