
မန်ယူအသင်းမှ မားကပ်စ်ရက်ဖို့ဒ်သည် ယခုနှစ်ရာသီတွင် တတိယအကြိမ် မြောက် ပရီမီယာလိဂ် တစ်လတာအကောင်းဆုံးဆွတ်ခူးရရှိခဲ့သည့်အတွက် လီဗာပူး ကစားသမား ဆာလာ၏ တစ်လတာအကောင်းဆုံးဆု သုံးကြိမ်ရရှိသည့် စံချိန် နှင့် တူညီခဲ့သည်။
ဆာလာသည် ၂၀၁၇-၂၀၁၈ ရာသီက တစ်ရာသီတွင်း တစ်လတာအကောင်းဆုံး ကစားသမားဆုကို သုံးကြိမ်ဖြင့် အများဆုံးဆွတ်ခူးကာ မှတ်တမ်းတင်ထားသူ ဖြစ်သည်။ ရက်ဖို့ဒ်သည် ပြီးခဲ့သည့်လက ငါးပွဲတွင် လေးဂိုးသွင်းယူထားနိုင်ပြီး စက်တင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် အကောင်းဆုံးကစားသမားဆု ကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရက်ဖို့ဒ်အပြင် အသင်းနည်းပြ အဲရစ်တန်ဟက်လည်း တစ်လတာအကောင်းဆုံး နည်းပြဆုကို ဒုတိယကြိမ်မြောက် ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်ရာသီတွင် ပြိုင်ပွဲစုံ ၂၆ ဂိုးသွင်းယူထားသော အသက် ၂၅ နှစ်အရွယ် ရက်ဖို့ဒ်သည် ၂၀၂၁ ခုနှစ်က ပရီမီယာလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ဆွတ်ခူးနိုင်ခဲ့သော ဂန်ဒိုဂန်ပြီးနောက် နှစ်လဆက် ဆွတ်ခူးနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာခဲ့သည်။
ရက်ဖို့ဒ်သည် အဆိုပါဆုကို ကစားသမားဘဝ လေးကြိမ်မြောက်ဆွတ်ခူးရရှိ ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် စာရင်းတွင် အီဟီယာနာချို၊ လီနို၊ အီမာဆင်၊ ဆိုလိုမွန်နှင့် ဝက်ကင်စ်တို့ ပါဝင် လာခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ဖေဖော်ဝါရီလတွင် လေးပွဲကစားပြီး ၁၀ မှတ်ရရှိအောင် စွမ်းဆောင်ထားနိုင်ကာ အဆင့် (၃) နေရာတွင် ရပ်တည်ထားနိုင်သည်။ ထို့အပြင် စက်တင်ဘာလတွင် အကောင်းဆုံးနည်းပြဆုဆွတ်ခူးရရှိထားသော တန်ဟက် သည် ဆုဖလား မရရှိမှုနှင့် ခြောက်နှစ်နီးပါးကြာ ဝေးကွာနေသည့် မန်ယူအသင်း ကို ကာရာဘောင်ဖလားဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။
မိုးဇက် - စုစည်းသည်