ပြည်ထောင်စုစစ်စစ်ကို အတူတကွထုဆစ်နိုင်မည့် ငြိမ်းချမ်းရေးသန္နိဋ္ဌာန်

Type
66

 

 

မိုးကေနိုင်

 

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ကြသောကြောင့် မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့သည်။ ခေါင်းဆောင်များ၏ အနစ်နာခံကြိုးစားမှုကြောင့် မြေပြန့်နှင့် တောင်တန်းဒေသ ပူးပေါင်းနိုင်ခဲ့ကြသည်။ တိုင်းရင်းသားခေါင်းဆောင်များအားလုံး၏ ရိုးသားဖြောင့်မတ်မှုအရင်းခံကာ သမိုင်းတွင် အရေးပါသည့် ပင်လုံစာချုပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ပင်လုံစာချုပ်သည် ငြိမ်းချမ်းရေး၏သင်္ကေတတစ်ခုဖြစ်ခဲ့သည်။ တောင်တန်းနှင့် မြေပြန့်သွေးခွဲအုပ်ချုပ်ခံရမှုကို မလိုလားသည့် စိတ်ဓာတ်ပြင်းပြမှုက အမျိုးသားညီညွတ်ရေး အင်အားအရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ရိုးသားကြိုးစားမှု၊ အနစ်နာခံမှု၊ စိတ်ဓာတ်ပြင်းပြမှုတို့က စည်းလုံးညီညွတ်မှု၏ ပဓာနအကြောင်းရင်းများပင်တည်း။

ရှိခဲ့၊ ရှိဆဲ သင်ခန်းစာများ

အသွင်ကူးပြောင်းဆဲ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံတွင် ခိုင်မာသည့် ဒီမိုကရေစီဖက်ဒရယ် အိပ်မက်နှင့်အတူ မပြီး မပြတ်နိုင်သေးသော ငြိမ်းချမ်းရေးခရီးကား ဆက်လက် လျှောက်လှမ်းနေရဆဲဖြစ်သည်။ ခေတ်အဆက်ဆက် ညီညွတ်မှုမရှိ၍ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံး ခဲ့ရဖူးသည်။ အကွဲအပြဲအမျိုးမျိုးကြောင့် အကျိုးယုတ်ခဲ့ကြ ရသည့် သမိုင်းအမည်းစက်များ ရှိခဲ့ကြသည်။ သင်ခန်းစာ ယူဖွယ်ရာများကား အတိတ်မှာလည်းရှိခဲ့၊ ပစ္စုပ္ပန်မှာလည်း ရှိဆဲဖြစ်သည်။ ယခုလိုကာလမျိုးတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကား ရင်ဝယ်ရိုက်ခတ်လာခဲ့သည်။ “ဆိုရေးရှိက ဆိုအပ်လှ ဆိုသလို” ပြောစရာ ထောက်ပြစရာရှိပါက မထောက်မညှာ အားမနာဘဲ ပြောတတ်သည့် ဗိုလ်ချုပ်၏စကားများက “ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေး” “ငြိမ်းချမ်းရေး အတွက် ညီညွတ်ရေး” အရေးကြီးပုံကို ပုံဖော်နေသကဲ့သို့ ဖြစ်သည်။ “ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ကြီးပွားချမ်းသာ ရေး”တို့သည် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသကဲ့သို့ အပြန်အလှန်အမှီသဟဲပြုနေပုံကိုလည်း တိုက်ရိုက်ဖော်ပြ နေသည်။

“ကောင်းမှန်းသိ၊ သာအိတစိုစို” ဆိုသလို မဖြစ်ရန်လို

“ဗမာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင်(ဝါ ) လွတ်လပ်ရေး ရအောင် အလိုအပ်ဆုံးအရာမှာ ညီညွတ်ရေးပင် ဖြစ် ကြောင်း၊ ညီညွတ်ရေးသည် တူညီသောအကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြု ရမည်ဖြစ်ကြောင်း၊ အခုဗမာပြည်မှာ ချင်း၊ ကရင်၊ ကချင်၊ ရှမ်းတို့ ဆိုတာတွေနဲ့ ဗမာတွေနဲ့ ညီညွတ်နေကြပြီ။ ဒါပေမယ့် ဗမာအချင်းချင်းဖြစ်တဲ့ စားဖားကြီးတွေသာ ကျုပ်တို့နဲ့ မညီညွတ်နိုင်ဘဲ ကျုပ်တို့ကို ကလန်ကဆန်လုပ် နေတယ်။ သူတို့ဟာ အရင်လုပ်ဖူးလို့ 'ကောင်းမှန်းသိ၊ သာအိတစိုစို' ဖြစ်နေကြတယ်။”

“ကျားကျားမီးယပ်” မဖြစ်ကြစေဖို့

“တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိရှိနိုင်မယ်”

စသည်ဖြင့် ယနေ့ခေတ်အခြေအနေကို ထင်ဟပ်လာ ခဲ့သည့် ပြောကြားချက်များအလား ဆောင်သင့်တာ ဆောင်၍ ရှောင်သင့်တာ ရှောင်စရာတွေ များစွာရှိနေ ကြောင်း မှတ်သားမိသည်။

ထိုခေတ်ကာလ အမျိုးသားခေါင်းဆောင်ကြီးက အမှားကို ထောက်ပြခဲ့သော်လည်း လက်မခံဘဲ တဇွတ်ထိုး လုပ်ခဲ့ကြသည့်ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ အစွဲကြီး စွဲသူများအတွက် အမှားများရှိခဲ့ပုံကို သတိရမိစေသည်။ လူနာရှင်က သတိပေးနေသည့်ကြားမှ လူနာယောက်ျားကို မီးယပ်ရောဂါသည်အဖြစ် ဇွတ်ကုနေသည့် ဆေးဆရာ ကဲ့သို့ “ကျားကျားမီးယပ်” မဖြစ်ကြစေရန် သတိပေးထား ပုံသည် အမှန်အတုယူထိုက်သည့် စကားပင်ဖြစ်သည်။

စစ်မှန်သော ညီညွတ်ရေးဟူသည်

သို့ဆိုလျှင် စစ်မှန်သော ညီညွတ်ရေးဟူသည်မှာ အဘယ်နည်း။ ရှည်လျားသော ပဋိပက္ခသမိုင်းကြောင်း ရှိသည့် မြန်မာနိုင်ငံတွင် စစ်မှန်သော အမျိုးသားညီညွတ် ရေးအတွက် ရိုးသားဖြောင့်မတ်သော ရင်ကြားစေ့ရေးရှိ ဖို့ လိုအပ်သည်မှာ အထူးပြောဖွယ်ရာမရှိပါ။ စစ်မှန်သော ညီညွတ်ရေး တည်ဆောက်မှုသည် အချိန်ယူရသည်၊ မတူ ကွဲပြားမှုများကို လက်ခံရမည်မှာ ပဓာနအခြေခံဖြစ်သည်။ အားလုံးပါဝင်နိုင်ရေးမူကို လက်ခံရသည်။ အစိုးရများ၊ လွှတ်တော်များ၊ တပ်မတော်၊ ပါတီများ၊ ပြည်သူလူထု၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ အရပ်ဘက်အဖွဲ့အစည်း များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ စသည်ဖြင့် အားလုံး၏ ပါဝင်ပတ်သက်မှုအပေါ် အခြေခံ သည့် ညီညွတ်ရေးကို တည်ဆောက်ယူကြရသည်။ တောင်းဆိုမှုများကြားမှ သူ့ဘက်ကိုယ့်ဘက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေပြီး မည်သည့်ဘက်ကိုမျှ အသာစီး မရရှိစေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အနှစ်သာရ သည် အရည်အသွေးပြည့်ဝသည့် စေ့စပ်ညှိနှိုင်းမှုပင်ဖြစ် သည်။ ပေးထားချက်တစ်ခုဖြစ်သော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်သည် အမျိုးသား ညီညွတ်ရေး၏ အခြေခံအုတ်မြစ်သဖွယ် ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်မှာ လက်တွေကျသော ရှုမြင်မှုတစ်ရပ်ဖြစ်သည်။

ပြည်ထောင်စုစစ်စစ် အိပ်မက်အပြည့်အဝရပြီလား

ကျွန်တော်တို့အားလုံးထံတွင် ငြိမ်းချမ်းရေးသန္နိဋ္ဌာန် တွေ ခိုင်မာလာပြီလား။ မတူကွဲပြား ပါဝင်သက်ဆိုင်သူ အားလုံးတွင်တော့ ဘုံမျှော်မှန်းချက် တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်သည်။ ယင်းမှာ ဒီမိုကရေစီ ဖက်ဒရယ် စနစ်ကိုအခြေခံ၍ ပြည်ထောင်စုကို တည်ဆောက်မည် ဆိုသည့် “ပြည်ထောင်စု” အိပ်မက်ပင်ဖြစ်သည်။ ယခု အချိန်တွင်မူ ပြည်ထောင်စု၏ အနာဂတ်ကို ပုံဖော်နိုင်မည့် လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်နေသည်ဟူ၍တော့ ခံစားမိသည်။ လေးကြိမ်တိုင် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ အစည်းအဝေးများနှင့်အတူ ပြည်ထောင်စုသဘောတူ စာချုပ်၏ အပိုင်း သုံးခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အချက်ပေါင်း ၇၁ ချက်နှင့် ဇယားတစ်ခုအထိ သဘောတူ ညီချက်ရရှိနိုင်ခဲ့ခြင်းက သက်သေပင်ဖြစ်သည်။

သို့သော်လည်း ပြည်ထောင်စုအိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ရန်ကိုမူ ဆက်လက်ကြိုးပမ်း အားထုတ်နေရပါဦးမည်။ ဘယ်လို ဒီမိုကရေစီမျိုးလဲ၊ ဘယ်လိုဖက်ဒရယ်မျိုးလဲ သဘောထားကွဲလွဲမှုများက ရှိနေဆဲပင်ဖြစ်သည်။ လက်တွေ့အကောင်အထည်ဖော်ရာ တွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများအား ဖြေရှင်းနေရဆဲဖြစ်သည်။ အရှည်ကြာဆုံး ပြည်တွင်း ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းနိုင်မည့် အပေးအယူ၊ အလျှော့အတင်းများစွာဖြင့် လက်တွေ့လုပ်ကိုင်ပြနိုင်စွမ်း သည် တကယ့်အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ၎င်း အရည်အချင်းတစ်ရပ်ကို ဆက်လက်အားကောင်းစေရန် တည်ဆောက်နေရဆဲဖြစ်သည်။

Teamwork အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ်

ပြည်ထောင်စုစစ်စစ်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်နေဖို့ လိုအပ်ပါသည်။ အပေါ်ယံဟန်ပြညီညွတ်ပြရုံ နှင့် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေါ်မလာနိုင်ပါ။ တိုင်းရင်း သားများ၊ ပြည်သူများ၊ ခေါင်းဆောင်များအားလုံး ပါဝင် ပတ်သက်သူအားလုံး၏ အတွင်းအဇ္စျတ္တမှာကတည်းက ကိန်းအောင်းနေပြီးသော စိတ်ဓာတ်အရင်းခံသည့် စိတ်ထားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ရပါ မည်။ အားလုံးသည် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ သဘောထားအပ်သော၊ ဒီရေ၊ ဒီလေ၊ ဒီမြေကို ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပိုင်နက်သဖွယ် စွဲမြဲစွာ ခံယူသော၊ ဘယ်တိုင်းရင်းသား ဘယ်မျိုးနွယ်ပင်ဖြစ်ဖြစ် ဒုက္ခဘေးအန္တရာယ်တွေ့ရလျှင်၊ တိုက်ခိုက်ခံရလျှင် မိမိတို့ ပါထိခိုက်ခံရသကဲ့သို့ အေးအတူ ပူအမျှ မျှဝေခံစားသော စိတ်ဓာတ်ဖြင့် ကျောချင်းကပ်၊ ရင်ချင်းအပ်၍ ရပ်တည် အသက်ပေးကာကွယ်ပေးလိုသောစိတ်ဓာတ်၊ တစ်ဦး တစ်ယောက်၏ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ဖာထေး ပြုပြင်ပေးနိုင်သော စိတ်ဓာတ်များပင်ဖြစ်သည်။ ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းခံသည် Teamwork ဟုခေါ်သည့် စုပေါင်းအား၊ စုစည်းအားပင် ဖြစ်သည်ဟု နားလည်မိပါသည်။ မည်သည့်နယ်ပယ်မှာပင် ဖြစ်ပါစေ Teamwork က အရေးကြီးသည်ဟု ဆိုသော် လည်း ထင်သလောက်တည်ဆောက်ရန် မလွယ်ကူသည့် စိတ်ဓာတ်ခွန်အားတစ်ရပ် ဖြစ်သည်ဟုလည်း အတွေ့ အကြုံများက ပြသနေပါသည်။ မိမိတို့တွင် တူညီသော ပန်းတိုင်တော့ရှိနေပါပြီ။ သို့ဆိုလျှင် အဘယ်ကြောင့် ခက်ခဲနေရဆဲ ဖြစ်နေရပါသနည်း။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ နားလည်ခံစားပေးမှု၊ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှု၊ တန်ဖိုးထားနိုင်မှုနှင့် တန်ဖိုးထားတတ်မှု၊ အပေးအယူသာတူညီမျှမှုနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိမှု စသည့်အရာတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ရန်တော့ ဆက်လက်ကြိုးပမ်းအားထုတ်ကြရပါဦးမည်။ ဤအရည် အသွေးများသည် လက်တွေ့ကျကျ ပိုင်ဆိုင်ရမည့် အရည် အချင်းများသာဖြစ်သည်။ စိတ်ဓာတ်ကောင်းမှ Teamwork ကောင်းသလို Teamwork ကောင်းမှလည်း စုပေါင်း စိတ်ဓာတ်၊ ညီညွတ်မှုစွမ်းအားကိုရရှိစေကာ ရလဒ်ကောင်း များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အောင်မြင်သောစေ့စပ်ညှိနှိုင်းမှုအတွက်

ရရှိပြီးအားသာချက်များ

ယနေ့အချိန် အခြေအနေကား အခွင့်အလမ်းပေါင်း များစွာကို ပိုင်ဆိုင်ဆုပ်ကိုင်ထားနိုင်သော အခါကာလတစ်ခု ဟုဆိုချင်ပါသည်။ ကျယ်ပြောသောလမ်းကြောင်းပေါ်တွင် ရွေးချယ်စရာလမ်းသွယ်ပေါင်းများစွာရှိနေသည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တစ်လျှောက် အကြိမ်ပေါင်းများစွာ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည့် ရလဒ်များနှင့်အတူ ရှေ့ခရီးအတွက် ရရှိပြီးသော အားသာချက်များကိုလည်း ပိုင်ဆိုင်ပြီး ဖြစ်သည်။ ဆွေးနွေးဖက်များအကြား နားလည်မှု၊ ရင်းနှီးမှု တွေ ပိုတိုးလာကြပြီဖြစ်သည်။

တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေ ရှိလာကြသည်။ သံသယတွေ လျော့ပါးလာကြသည့်အလျောက် ပွင့်ပွင့် လင်းလင်းထင်သာမြင်သာ ရှိလာကြမည်ဖြစ်သည်။ ၎င်း အားသာချက်များကို စုစည်းမှုကောင်းကောင်း၊ စိတ်သဘာ ထားပြည့်ဝမှုဖြင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် တန်းတူညီမျှ မှုကို အခြေခံသည့် ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို တည်ဆောက်နိုင်မည်ဟု ယုံကြည် ပါသည်။ ပြည်ထောင်စုစစ်စစ်ကို ထုဆစ်နိုင်မည့်ငြိမ်းချမ်း ရေးသန္နိဋ္ဌာန်ကို ပြသရမည့် အချိန်အခါကောင်းသည် ယခု အချိန်ပင် ဖြစ်ပါသည်။ အစွဲကင်းသည့် ဘက်မလိုက်မှုများ ဖြင့် ယခုထက်ပိုမိုသော၊ ထိရောက်သောအချင်းချင်း ပြောဆိုဆက်ဆံမှုများသည်သာ အောင်မြင်သော စေ့စပ် ညှိနှိုင်းမှုကို ဖြစ်စေပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် လူတိုင်းလူတိုင်းသည် မည်သို့မည်ပုံဖြင့် ကိုယ့်ရဲ့နောက်ဆုံးအချိန်ဖြစ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပါ။ အသက်ရှင်နေသည့် တစ်ရက်၊ တစ်မိနစ်၊ တစ်စက္ကန့်တိုင်းသည် ငြိမ်းချမ်းရေးအတွက် အရေးကြီးပါသည်။ ပြည်သူအားလုံးအတွက် ရှင်သန်မှု၊ တိုင်းရင်းသားအားလုံးပျော်ရွှင်မှုတွေ ပေးနိုင်ဖို့၊ အပြုံး ပန်းတွေဆင်နိုင်ဖို့ နှောင့်နှေးစေသည့် အရာဟူ၍ ဘယ်အရာမှမရှိသင့်တော့ပါ။ အမှန်အားဖြင့် ငြိမ်းချမ်းရေး ဟူသောသဘောတရားသည် အချိန်တိုင်းကြိုးပမ်းနေရမည်၊ လုပ်ဆောင်နေရမည့်လုပ်ငန်းစဉ်နှင့်အတူ စဉ်ဆက်မပြတ် ဖော်ဆောင်နေရမည့် သဘောတရားတစ်ခုဖြစ်သည်။ သို့မှသာ အားလုံးမျှဝေခံစားနိုင်မည့် ဖွံ့ဖြိုးမှုကို ပြည်သူ ပြည်သားအားလုံး ရရှိခံစားနိုင်လိမ့်မည်ဖြစ်သည်။ တန်ဖိုး မဖြတ်နိုင်သည့် လူအသက်ပေါင်းများစွာကို ကယ်တင် နိုင်လိမ့်မည်ဖြစ်သည်။ အတားအဆီး၊ အနှောင့်အယှက် မှန်သမျှ ကျော်လွှားနိုင်မည့် ပြည်ထောင်စုစိတ်ဓာတ် အားလုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ထပ်လောင်းကတိ ပြုကြပါစို့။ ။