မြန်မာ - ထိုင်း ချစ်ကြည်ရေး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာမှ ရွှေရာမာန်က ထိုင်းမှ ဒီးဒုတ်ကို အလဲထိုးအနိုင်ရရှိ

 

ရန်ကုန်   မတ်   ၄ 


မြန်မာ - ထိုင်း ချစ်ကြည်‌ရေး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို ကရင် ပြည်နယ် လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာ၌ မတ် ၄ ရက်က ကျင်းပရာ မြန်မာမှ‌ ရွှေရာမာန်က ထိုင်းမှ ဒီးဒုတ်ကို အလဲထိုးအနိုင်ရရှိသည်။

 


အဆိုပါပြိုင်ပွဲ အမျိုးသားငါးချီစိန်‌ခေါ်ပွဲများ၌‌ ရွှေရာမာန်(ဧကရာဇ်)နှင့် ဒီးဒုတ်(ထိုင်း)တို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီ၌ သူတင်ကိုယ်တင် အမှားမခံဘဲ ထိုးခဲ့ကြသည်။တတိယအချီ၌‌ ရွှေရာမာန်၏ လက်သီးတွဲလုံး များ‌ကြောင့် ဒီးဒုတ် အနား‌တောင်းခဲ့ပြီး  တတိယအချီမှာပင်‌  ဒီးဒုတ်ကို အလဲထိုးအနိုင်ရရှိခဲ့သည်။ အဲမွီ(နဂါးမင်း)နှင့် ကော့နန်းဖား(ထိုင်း)တို့ ပွဲတွင် ပထမအချီမှ ပဉ္စမအချီအထိ ထိုးခဲ့ကြ‌သော်လည်း အနိုင်အရှုံးမပေါ် ဘဲ ပူးတွဲသရေကျခဲ့သည်။ အမျိုးသမီးသုံးချီပွဲတွင်‌ သောနေထူး(ဇာနည် မောင်)က ဖဲစဲစ်မတ်(ထိုင်း)ကို ပထမအချီမှ တတိယအချီအထိ  လက်သီး တွဲလုံးများ  ထိုးခဲ့‌သော်လည်း ပူးတွဲသ‌ရေကျခဲ့သည်။

 


အဆိုပါ မြန်မာ-ထိုင်း ပြိုင်ပွဲနှင့်အတူ ငါးချီစိန်ခေါ်ပွဲများ၌ ချစ်ဝိုင်း ဝိုင်း(ဇာနည်သွေး)နှင့် မိုးဟိန်း(တန် ၉၀ ဘိလပ်မြေစက်ရုံ)တို့ပွဲတွင် ငါးချီပြည့်ခဲ့သော်လည်း    အနိုင်အရှုံးမပေါ်ဘဲ   ပူးတွဲသရေကျခဲ့ပြီး လှိုင်ထက်အောင်(ရွှေကုက္ကိုလ်)က သိန်းစိုး(အဖြူရောင်သွေးသစ်)ကို သုံးချီ‌၌ အလဲထိုးနိုင်ခဲ့သည်။ ကမ္ဘာရှား(ဇာနည်သွေး)နှင့် စောမြလင်း (အဲ့ကညော)တို့ပွဲတွင် သူတစ်ပြန် ကိုယ်တစ်ပြန် ထိမိကြသော်လည်း သရေကျခဲ့ပြီး ကျားပေါက်(တန် ၉၀ ဘိလပ်မြေစက်ရုံ)နှင့် ကြယ်လင်း အောင် (တောင်ကလေး)တို့ ပထမအကြိမ် သရေကျခဲ့သလို ယခုဒုတိယ အကြိမ် ပြန်တွေ့ခဲ့ကြကာ အလူးအလဲ ပူးတွဲသရေကျခဲ့သည်။ အောင်ခိုင် (တန် ၉၀ ဘိလပ်မြေစက်ရုံ)နှင့် ဝကြီး(နဂါးမာန်)တို့ပွဲတွင် ငါးချီပြည့် ထိုးခဲ့ကြကာ သရေဖြစ်ခဲ့သည်။       

                     

အာကာစိုး