ညီညွတ်မှုဖြင့် ပြည်ထောင်စုတည် နိုင်ငံ၏ အသည်းနှလုံး

Type
99

 

 

သိန်းထွန်း(IR)

 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံမြို့လေးတွင် စုဝေးရောက်ရှိနေကြသည်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည်။ နိုင်ငံ့အနာဂတ်အရေးအတွက်၊ စည်းလုံးသော၊ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ထောင်ရေးအတွက် မျက်နှာချင်းဆိုင်ကြသည်၊ ဆွေးနွေး ညှိနှိုင်းကြသည်၊ အဖြေရှာကြခဲ့သည်၊ သဘောတူလက်မှတ်ရေးထိုးခဲ့ကြ၏။ ယင်းမှာ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိဒါန်းအစပင်ဖြစ်ပါ၏။ မြန်မာ့သမိုင်းအဆက်ဆက်တွင် တိုင်းရင်းသားညီအစ်ကိုများအကြား ပထမဆုံးသဘောတူလက်မှတ်ရေးထိုးကြသည့် ပြည်ထောင်စုသဘောတူစာချုပ်ဟု ဆိုရမည့် ပင်လုံစာချုပ် ချုပ်ခဲ့ကြသည်။

ထို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပင်လုံ စာချုပ်ကို လွယ်လွယ်ကူကူ လက်မှတ်ထိုးနိုင်ခဲ့သည်တော့မဟုတ်။ နယ်ချဲ့တို့၏ သွေးခွဲမှုအမျိုးမျိုးအပါအဝင် အခက်အခဲများကြားမှ မှန်ကန်သော စေတနာ၊ မဆုတ်မနစ်သောဇွဲဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များက အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ခဲ့ရခြင်း ဖြစ်ပေသည်။ မြန်မာ့လွတ်လပ်ရေးထက် တစ်နှစ်ခန့်စောသော တိုင်းရင်းသားညီအစ်ကိုများအကြား သဘောတူစာချုပ် ပင်။ ယနေ့ဆိုလျှင် ပင်လုံစာချုပ် ချုပ်ခဲ့သည်မှာ နှစ်ပေါင်း ၇၄ နှစ်ပင် ကြာခဲ့လေပြီ။

ထိုတိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိခဲ့လျှင် မြန်မာ့လွတ်လပ်ရေးမည်သို့ဖြစ်မည်နည်း။ ပြည်ထောင်စု မြန်မာနိုင်ငံအနာဂတ် မည်သို့ ဖြစ်မည်နည်း။ ထိုမေးခွန်း တို့၏ အဖြေသည် ပင်လုံစာချုပ်ဆိုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပင် ဖြစ်ပေလိမ့်မည်။ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ပြီးနောက် ပြိုကွဲနေသော ကမ္ဘာ့နိုင်ငံများကို နမူနာယူနိုင်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားများဖြင့် စုစည်းနေထိုင်ကြသည့် နိုင်ငံ ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံအတွက် အသည်း နှလုံးပင် ဖြစ်၏။ ထို့အတွက် တိုင်းရင်းသားများ၏ ညီညွတ်မှုသည် လွတ်လပ်ရေးအတွက် အထူးပင် အရေးပါခဲ့သကဲ့သို့ နောင်တွင်လည်း ဆက်လက် အရေးပါနေဦးမည် ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသရုပ်

မိမိတို့နိုင်ငံတွင် ပြည်ထောင်စုနေ့ဟု ဆိုလိုက်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသရုပ်၊ လွတ်လပ် ရေးအတွက် အခြေခံအုတ်မြစ်ဟု အားလုံးက နားလည် လက်ခံထားပြီး ဖြစ်သည်။ အထူးသဖြင့် ကိုလိုနီအုပ်ချုပ် ရေးကာလအလွန် အနာဂတ် မြန်မာနိုင်ငံတည်ဆောက် ရေးအတွက် တိုင်းရင်းသားများ၏ တစည်းတလုံးတည်း သဘောကိုပြသသော အမှတ်လက္ခဏာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးဖြင့် စုစည်းနေထိုင်ကြသည်ဆိုသည်မှာ မိမိတို့နိုင်ငံ၏ ထူးခြား သော ဝိသေသလက္ခဏာဖြစ်သည်ဆိုသည်ကို အစဉ် သတိချပ်ကြရပါမည်။ မတူကွဲပြားသော တိုင်းရင်းသား များ စုစည်းနေထိုင်ကြသည်ဆိုသည်မှာ အားသာချက်များ ရှိနေ သကဲ့သို့ အားနည်းချက်များလည်း ရှိနေနိုင်ပါသည်။ သုံးတတ်လျှင်အား၊ မသုံးတတ်လျှင် ကျားဆိုသကဲ့သို့ ထိုမတူကွဲပြားမှုများကို မည်ကဲ့သို့ရှုမြင်၍၊ မည်ကဲ့သို့ ကိုင်တွယ် ကျင့်သုံးမည်ဆိုသည်က ပို၍အရေးကြီးပေ လိမ့်မည်။

မြန်မာ့သမိုင်းတွင် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် တည်ထောင် ခဲ့သည့် သမိုင်းဖြစ်စဉ်များတွင် နိုင်ငံစည်းလုံးညီညွတ် အားကောင်းချိန်တွင် နိုင်ငံတည်ဆောက်နိုင်၍ နိုင်ငံ အတွင်း သူတစ်လူ ငါတစ်မင်းနှင့် စည်းလုံးမှုပြိုကွဲနေချိန်၊ အုပ်ချုပ်ရေးအာဏာလျော့ကျလာချိန်တွင် နိုင်ငံပြိုကွဲခဲ့ သည်ကို တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်တွင် နိုင်ငံအနှံ့ နည်းလမ်းမျိုးစုံဖြင့် တိုင်းရင်းသားအားလုံးက တော်လှန်တိုက်ခိုက်ခဲ့ကြသော် လည်း တစုတစည်းတည်း စုစည်းနိုင်မှု အားနည်းခဲ့ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော နယ်ချဲ့ ဆန့်ကျင်ရေးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစုတစည်းတည်း ပေါင်းစည်းနိုင်ခဲ့သဖြင့် နယ်ချဲ့တို့၏ နောက်ဆုံးအချိန်အထိ အမျိုးမျိုးသွေးခွဲမှုများ အကြားမှ တိုင်းရင်းသားများစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေး ရယူနိုင်ခဲ့သည်မှာ စည်းလုံးညီညွတ်ရေး၏ အရေးပါမှုပင် ဖြစ်ပေသည်။

ခေါင်းဆောင်မှုအောက်မှ စည်းလုံးညီညွတ်ရေး

သို့သော်လည်း ပင်လုံစာချုပ်ဖြင့် စုစည်းနိုင်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ကြာရှည်မခံခဲ့။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေး တစ်စတစ်စ ပြိုကွဲလာခဲ့ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည်လည်း လွတ်လပ်ရေးနှင့်အတူ ပေါက်ပွား လာခဲ့သည်မှာ ယနေ့အထိပင်။ သို့ဆိုပါလျှင် ဗိုလ်ချုပ် အောင်ဆန်းရှိစဉ်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မရှိတော့သည့်အချိန်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲခဲ့သည်ကို ကြည့်ခြင်း အားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ခေါင်းဆောင်မှု အရည်အသွေးနှင့် ဆက်နွှယ်နေသည်မှာ လည်း သတိချပ်ဖွယ်ပင်ဖြစ်၏။

ခေတ်အဆက်ဆက် နိုင်ငံထူထောင်ခဲ့ကြသည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့သည် အစိတ်စိတ်ကွဲပြားနေသော မြန်မာနိုင်ငံကို ခိုင်မာအောင် တည်ထောင်နိုင်ခဲ့သည်ကို ကြည့်ရှုခြင်းအားဖြင့် တိုင်းရင်း သား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ခိုင်မာ သော ခေါင်းဆောင်မှုလိုအပ်ကြောင်း တွေ့မြင်ကြရမည် ဖြစ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ ခေတ်သစ်မြန်မာ့သမိုင်းတွင် သွေးစည်းညီညွတ်သည့် အချိန်ကာလနှင့် အချင်းချင်းသွေးကွဲကာ ပဋိပက္ခများ၊ တိုက်ခိုက်မှုများနှင့် ဖြတ်သန်းရသည့်ကာလ နှိုင်းချိန်ပါက အချင်းချင်းသွေးကွဲသည့်ကာလ ပိုမိုများပြားခဲ့သည်ကို တွေ့ရပေမည်။ သို့အတွက်လည်း နိုင်ငံပြန်လည် တည်ဆောက်နိုင်သည့် အချိန်ကာလ နည်းပါးခဲ့ပြီး အဆင်းရဲဆုံးနိုင်ငံဘဝ ရောက်ခဲ့ရသည်မှာလည်း စည်းလုံးမှုမရှိခြင်း၏ အကျိုးဆက်တစ်ခုဟု ဆိုရပါမည်။ ခေတ်အဆက်ဆက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသည့် အရင်းခံအကြောင်းတရားတို့တွင် တိုင်းရင်းသားပြဿနာ၏ အရင်းခံကို လျစ်လျူရှုခြင်း၊ လူမျိုးစွဲ၊ ဝါဒစွဲကြီးမားခြင်း၊ ရာထူးအာဏာနှင့် ကိုယ်ကျိုး စီးပွားရှာခြင်း၊ အမုန်းတရားနှင့် အာဃာတရှိနေခြင်း၊ သွေးထိုးလှုံ့ဆော်မှုများရှိနေခြင်းတို့ကို အဓိကတွေ့ရနိုင် သည်။

ရေရှည်ခိုင်မာသော ပြည်ထောင်စု

တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသော နိုင်ငံ တွင် ခိုင်မာ၍ ရေရှည်တည်တံ့သော ပြည်ထောင်စုအဖြစ် တည်ထောင်ရန်ဆိုပါက တိုင်းရင်းသားညီအစ်ကို မောင်နှမ များနှင့် သက်ဆိုင်သူများအားလုံးအကြား ထာဝရတည်တံ့ သော ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးဆိုင်ရာ ဘုံ သဘောတူညီချက် များအပေါ်အခြေခံရန် လိုအပ်မည်ဖြစ်ပေသည်။ ထို့အတူ စည်းလုံးညီညွတ်မှုနှင့် ရင်ကြားစေ့ရေးတည်ဆောက်ရာတွင် စည်းလုံးမှုကို ပျက်ပြားစေသည့် အရင်းခံအကြောင်းတရား များကိုလည်း အစွဲကင်းကင်း၊ အာဃာတကင်းကင်းဖြင့် ရှာဖွေဖြေရှင်းကြရန် ဦးစွာ လိုအပ်ပေလိမ့်မည်။

မိမိတို့နိုင်ငံတွင် ပင်လုံသဘောတူစာချုပ် ချုပ်ဆိုခဲ့ သည်မှာ နှစ်ပေါင်း ၇၄ နှစ် ရှိသည့်တိုင် တိုင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးခရီးလမ်းမှာ မြင့်ချီ နိမ့်ချီ အတက်အကျများနှင့်ရှိနေဆဲပင်။ ယခုအချိန် သည် မိမိတို့အားလုံးအကြား ကျောခိုင်းနေကြရမည့်အချိန် မဖြစ်သင့်တော့၊ မိသားစုစိတ်ဓာတ်ဖြင့် မျက်နှာချင်းဆိုင် သင့်ပေပြီ။ စည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုသည်ကလည်း သဘောတရားနှင့် လက်တွေ့ ဟန်ချက်ညီရန် လိုအပ်ပါသည်။

ဘုရားဟော စည်းလုံးညီညွတ်မှု

နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ နိုင်ငံတစ်နိုင်ငံ ၏ ရပ်တည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပျက်သုဉ်းမှုတို့ကို ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၊ မင်းတို့ မဆုတ်ယုတ် ကြောင်း တရားခုနစ်ပါးတွင် အောက်ပါအတိုင်း လေ့လာ တွေ့ရှိနိုင်ပါ၏-

မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို မိန့်တော်မူ ၏။

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန် ၏လော။ အကြိမ်များစွာ စည်းဝေးကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း” ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးကုန်၏။ အကြိမ်များစွာ စည်းဝေးကုန်၏” ဟု အကျွန်ုပ် ကြားရပါသည်ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေး လျက် အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

“အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေး ကုန်၏လော၊ အညီအညွတ် အစည်းအဝေးမှ ထကုန်၏ လော၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက် ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း” ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား “ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏၊ အညီအညွတ် အစည်းအဝေးမှ ထကုန် ၏၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက် ကုန်၏” ဟု အကျွန်ုပ် ကြားရပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေး လျက်၊ အညီအညွတ် အစည်းအဝေးမှ ထလျက် ဝဇ္ဇီတိုင်း ရေးကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေသမျှ ကာလ ပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

သို့သော်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း၏ ဖြားယောင်းမှု၊ အချင်းချင်းစိတ်ဝမ်း ကွဲစေမှုတို့ကြောင့် ဝဇ္ဇီတို့ပျက်စီးခဲ့ကြရပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ ရေသောက်မြစ်ဖြစ်သော စည်းလုံးညီညွတ်မှုပြိုကွဲသည်နှင့် နိုင်ငံပျက်စီးရသည့် သာဓကပင်ဖြစ်၏။

အသွင်ကူးပြောင်းရေးနှင့် အကြီးမားဆုံး စိန်ခေါ်မှု

ယနေ့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံ၏ အကြီး ဆုံး စိန်ခေါ်မှုဟုဆိုပါလျှင် စည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဟု ဆိုရပါမည်။ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့သည် အသွင်ကူးပြောင်း ရေးနှင့် တိုက်ရိုက်အချိုးကျနေပါသည်။ ယင်းလုပ်ငန်းစဉ် များတွင် အမျိုးသားရင်ကြားစေ့ရေးသည် မရှိမဖြစ်လိုအပ် ချက်တစ်ရပ်လည်း ဖြစ်၏။ အမျိုးသားရင်ကြားစေ့ရေး မရှိပါဘဲ စည်းလုံးမှုတည်ဆောက်ရန် ခက်ခဲပါလိမ့်မည်။

အမျိုးသားရင်ကြားစေ့ရေးသည် အတိတ်ကိုခြေရာကောက် ခြင်းနှင့် အခြေအနေကို ဖန်တီးယူခြင်းဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးသည် ဖြစ်စဉ်တို့၏ အရင်းခံ အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ယင်းသို့ သောဖြစ်စဉ်များ အထပ်ထပ် အဖန်ဖန်ဖြစ်နေခြင်းကို ကာကွယ်ရန် ဖြစ်ကြောင်း၊ စစ်ပွဲအလွန်နိုင်ငံများအနက်

တစ်ဝက်သည် တိုက်ခိုက်မှုများအပြီး ပထမဆယ်စုနှစ် အတွင်း ပဋိပက္ခများ ပြန်လည်ဖြစ်ပွားသည်ကို တွေ့ရ သဖြင့် အမျိုးသားရင်ကြားစေ့ရေး မပျက်ပြားစေရေး ကြိုတင်တားဆီးရေးသည် များစွာ အရေးပါပါကြောင်း၊ သို့သော်လည်း ရင်ကြားစေ့ရေးသည် ငြိမ်းချမ်းရေး သဘောတူချက် အားလုံးနီးပါး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သော်လည်း ရင်ကြားစေ့ရေး တိုးတက်ရန် အမှန် တကယ်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ နားလည်မှု မရှိတတ်ကြကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဆိုပါသည်။

သို့ဖြစ်ရာ မိမိတို့မြန်မာနိုင်ငံတွင်လည်း အသွင် ကူးပြောင်းရေးဆိုင်ရာ တွေးစရာ တစ်ခုရှိလာသည်မှာ စည်းလုံးညီညွတ်မှုအတွက် အသွင်ကူးပြောင်းခြင်းလား သို့တည်းမဟုတ် သွေးကွဲမှုအတွက် အသွင်ကူးပြောင်း ခြင်းလား သို့တည်းမဟုတ် မည်သည့်ရည်ရွယ်ချက် အတွက် အသွင်ကူးပြောင်းခြင်းလဲဆိုသည့် မေးခွန်း သည် မေးရန်လွယ်သလောက် ဖြေရန်ခက်ခဲနိုင်ပါ၏။

ဗိုလ်ချုပ်အောင်ဆန်း၏ သဘောတရားပါသော

လက်တွေ့

မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၏ ပဲ့ကိုင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်ဝါရီလ ၁၃ ရက်နေ့က ဗြိတိသျှ နန်းရင်းဝန် အက်တလီနှင့် အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်တွင် တွေ့ဆုံစဉ် “ကျုပ်တို့ ဗမာပြည်အကြောင်း ပြောကြားတဲ့ အခါတိုင်း စည်းလုံးညီညွတ်ပြီး လွတ်လပ်တဲ့ ဗမာပြည် တစ်ပြည်လုံးကို မျက်စိထဲမှာ မြင်ယောင်ပြီး ပြောတာ ဖြစ်တယ်။ ကျုပ်တို့တစ်ပြည်လုံး စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်ရာမှာ ကျွန်ုပ်တို့နိုင်ငံတွင်းမှာရှိတဲ့ လူမျိုးစုအားလုံးကို ပြည်ပ ပယောဂမပါဘဲ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ပေးရင် ကျွန်ုပ်တို့ မကျော်လွှားနိုင်တဲ့ အခက်အခဲဆိုလို့ ဘာမျှရှိမည်မဟုတ်ဘူး၊ အားလုံးစည်းလုံး ညီညွတ်လာမှာ အမှန်ပါပဲ” (ဦးဖေခင်၊ ကိုယ်တွေ့ပင်လုံ)။

ယင်းပြောကြားချက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံစည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နှင့် မျှော်မှန်းချက်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အမြော်အမြင်၊ အပြောနှင့် အလုပ်ညီစွာပင် ၁၉၄၇ ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်မှာ လက်တွေ့ပင် မဟုတ်ပါလား။

ညီညွတ်မှုဖြင့် ပြည်ထောင်စုတည်

ယခုကဲ့သို့ အတိတ်သမိုင်းကြောင်းတို့အား တူးဆွ၍ သာဓကထုတ်ရခြင်းမှာ ပို၍ပို၍ စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီးတည်ဆောက်ရေး အထောက်အပံ့ဖြစ် စေလိုရေး ရည်ရွယ်ရင်းဖြစ်ပါ၏။ ယနေ့ ကျင်းပနေဆဲ (၂၁) ရာစုပင်လုံသည် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများကို ရည်ရွယ်၍ တွေ့ဆုံညှိနှိုင်း အဖြေရှာမှုများ အကောင် အထည်ဖော်ခြင်းပင် ဖြစ်သည်။

အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ မတူ ကွဲပြားသောလူများနှင့် ကွဲပြားခြားနားသောအရာများ အကြား သဟဇာတဖြစ်မှုကို ရှာဖွေခြင်းဟု နားလည် လက်ခံမိပါသည်။ အောင်မြင်သော အမျိုးသားရင်ကြား စေ့ရေးသည် ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများမဟုတ်၊ ပညာဉာဏ်နှင့်ယှဉ်သော လမ်းညွှန်ချက်များအပေါ်တွင်သာ မူတည်သည်ဟု မှတ်သားဖူးပါ၏။ မိမိတို့နိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုး ပေါင်းစုံ နေထိုင်သောနိုင်ငံတွင် အရှိတရားဖြစ်သည့် မတူကွဲပြားမှုများကို နားလည်လက်ခံရန်နှင့် သဟဇာတ ဖြစ်သော ဘုံသဘောတူညီချက်ရှာဖွေနိုင်မှသာ စည်းလုံး ညီညွတ်စွာဖြင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည် ဖြစ်ပေသည်။