အုန်းပင်ကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသဝင်ငွေဖော်ဆောင်

 

အုန်းသီးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ မှုမှ    နှစ်စဉ်အမေရိကန်   ဒေါ်လာသန်း  ၁၀၀၀   ရရှိရန် ဗီယက်နမ်နိုင်ငံက မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည့် ဖေဖော်ဝါရီ ၂၇ ရက်က ဆင်ဟွာသတင်း ဌာန၏ သတင်းတစ်ပုဒ်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အဆိုပါသတင်းတွင်   ဗီယက်နမ်နိုင်ငံ၏   ပြည်တွင်းစက်မှု လုပ်ငန်းက   အုန်းအခြေခံ  အစားအစာ  ၂၀၀  ခန့်ကို  တီထွင်ခဲ့ကြောင်း၊ မိရိုးဖလာထုတ်ကုန်များအပြင် ပြုပြင် ထုတ်လုပ်သည့် ကုမ္ပဏီများသည် အုန်းပင်ထွက် သစ်သား များ၊   အုန်းမှုတ်ခွံနှင့်   အုန်းဆံမျှင်ကဲ့သို့သော    အခြား အုန်းအခြေခံထုတ်ကုန်များကို ဈေးကွက်သို့ တင်ပို့ခြင်းမှ ဝင်ငွေတိုးတက်မည့် အလားအလာကောင်းများ ရှိကြောင်း လည်း ဖော်ပြထားသည်။

 


မိမိတို့နိုင်ငံတွင် ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝ  ကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများ၊ ပင်လယ်ကျွန်းများတွင် အုန်းပင်များ အမြောက်အမြား ‌ပေါက်ရောက်ဖြစ်ထွန်းသော် လည်း စီးပွားဖြစ်အသုံးချနိုင်မှုမှာ နည်းသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်   ဗီယက်နမ်  စသည့်နိုင်ငံတို့တွင်  ခေတ်မီ နည်းပညာကို အသုံးပြု၍ အုန်းစိုက်ပျိုးခြင်းနှင့် အုန်းသီးနှင့် အုန်းပင်ထွက်ပစ္စည်းများကို        တီထွင်ဖန်တီးမှုများနှင့် ပေါင်းစပ်ကာ  အစားအစာနှင့်  အခြားထုတ်ကုန်  အမယ် များစွာ ထုတ်လုပ်နိုင်မှုတို့မှာ အတုယူဖွယ်ပင်ဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည် နယ်၊     ကျောက်ဖြူခရိုင်     ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်   စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြား ရာတွင် ‘‘စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသတွင်းကောင်းမွန် စွာ  ပေါက်ရောက်ဖြစ်ထွန်းသည့်  အုန်းပင်ကို  အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊  အုန်းနှင့်  အုန်းထွက်ပစ္စည်း များမှ အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်း အမျိုးအမည် များစွာကို ထုတ်လုပ်ရောင်းချနိုင်သည်ဖြစ်သဖြင့် ကျောက်ဖြူ ဒေသတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ ‌ ဆောင်ရွက်နိုင်ကြောင်း၊   အုန်းစိုက်ပျိုးခြင်းဖြင့်   ဒေသ အတွင်း   အုန်းထွက်ပစ္စည်းများကို  ထုတ်လုပ်နိုင်သဖြင့်  အလုပ်အကိုင်    အခွင့်အလမ်းများ    ပိုမိုဖော်ဆောင်နိုင် မည်ဖြစ်ကာ    ဒေသဝင်ငွေပိုမိုရရှိစေမည်   ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ အုန်းသီးနှင့် အုန်းထုတ်ကုန်များ ထုတ်လုပ်တင်ပို့မှုမှ  နှစ်စဉ်  ဒေါ်လာသန်းပေါင်း ၉၀၀- ၁၀၀၀ ခန့် ရရှိနေသည့် ဗီယက်နမ်နိုင်ငံကို   နမူနာယူကာ   ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိ ရေးတို့ကို ကောင်းစွာအထောက်အကူပြုလာနိုင်မည် ဖြစ်သည်။

 


ဗီယက်နမ်နိုင်ငံသည်  ၂၀၂၁  ခုနှစ်တွင်  အုန်းသီးနှင့် အခြား  ဆက်စပ်ပစ္စည်းတန်ချိန်  ၁ ဒသမ ၈၇  သန်း ထုတ်လုပ်ခြင်းဖြင့်   ကမ္ဘာပေါ်တွင်   အုန်းသီးထွက်ကုန် ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ  ဖြစ်လာကြောင်း၊  မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသတွင် အုန်းစိုက်ပျိုးဧရိယာ ဟက်တာ ၁၇၅၀၀၀ ရှိကြောင်း အထက်တွင် ဖော်ပြခဲ့သည့်  ဆင်ဟွာ သတင်းတွင်ပါရှိရာ မိမိတို့နိုင်ငံ၏ ရေ၊ မြေ  ဒေသများတွင် လည်း ကောင်းစွာပေါက်ရောက် ဖြစ်ထွန်းနိုင်သည့် အုန်းပင် ကို    အကျိုးရှိစွာ    အသုံးချနိုင်ခြင်းဖြင့်     အမျိုးသား အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်ပါ စေကြောင်း။          ။