
ရန်ကုန် မတ် ၄
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ဒုတိယနေ့ကို မတ် ၄ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံ အသင်းက မြဝတီအသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ကစားအားကောင်းသည့် နှစ်သင်းတွေ့ဆုံသည့် ပွဲဖြစ်သော ကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့သော်လည်း အား/ကာသိပ္ပံအသင်းက တိုက်စစ်မှူး သူရိန်ထွန်း၏ ဂိုးများဖြင့် နိုင်ပွဲ ဆက်ခဲ့သည်။ သူရိန်ထွန်းသည် ဒုတိယဂိုးကို ပြည်တွင်းပြိုင်ပွဲများတွင် မြင်တွေ့ရ ခဲယဉ်း သည့် အဝေးကန်ချက်ဖြင့် ရယူပေးခဲ့ခြင်းဖြစ် သည်။ ပြီးခဲ့သည့်ရာသီက အဆင့် လေးနေရာ ရခဲ့သည့် မြဝတီအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမားအများစု ဖြင့် ပွဲထွက်ခဲ့ပြီး တစ်ပွဲထက်တစ်ပွဲ ကစားပုံ ပိုကောင်းလာသည့် အား/ကာသိပ္ပံအသင်း၏ စွမ်းဆောင်ရည်ကို ယခုပွဲတွင် ထပ်မံတွေ့မြင်ခဲ့ ရသည်။ ၂၂ မိနစ်တွင် အား/ကာသိပ္ပံအသင်းက ဂိုးစတင်ရရှိခဲ့ပြီး သူရိန်ထွန်းက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် အား/ကာ သိပ္ပံအသင်းက ဂိုးထပ်မံရရှိရန် ကြိုးပမ်းသလို မြဝတီအသင်းကလည်း ချေပဂိုးရရန် အားထည့် ကစားခဲ့သည်။ ပထမပိုင်းတွင် အရေးနိမ့်နေ သည့် မြဝတီအသင်းသည် ဒုတိယပိုင်းတွင် တိုက်စစ်အားမြှင့်လာသော်လည်း အား/ကာ သိပ္ပံအသင်း ခံစစ်က ပေးဂိုးမရှိအောင် ကစား နိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် ဒုတိယ ဂိုးကို ၇၂ မိနစ်တွင် သူရိန်ထွန်းကပင် သွင်းယူ ခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်စည်းမရောက်ခင် အဝေး မှ လှမ်းကန်သွင်းယူခဲ့သည်။ သုံးပွဲစီ ကစား အပြီးတွင် အား/ကာသိပ္ပံအသင်းက ခြောက်မှတ်၊ မြဝတီအသင်းက တစ်မှတ်ရရှိထားသည်။
ပွဲစဉ် (၃) တတိယနေ့အဖြစ် မတ် ၅ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ရခိုင် ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL