ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး           တည်ငြိမ် အေးချမ်းမှု ရရှိခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းခြင်းကြောင့်      ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း   စိတ်အေးချမ်းသာစွာ  လုပ်ကိုင်နိုင်ခဲ့သည်။ အစိုးရ၊    တပ်မတော်နှင့်    ဒေသဦးစီးအဖွဲ့တို့    ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ၁၉၉၁ ခုနှစ် မတိုင်မီက  ပအိုဝ်းဒေသ၏  အခြေအနေနှင့်  နှိုင်းယှဉ်ပါက  များစွာကွာခြားသွားခဲ့ပြီဖြစ်သည်။

 


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ရှမ်းပြည်နယ်ရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းသတ်မှတ်ထား ခြင်းဖြစ်ပြီး  ကယားပြည်နယ်နှင့်  ဆက်စပ်လျက်ရှိသည်။ ယမန်နှစ် ကယားပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် PDF တို့က မြို့ရွာများကို အခြေခံ၍ လှုပ်ရှားလာမှုကြောင့် ဒေသခံ ပြည်သူများ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီသို့ ယာယီ တိမ်းရှောင်ကြရကြောင်း၊ ကယားပြည်နယ်ဘက်မှ ယာယီ တိုက်ပွဲရှောင်လာကြသူများကို ပအိုဝ်းတိုင်းရင်းသားပြည်သူ တို့က ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ဖြင့် ကူညီစောင့်ရှောက် ခဲ့ကြကြောင်း သတင်းများတွင် တွေ့ရှိခဲ့ရသည်။

 


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်  ငြိမ်းချမ်းခြင်း ၏    တန်ဖိုးကို    ကိုယ်တိုင်သိရှိနားလည်ထားကြသူများ ဖြစ်သည့်အလျောက် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် ထိန်းသိမ်းထားကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ ဒေသ၏ စီးပွားရေး တွင်   အဓိကကျသော   စိုက်ပျိုးရေးကို  ခေတ်မီနည်းစနစ်များ ရယူ၍   နှစ်တိုနှစ်ရှည်သီးနှံများ  စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ ဆယ်စုနှစ်သုံးစုကျော်ကာလအတွင်း လမ်း တံတား များ၊   စာသင်ကျောင်းများ၊  ရေအားလျှပ်စစ်ထုတ်လုပ်မှုများ၊ ကျန်းမာရေးအတွက် ဆေးရုံ၊ ကျန်းမာရေးဌာနများ ပေါ်ထွန်း လာခဲ့ပြီး   လျှပ်စစ်ဓာတ်အားရရှိမှုကြောင့်   စက်မှုလက်မှု လုပ်ငန်းများလည်း လုပ်ကိုင်လာနိုင်ကြသည်။ ယခုထက်မက ဒေသဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက်        ပြည်ထောင်စုကြီး တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ရေနှင့်ကြာပမာ ပအိုဝ်းဒေသလည်း ပိုမိုခေတ်မီတိုးတက် လာမည်သာဖြစ်သည်။

 


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း  ကယားပြည်နယ်နှင့်  ထိစပ် နေသည့်   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   ပင်လောင်း မြို့နယ် နမ့်နိမ်ရွာသို့ KNPF/KNPP/PDF အကြမ်းဖက်အဖွဲ့တို့ ဝင်ရောက်လာပြီး     ကျေးရွာကို     ခြိမ်းခြောက်သည့်အပြင် တပ်မတော်နှင့် ဒေသခံပြည်သူ့စစ်တို့ကို စတင်တိုက်ခိုက်ကာ ရွာကိုအခြေခံ၍  တိုက်ပွဲဖော်ခဲ့သည်။ အကြမ်းဖက်အဖွဲ့တို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံး၊ ထိခိုက်၊ ထွက်ပြေးရသူ များ ရှိခဲ့သည်။ တည်ငြိမ်အေးချမ်းနေသည့် ပအိုဝ်းဒေသကို တိုက်ပွဲများဖြင့်   အနိဋ္ဌာရုံများဖြစ်ပေါ်လာစေရေး၊  အစိုးရ၊ တပ်မတော်နှင့်   ပအိုဝ်းပြည်သူလူထုအကြား  ထင်ယောင် ထင်မှားနှင့်  စိတ်ဝမ်းကွဲပြားမှုဖြစ်စေရေး၊ ကုလသမဂ္ဂနှင့်တကွ  နိုင်ငံတကာသို့    သတင်းအမှားများ   ပေးပို့နိုင်ရေးအတွက်  အကြမ်းဖက်အုပ်စုများနှင့်    တိုင်းပြည်ဖျက်မီဒီယာများ၏ ပူးပေါင်းကြံစည်မှုပင်ဖြစ်သည်။ 

 


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ့်နိမ်ရွာဖြစ်စဉ်သည် အကြမ်းဖက်အုပ်စုတို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့်   စစ်ရာဇဝတ်မှုဖြစ်သည်။  ပအိုဝ်းဒေသ၏ တည်ငြိမ်အေးချမ်းမှုကို    ဖျက်ဆီးခြင်းနှင့်    အပြစ်မဲ့   ပအိုဝ်း တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည့် ပြစ်မှုတို့ကို ကျုးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းတို့      အလျင်အမြန်    ကျဆုံးရမည် ဖြစ်ပါကြောင်း။       ။