မော်လမြိုင်မြို့ ရာမညအားကစားကွင်းသစ်ဖွင့်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

မော်လမြိုင်    မတ်     ၃


၂၀၂၃  ခုနှစ်   မတ်    ၁၉  ရက်တွင်    ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရာမညအားကစားကွင်း  ဖွင့်ပွဲအခမ်းအနားကို   မတ် ၃  ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပသည်။  

 


အခမ်းအနားကို        မွန်ပြည်နယ်     ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်မြတ်သက်ဦး၊   ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊  လုံခြုံရေး နှင့်    နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးကျော်စွာမြင့်၊    လူမှုရေးရာ ဝန်ကြီး    ဦးမြတ်သွင်တို့က    ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  က    ရာမညအားကစားကွင်းအား    စက်ခလုတ်နှိပ်   ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းအား  အမွှေးနံသာရည် များ ပက်ဖျန်းပေးသည်။

 


ထို့နောက် မွန်ပြည်နယ် ၁၀ မြို့နယ်  အသက် ၁၈  နှစ်အောက်   အမျိုးသား/အမျိုးသမီး    ပြေးခုန်ပစ် ပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားတွင်  ပြည်နယ်ဝန်ကြီးချုပ်က   အမှာစကား  ပြောကြားရာ   မြန်မာ့အားကစားကို  အစွမ်းကုန်  ထူးကဲစွာ အားပေးချီးမြှောက်နေသည့် အချိန်ကာလ  ဖြစ်သည့်အတွက် အားကစားသမား များအနေဖြင့်  မိမိတို့၏ စွမ်းပကားအရည်အသွေး များကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး  မိမိတို့အနိုင်ရရှိ ရေးကို အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ပါဝင် ယှဉ်ပြိုင်သွားကြရန်နှင့်  ယခုပြိုင်ပွဲတွင်   ပြည်နယ် ဂုဏ်ဆောင်၊     နိုင်ငံ့ဂုဏ်ဆောင်    လက်ရွေးစင်     အားကစားသမားများဖြစ်လာအောင်   ကြိုးစားသွား ကြရန် တိုက်တွန်းပြောကြားသည်။

 


ဆက်လက်၍        အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ မွန်ရိုးရာအက အလှ၊ မြန်မာ့သိုင်း၊ Physical Fitness Dance အက များဖြင့်    သရုပ်ပြဖျော်ဖြေနေမှုများကို  ပြည်နယ်  ဝန်ကြီးချုပ်နှင့်    ပြည်နယ်ဝန်ကြီးများက   ကြည့်ရှု  အားပေးပြီး    ဂုဏ်ပြုဆုငွေများ     ပေးအပ်ချီးမြှင့်  သည်။

 


ယင်းနောက်   မီတာ ၁၀၀ နှင့်   မီတာ  ၄၀၀ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ   ပြိုင်ပွဲအလိုက်   ပထမ၊ ဒုတိယ၊  တတိယဆု   ရရှိသူများအား   ပြည်နယ်  ဝန်ကြီးချုပ်နှင့်    ပြည်နယ်ဝန်ကြီးများက   ဆုများ ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။


စည်သူ(ပြန်/ဆက်)