
ရန်ကုန် ဖေဖော်ဝါရီ ၂၅
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ပထမနေ့ကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ကျင်းပရာ အား/ကာ သိပ္ပံအသင်းက ဧရာဝတီ အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် ပထမဆုံး နိုင်ပွဲရရှိသည်။
လူငယ်ကစားသမား အများစုဖြင့် တည်ဆောက်ထားသည့် နှစ်သင်းတွေ့ဆုံ ခြင်းဖြစ်ပြီး အား/ကာ သိပ္ပံအသင်းက
အခွင့်အရေးများ အသုံးချနိုင် သဖြင့် ယခုရာသီ၏ ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့သည်။ အမာခံ ကစားသမားအများစု ထွက်ခွာ သွားသဖြင့် လူငယ်ကစားသမား များဖြင့် ပြန်လည်ဖွဲ့စည်းထား ရသည့် ဧရာဝတီအသင်းမှာမူ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရသည်။
အား/ကာ သိပ္ပံအသင်းသည် အေးချမ်းသာ၊ ကြည်စိုး၊ သိန်းဇော် သီဟ၊ လန်းဆန်းအောင်တို့ဖြင့် ပွဲထွက်လာပြီး ဧရာဝတီအသင်း သည် ဒဂုံစတားနှင့် ကစားခဲ့ သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ သော်လည်း အမာခံကစားသမား အများစု ပါဝင်ခဲ့သည်။ နှစ်သင်း စလုံး ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး ဂိုးသွင်းခွင့်များ လည်း အပြန်အလှန်ရခဲ့သည်။ ရှမ်းယူနိုက်တက်နှင့်ပွဲတွင် အဆုံး သတ်အားနည်းမှုကြောင့် ဂိုးမရ ခဲ့သည့် အား/ကာ သိပ္ပံအသင်း သည် ယခုပွဲတွင် အဆုံးသတ် အားကောင်းလာပြီး ၂၄ မိနစ်တွင် ဝင်းပြည့်မောင်က ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဒုတိယ ပိုင်းတွင် အား/ကာသိပ္ပံအသင်း က ဂိုးထပ်ရရန် ကြိုးပမ်းသလို ဧရာဝတီအသင်းကလည်း ကစား သမားများ အပြောင်းအလဲပြုလုပ် ကာ ချေပဂိုးရရန် ကစားအားမြှင့်ခဲ့ သည်။ ၆၄ မိနစ်တွင် ဧရာဝတီ နောက်ခံလူ ပယ်နယ်တီဧရိယာ အတွင်း လက်ထိခဲ့သဖြင့် အား/ကာသိပ္ပံအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး တိုက်စစ်မှူး သူရိန်ထွန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့သလို အနိုင်သေချာ စေမည့် ဒုတိယဂိုးရခဲ့ခြင်းဖြစ် သည်။ အား/ကာသိပ္ပံအသင်းက နှစ်ပွဲကစား သုံးမှတ်၊ ဧရာဝတီ အသင်းက နှစ်ပွဲကစား တစ်မှတ် ရထားသည်။
ပွဲစဉ် (၂) ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၂၆ ရက် (ယနေ့) တွင် သုဝဏ္ဏကွင်း၌ ရခိုင်အသင်းနှင့် ဒဂုံစတားအသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL