လူငယ်မျိုးဆက်သစ် ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ယူ - ၁၅ လိဂ်ပြိုင်ပွဲကျင်းပမည်

 

ရန်ကုန်  မတ်  ၂


မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်သည် လူငယ်မျိုးဆက်သစ် ဘောလုံး သမားများ ထွက်ပေါ်လာရေးအတွက်   ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏    လမ်းညွှန်ချက်များအတိုင်း    FIFA-MFF U15 Youth League 2023   ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်သည်။  

 


ယင်းပြိုင်ပွဲ    အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   မတ် ၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်း အဝေး (၁/၂၀၂၃)တွင်  အဓိက  ဆွေးနွေးခဲ့သည်။  အဆိုပါပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ မြို့နယ်များမှ ယူ - ၁၅ အမျိုးသား အသင်းများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး အသင်းတစ်သင်း ချင်းစီအတွက်  ထောက်ပံ့ကြေးများပေးအပ်ရေး၊ လူငယ်လိဂ်ပြိုင်ပွဲအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ  စနစ်တကျ ကျင်းပရေး၊ ပရိသတ်များ အားပေးနိုင်ရေးအတွက် တိုက်ရိုက်ထုတ်လွှင့်မှု စီစဉ်ဆောင်ရွက်ရေးနှင့် သတင်းအချက်အလက်များ ထုတ်ပြန်ရေး၊ ထူးချွန်သည့် ကစားသမား များအား Scouting Team ထားရှိပြီး သက်တမ်းအလိုက် မြန်မာလူငယ် လက်ရွေးစင်အသင်းများအတွက်   ရွေးချယ်နိုင်ရေး  အစရှိသည်တို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။    မြန်မာနိုင်ငံ    ဘောလုံးအဖွဲ့ချုပ်သည်   FIFA-MFF U15 Youth League 2023 ပြိုင်ပွဲကျင်းပရေးအတွက် ပြင်ဆင်မှုများ    ပြုလုပ်လျက်ရှိပြီး   သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊  မြို့နယ်များမှ အသင်းများအား    မကြာမီ  ဖိတ်ခေါ် သွားမည်ဖြစ်သည်။ 

 


ထို့ပြင်  အသင်းများ မှတ်ပုံတင်ဝင်ခွင့်လျှောက်ထားခြင်း၊ အသင်းဝင် အရေအတွက် သတ်မှတ်ချက်ထက်  ကျော်လွန်နေပါက ခြေစစ်ပွဲများ ကစားခြင်း၊ အသက်မှန်ကန်မှု  စစ်ဆေးခြင်းနှင့်  အသင်းတစ်သင်း တွင်ထားရှိရမည့် သတ်မှတ်စံနှုန်းများ၊ အုပ်ချုပ်နည်းပြအဖွဲ့များ ဖွဲ့စည်း ခြင်းတို့အတွက် ဆက်လက်ထုတ်ပြန်မည်ဖြစ်သည်။           

ကိုညီလေး