
ဒေါက်တာမနုရည်
ယမန်နေ့မှအဆက်
စက္ကူဖြူစီမံကိန်းကို အတိုချုပ်ရှင်းပြရလျှင် မြန်မာနိုင်ငံ သည် လွတ်လပ်ရေးကို တင်းပြည့်ကျပ်ပြည့်ရမည် မဟုတ်ဘဲ ဗြိတိန်နိုင်ငံ၏ အထွတ်အထိပ် ဘုရင်/ဘုရင်မ၏ လက်အောက်တွင် မြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသားတို့ ရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့က တိုင်းပြည်ကို အုပ်ချုပ်မည်သာ ဖြစ်ပါသည်။ ဘုရင်/ဘုရင်မသည် မြန်မာ နိုင်ငံတော်၏ အထွတ် အထိပ် (Head of the State) ဖြစ်မည်။ သူ၏ကိုယ်စားလှယ်အဖြစ် ဘုရင်ခံကို မြန်မာ နိုင်ငံတွင် ထားရှိမည်။ ထို့ကြောင့် သမ္မတ မရှိနိုင်ပါချေ။ မြန်မာအစိုးရအဖွဲ့တွင် ရာထူးအမြင့်ဆုံးခေါင်းဆောင်သည် ဝန်ကြီးချုပ်အဆင့်သာလျှင်ဖြစ်မည်။ မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ်နှင့် ဘုရင်ခံတို့ သူ့နေရာနှင့်သူ အမြင့်ဆုံး အာဏာကို လက်ဝယ်ကိုင်ရှိကြမည်။ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သည်လည်းရှိမည်၊ တစ်ဦးကိုတစ်ဦးလည်း ဘုရင်/ ဘုရင်မထံ အကြောင်းပြချက် ခိုင်လုံစွာ တင်ပြ၍ ဘုရင်/ဘုရင်မက လက်ခံအတည်ပြုလျှင် ဖြုတ်ချနိုင်သည်။ ဤသည်ကို ဓနသဟာယနိုင်ငံ (Commonwealth Country) ဟုခေါ်သည်။
ဓနသဟာယနိုင်ငံများအားလုံးသည် ဗြိတိန်ဘုရင်/ဘုရင်မ၏ လက်အောက်ခံဖြစ်၍ ဗြိတိန်နိုင်ငံအစိုးရ၏ လက်အောက်ခံကားမဟုတ်ပါ။ ဗြိတိန်နိုင်ငံကို ဗြိတိန်နိုင်ငံ သူ/ နိုင်ငံသားများက ရွေးကောက်တင်မြှောက်သော ဝန်ကြီးချုပ်ခေါင်းဆောင်သည့် ဗြိတိန်အစိုးရအဖွဲ့က အုပ်ချုပ်၍ ဓနသဟာယ နိုင်ငံများကိုမူကား ယင်း သက်ဆိုင်ရာ နိုင်ငံသူ/နိုင်ငံသားများက ရွေးကောက် တင်မြှောက်သည့် ဝန်ကြီးချုပ် ခေါင်းဆောင်သော အစိုးရ အဖွဲ့က အုပ်ချုပ်ခြင်းဖြစ်ပါသည်။ ဗြိတိန်ဘုရင်မ၏ လက်အောက်ခံအဖြစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထား ခြင်းဖြစ်သည်။
အောင်ဆန်း-အက်တလီစာချုပ်ကို နှစ်ဦးနှစ်ဖက် ခေါင်းဆောင်ကြီးများက လက်မှတ်ရေးထိုးကြရာတွင် မြန်မာနိုင်ငံဘက်မှ တက်ရောက်ကြသော ကိုယ်စားလှယ် များအဖွဲ့တွင် ပါဝင်သည့် ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က လက်မှတ်မထိုးကြပေ။
ပင်လုံစာချုပ် (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့)
“ပြည်ထောင်စုနေ့” သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြသည့် အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသော နေ့ရက်ဖြစ် သည်နှင့်အညီ လွတ်လပ်ရေးအတွက်လည်း အဓိကလိုအပ် ချက်တစ်ခုဖြစ်လေသည်။ တိုင်းရင်းသားလူမျိုးစုတို့ ညီညွတ်ပေါင်းစည်းရန် စာချုပ်ခဲ့ကြသော ပြည်ထောင်စု ကြီးသည် ဤသို့သာ မပေါင်းစည်းခဲ့ပါလျှင် လွတ်လပ်ရေး ကို ရခဲ့ကြမည်မဟုတ်ပါ။
ဆိုခဲ့ပြီးသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့သည် တိုင်းရင်းသားလူမျိုးစု တို့ နေထိုင်ရာ ပြည်နယ်ဒေသများ၏ ခေါင်းဆောင်များ နှင့်အတူ ဤနေ့ရက်တွင် ပင်လုံညီလာခံကြီး၌ နှီးနှော တိုင်ပင်ကြကာ ဗမာနှင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာ ပေါင်းစည်းကြမည်ဟု သဘောတူ လက်မှတ်ရေးထိုးခဲ့ကြရာတွင် ဗိုလ်ချုပ်နှင့် ပြည်နယ် တောင်တန်းဒေသ၏ တိုင်းရင်းသားခေါင်းဆောင်များ အကြား သဘောတူညီမှုရသည်အထိ စေ့စပ်ကြိုးပမ်းခဲ့ ကြ သူတို့မှာ အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ဇံဝေ၊ ဦးဖေခင်၊ ဗိုလ်မှူးအောင်၊ ဆာမောင်ကြီး၊ ဒေါက်တာ စိန်မြ မောင်နှင့် မြို့မ ဦးသန်းကြွယ်တို့ဖြစ်ပြီး ဤသမိုင်းဝင် ပင်လုံစာချုပ်ကြီး အောင်မြင်ရေး၌ အရေးပါသော နောက်ခံသမိုင်းဝင်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကို လေး၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်နှင့် ဦးမောင်မောင်တို့ သည်လည်း အဖွဲ့ဝင်များဖြစ်ကြလေသည်။ ဗြိတိသျှတို့ ဘက်မှ ဒိုမီနီယန်အတွင်းဝန်ကလေး ဘော့တွမ်လေ၊ မစ္စတာ လက်ဝစ်ချ်၊ ဂျွန်လေဒင်တို့ ဦးဆောင်သော အရာရှိ ကြီးများနှင့် တောင်တန်းဒေသမင်းကြီး မစ္စတာ စတီ ဗင်ဆင်တို့လည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။
ဤသို့ဖြင့် အောင်ဆန်း-အက်တလီစာချုပ်၏ အဓိကလိုအပ်ချက်ကို ပင်လုံစာချုပ်ဖြင့် ဖြည့်ဆည်းနိုင်ခဲ့ သောကြောင့်သာ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြလေသည်။ “ပင်လုံစာချုပ်” တွင် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကော်မတီမှ ခေါင်းဆောင် ခြောက်ဦး၊ ချင်းကော်မတီမှ ခေါင်းဆောင်သုံးဦး၊ ရှမ်းကော်မတီမှ ခေါင်းဆောင် ၁၃ ဦး စုစုပေါင်း ခေါင်းဆောင် ၂၃ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤညီလာခံတွင် မွန်နှင့် ရခိုင်တို့ မပါဝင်ခဲ့ကြပေ။ အကြောင်းမူကား ထိုစဉ်အခါက ၎င်းတို့ကို သီးခြား ပြည်နယ်များဟူ၍ မသတ်မှတ်သေးသောကြောင့် ဖြစ်လေသည်။
ဤစာချုပ်တွင် လက်မှတ်ရေးထိုးကြသူများမှာ မြန်မာအစိုးရအဖွဲ့ (၁) ဦးအောင်ဆန်း။ ကချင် ကော်မတီ (၁) ဆမားဒူးဝါး ဆင်ဝါးနောင် - မြစ်ကြီးနား၊ (၂) ဇော်ရစ်- မြစ်ကြီးနား၊ (၃) ဒိန်ရတန် - မြစ်ကြီးနား၊ (၄) ဇော်လ - ဗန်းမော်၊ (၅) ဇော်လွန်း - ဗန်းမော်၊ (၆) လဗန်းဂရောင်း- ဗန်းမော်။ ချင်းကော်မတီ (၁) ဦးလွှာမှုန်း အေတီအမ် အိုင်တီအက်(စ်)အမ် - ဖလမ်း၊ (၂) ဦးသောင်ဇာခပ် အေတီအမ် - တီးတိန်၊ (၃) ဦးကီယိုမန်း အေတီအမ် - ဟားခါး။ ရှမ်းကော်မတီ (၁) ခွန်ပန်းစိန် - တောင်ပိုင်း စဝ်ဖလုံ၊(၂) စဝ်ရွှေသိုက် - ညောင်ရွှေစဝ်ဖလုံ၊ (၃) စဝ်ဟုံဖ- မြောက်ပိုင်းသိန္နီစဝ်ဖလုံ၊ (၄) စဝ်နွဲ့ - လဲချားစဝ်ဖလုံ၊ (၅) စဝ်စံထွန်း - မိုင်းပွန် စဝ်ဖလုံ ၊ (၆) စဝ်ထန်းအေး - သာ မိုင်းခမ်းစဝ်ဖလုံ၊ (၇) ဦးဖြူ - သထုံ (Hsahtung) စဝ်ဖလုံ ခွန်းဖုံး၏ ကိုယ်စားလှယ်၊ (၈)ဦးတင်အေး၊(၉)ဦးထွန်းမြင့်၊ (၁၀) ဦးကြာဘု၊ (၁၁) ဦးခွန်စော၊ (၁၂) စဝ်ရစ်ဖနှင့် (၁၃) ဦးခွန်ထီးတို့ဖြစ်ကြပါသည်။
ပင်လုံစာချုပ်ပါ အချက်အလက်များ
(၁) “တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ)” ကိုယ်စားလှယ်များ၏ ထောက်ခံချက်ဖြင့် တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံ ကရွေးချယ်ပြီး ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားကာ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲ စီရင်ဆုံးဖြတ်ဆောင်ရွက်စေမည်။
(၂) ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တစ်ဦး အဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြင်ပကိစ္စရပ်များ ကိုလည်းကောင်း၊ နယ်စပ်ဒေသကိစ္စများကို လည်းကောင်း အခြေခံလုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤသို့ဖြင့် နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်း မတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ထို ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် မိမိတို့နှင့် သက်ဆိုင်သည့် ပြည်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှာမူ ကျန်နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်သည်။ ထိုသုံးဦးတို့သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ တွဲဖက်တာဝန်ယူသည့်မူဖြင့် ဆောင်ရွက်စေရမည်။
(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအဖြစ် နယ်စပ်ဒေသများ၏ တစ်ဦးတည်း သော ကိုယ်စားလှယ်ဖြစ်သော်ငြားလည်း ဒုတိယအတိုင်ပင် ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အစည်းအဝေးတွင် တက်ရောက်နိုင်ခွင့်ရှိသည်။
(၅) ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင် ကောင်စီကို အထက်တွင် သဘောတူခဲ့ကြသည်နှင့်အညီ တိုးချဲ့သော်လည်း နယ်စပ်ဒေသများ၏ ပြည်နယ်တွင်း အုပ်ချုပ်ရေးတွင် ရရှိထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဤနယ်မြေဒေသများ၏ မည်သည့်အပိုင်းကိုမျှ လက်လွတ် စေရန် အဆိုပါ ကောင်စီက မည်သည့်နည်းနှင့်မျှ ပြုလုပ် ခြင်း မရှိစေရ။ နယ်မြေဒေသများအတွက် ပြည်နယ်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးမူ အပြည့်အဝရှိစေရမည်။
(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ် သတ်မှတ် တည်ထောင်ရန်ကိစ္စသည် တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ထိုသို့ တည်ထောင်ခြင်းသည် လိုလားအပ်ကြောင်း သဘောတူကြသည်။ ယင်းကိစ္စ ဖြစ်မြောက်ရေးတွင် ပထမအဆင့်အဖြစ် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေအရ အပိုင်း (၂) ဒေသများ အတိုင်း၊ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေး တွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များအား ဆွေးနွေးတိုင်ပင်ရမည်။
(၇) နယ်မြေဒေသတိုင်းရင်းသားများသည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့် အခွင့်ထူးများကို ခံစားခွင့်ရှိစေရမည်။
(၈) ဤစာချုပ်တွင် သဘောတူညီ လက်ခံထားရှိချက် များမှာ ဗဟိုအစိုးရလက်အောက်တွင် စုစည်းသည့် ရှမ်း ပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေး နှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရ။
(၉) ဤစာချုပ်တွင် သဘောတူညီ လက်ခံထားရှိချက် များမှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင် တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသများက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် ရှမ်းပြည်နယ်စုတို့အကြား ထားရှိ သော ဘဏ္ဍာရေးအစီအစဉ်များ နည်းတူ၊ ကချင် တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် စီစဉ်မှု များထားရှိရန် ဖြစ်နိုင်မဖြစ်နိုင်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက နယ်မြေဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှု ရမည်။
နု-အက်တလီစာချုပ် (၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့)
နု - အက်တလီစာချုပ်သည် ၁၉၄၇ ခု အောက်တိုဘာ လ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရက ကြားဖြတ်အစိုးရသို့ နိုင်ငံ၏အချုပ်အခြာအာဏာကို လွှဲပြောင်းပေးရန် သဘော တူကြောင်း ချုပ်ဆိုသည့် ကတိစာချုပ်ဖြစ်သည်။ ဤ စာချုပ်တွင် နန်းရင်းဝန် မြန်မာနိုင်ငံကြားဖြတ်အစိုးရ အဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် သခင်နုနှင့် ဗြိတိသျှအစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ကလင်းမင့် အက်တလီတို့က လက်မှတ်ရေးထိုးကြသည်ဖြစ်၍ နု-အက်တလီစာချုပ်ဟု အမည်တွင်ပေသည်။ (နန်းရင်းဝန် သခင်နု ဦးဆောင်သော မြန်မာနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့သည် ဤစာချုပ် အတည်ဖြစ်သည်မှစ၍ တိုင်းပြုပြည်ပြု လွှတ်တော်ခေါ် ယူပြီး အစိုးရအဖွဲ့သစ်ကိုဖွဲ့သည်အထိ တာဝန်ယူရမည့် အစိုးရအဖွဲ့ ဖြစ်သည်)
စာချုပ်တွင် အချက်အလက်အားဖြင့် ၆ ချက်ပါဝင်၍ နောက်ဆုံးအချက်တွင် အချက်ပေါင်း ၁၅ ချက် ထပ်မံ ခွဲထားပါသည်။ စာချုပ်တွင် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ သံတမန်ဖလှယ်ရေး၊ အစိုးရစာတမ်းများ၊ နိုင်ငံသားခံယူမှု၊ ကာကွယ်ရေး၊ ငွေစက္ကူနှင့် ငွေကြေးဘဏ္ဍာရေး၊ အစိုးရ အမှုထမ်းများ၏ ပင်စင်နှင့် ဆုငွေ၊ ဗြိတိန်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့ ကူးသန်းရောင်းဝယ်ရေး၊ ရေကြောင်းလေကြောင်း ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး၊ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရေးတို့ ဆိုင်ရာကိစ္စရပ်များ ဖြစ်ကြ သည်။ ဤစာချုပ်အရ ဗြိတိသျှလက်အောက်ခံ မြန်မာပြည် သည် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟု အမည် တွင်သည့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်ခုအဖြစ် တရားဝင်စတင်မွေးဖွားလာခဲ့သည်။ ယင်းနေ့ သည်ကား မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ရသည့် နေ့ကြီးတစ်နေ့ဖြစ်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့ပင်တည်း။
နု-အက်တလီစာချုပ်၏ အဓိက အချက်ကြီး (၆) ချက်ကို အကျဉ်းချုံး ဆွေးနွေးရပါလျှင်-
(၁) ဗြိတိသျှအစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို အပြည့်အဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုသည်။ မြန်မာနှင့် ဗြိတိန် နှစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် သံတမန်ချင်း ဖလှယ်ထားရှိကြမည်။
(၂) မြန်မာနိုင်ငံနှင့် သက်ဆိုင်သမျှ တာဝန်ဝတ္တရား အားလုံးသည် ဤစာချုပ်အတည်ဖြစ်သည်မှစ၍ မြန်မာ နိုင်ငံ ကြားဖြတ်အစိုးရသို့ သက်ဆင်းကျရောက်သည်။ ရရှိ အပ်သော အခွင့်အရေးများနှင့် အကျိုးစီးပွားတို့ကိုလည်း ကြားဖြတ်အစိုးရက ရရှိခံစားနိုင်မည်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားလည်းဖြစ်၊ ဗြိတိသျှအစိုးရ လက်အောက်ခံလည်း ဖြစ်သူသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံခြားသားအဖြစ်ခံယူကြောင်း ကြေညာ နိုင်ခွင့်ရှိသည်။ ဤသို့ ကြေညာသည်မှစ၍ မြန်မာနိုင်ငံ သားအဖြစ်မှ ရပ်စဲမည်။ ဤစာချုပ်အတည်ဖြစ်ပြီးနောက် ကြားဖြတ်အစိုးရက တိုင်းပြုပြည်ပြုလွှတ်တော်ကို တစ်နှစ် အတွင်း အမြန်ဆုံးခေါ်ယူရမည်။
(၄) ကာကွယ်ရေးဆိုင်ရာ ကိစ္စများတွင် ဤစာချုပ်ပါ နှစ်ဖက်အစိုးရများ၏ ဆက်ဆံရေးကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က အစိုးရနှစ်ဖက်တို့ လက်မှတ် ရေးထိုးကြသော သဘောတူညီချက်ဖြင့် စည်းမျဉ်း သတ်မှတ်ရမည်။ အဆိုပါ သဘောတူညီချက်ရှိ ပြဋ္ဌာန်း ချက်များကို ဤစာချုပ်၏ နောက်ဆက်တွဲတွင် ဖော်ပြ ထားသည်။ ထိုပြဋ္ဌာန်းချက်များသည် ဤစာချုပ်၏ အစိတ်အပိုင်းများအဖြစ်ဖြင့် အကျိုးသက်ရောက်စေရမည်။
(၅) အိန္ဒိယနှင့် ပါကစ္စတန်မှအပ အခြားနိုင်ငံများတွင် အိုးအိမ်အခြေအမြစ်ရှိသော ဗြိတိသျှလက်အောက်ခံများ အား ပင်စင်၊ အချိုးကျပင်စင်၊ ဆုငွေ၊ မိသားစုပင်စင်ရန်ပုံငွေ၊ အိုမင်းစာရန်ပုံငွေ အစရှိသည့် ၎င်းတို့ရသင့်ရထိုက်သည် များနှင့် ထောက်ပံ့ငွေ၊ ခွင့်လစာများကို မြန်မာနိုင်ငံအစိုးရ ဘဏ္ဍာတော် သို့မဟုတ် မြန်မာနိုင်ငံအစိုးရ၏ အခြား ရန်ပုံ ငွေများမှနေ၍ ၎င်းတို့ ရသင့်ရထိုက်သောငွေများကို ဤစာချုပ် အာဏာမတည်မီက ထမ်းရွက်ခဲ့သော လုပ်သက် များအတွက် ဤစာချုပ် အာဏာတည်အံ့ဆဲဆဲကာလက အသုံးပြုခဲ့သော နည်းဥပဒေများအရပေးရန် ကြားဖြတ် အစိုးရ၌ တာဝန်ရှိသည်။
(၆) ဗြိတိသျှအစိုးရသည် ပြည်ထောင်စုမြန်မာနိုင်ငံကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြု လွှဲပြောင်းပေးရာတွင် ဤအချက်၌ ပါရှိသော ငွေကြေးပြဿနာများကို အပြီးသတ်ဖြေရှင်းမှု အဖြစ် လိုအပ်သော အစီအစဉ်အသေးစိတ်ပါရှိသော အချက် ၁၅ ချက်ကို ပြဋ္ဌာန်းသည်။ ကြားဖြတ်အစိုးရသည် ဤ ၁၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက် ရေးအတွက် ဤစာချုပ်အတည်ဖြစ်သည်မှ တစ်နှစ် အတွင်း စောနိုင်သမျှစော၍ ဥပဒေပြု စီမံဆောင်ရွက် ရမည်။
ကြားဖြတ်အစိုးရသည် သိုလှောင်ထားသော စစ်တပ် ဆိုင်ရာပစ္စည်းရောင်းရငွေများကို ဗြိတိသျှအစိုးရအား အပြည့်ပေးရန်၊ မြို့ပြအုပ်ချုပ်ရေးအတွက် ကုန်ကျသော စရိတ်များကိုလည်းကောင်း၊ ဗြိတိသျှစစ်ဘက် အုပ်ချုပ် ရေးအတွက် ကုန်ကျခဲ့သော ပစ္စည်းအထောက်အပံ့နှင့် အရာထမ်း အမှုထမ်းများ၏ စရိတ်များနှင့်စပ်လျဉ်း၍ တောင်းဆိုရန်ရှိသည်တို့ကိုလည်းကောင်း၊ သာမန် ဘတ်ဂျက်နှင့် နယ်စပ်ဒေသ ဘတ်ဂျက်များအတွက် ထုတ်ချေးခဲ့သော ငွေများအနက် ပေါင် ၁၅ သန်းကို လည်းကောင်း ဗြိတိသျှအစိုးရက လျှော်ပစ်သည်။ ကျန်ငွေ များနှင့်အတူ စီမံကိန်းများ၏ စရိတ်အတွက် ဗြိတိသျှနိုင်ငံ အစိုးရက ထုတ်ချေးခဲ့သော ငွေများအားလုံးကို အနှစ် နှစ်ဆယ်အတွင်း အတိုးမဲ့ နှစ်စဉ်အရစ်ကျ ပြန်လည် ပေးဆပ်ရမည်။ ဤအချက်အလက်များအပါအဝင် ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်း၊ လေကြောင်း ခရီးသွားလာရေးစာချုပ်ကိုလည်းကောင်း၊ လေကြောင်း စာပို့ဆောင်ရေးနှင့် ငွေလွှဲဆိုင်ရာကိစ္စရပ်များ ပါဝင်သည့် စာပို့ဆောင်ရေးလုပ်ငန်းကိုလည်းကောင်း၊ ဆောင်ရွက် အပ်သည့် အမှုကိစ္စများအပြင် မြန်မာနိုင်ငံတွင် ဗြိတိသျှ အကျိုးတူနိုင်ငံစုနှင့် အင်ပါယာတို့၏ စစ်သင်္ချိုင်းမြေများ၊ စစ်သင်္ချိုင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အရေးများ လည်း ပါဝင်သည်။ ဤစာချုပ်ပါ နှစ်ဖက်အစိုးရတို့သည် အခွန်နှစ်ထပ် နှစ်လီထမ်းဆောင်ရခြင်းကို ရှောင်ရှားရန် သဘောတူကြသည်။
ထို့ပြင် အကြမ်းအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ချာတာ စာချုပ်အရလည်းကောင်း၊ ထိုချာတာစာချုပ်ရှိ အချက် ၄၃ အရ ချုပ်ဆိုသော အထူးသဘောတူညီချက်များအရလည်းကောင်း စာချုပ်ပါ နှစ်ဖက်နိုင်ငံ သို့မဟုတ် တစ်ဖက် ဖက်သို့ သက်ဆင်းကျရောက်သော သို့တည်းမဟုတ် သက်ဆင်းကျရောက်နိုင်သော အခွင့်အရေးများနှင့် ဝတ္တရားများကို ဤစာချုပ်သည် အကျိုးမယုတ်စေရ။
နု-အက်တလီစာချုပ် အတည်ပြုပုံ
နောက်ဆုံးအနေဖြင့် စာချုပ်တွင်ပါရှိသည်မှာ လက်ခံ အတည်ပြုရေး စာချွန်တော်များ လဲလှယ်သည်နှင့် တစ်ပြိုင်နက် ဤစာချုပ်အတည်ဖြစ်သည်။ အဆိုပါ လက်ခံ အတည်ပြုရေး စာချွန်တော်များ လဲလှယ်ခြင်းကို ဗြိတိသျှ နိုင်ငံတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တင်သွင်း ရန်ရှိသည့် သင့်လျော်သော ဥပဒေနှင့်လျော်ညီစွာ မြန်မာ နိုင်ငံလွတ်လပ်သောနေ့တွင် ပြုရမည်။
အကယ်စင်စစ် ဤစာချုပ်ကို နန်းရင်းဝန် မြန်မာ ကြားဖြတ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သခင်နုနှင့် ဗြိတိန် ဝန်ကြီးချုပ် ကလင်းမင့် ရစ်ချပ် အက်တလီတို့ နှစ်ဦးက သဘောတူလက်မှတ်ထိုးကြသည်မှာ ဗြိတိန်နိုင်ငံ လန်ဒန် မြို့၌ ၁၉၄၇ ခု အောက်တိုဘာ ၁ ရက်နေ့တွင် ဖြစ်သော် လည်း၊ နှစ်ဖက်အသိသက်သေများ လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်ကြပြီး စာချုပ်ကို မိတ္တူနှစ်စောင်ပြုကာ တရားဝင်ပြီးပြည့်စုံသည်မှာမူ လန်ဒန်မြို့၌ ၁၉၄၇ ခု အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖြစ်လေသည်။
အချုပ်အားဖြင့်ဆိုရသော် အောင်ဆန်း-အက်တလီ စာချုပ်မှ ပင်လုံစာချုပ်ကြီးကို မွေးဖွားပေါ်ထွန်းလာခဲ့ သည်။ အောင်ဆန်း-အက်တလီစာချုပ်နှင့် ပင်လုံစာချုပ် တို့မှ နု-အက်တလီစာချုပ်ဟူသော လွတ်လပ်ရေးကတိ စာချုပ်ကို မွေးဖွားကာ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ မွေးဖွားပေါ်ထွန်းလာရပေသည်။
ဤသို့ဆိုလျှင် ပြည်ထောင်စု စည်းလုံးညီညွတ်ရေး သည် မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာ တစ်ခုဖြစ်သည်မှာ ထင်ရှားလှသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေး တို့ဖြင့် ရင်းနှီးစတေးကာ အလွန်တရာ ဆင်းရဲပင်ပန်းခက်ခဲ စွာဖြင့် ရယူထားခဲ့ကြရသည့် ဘိုးဘွားအမွေအနှစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ စည်းလုံးညီညွတ်မှုကြီးကို မပြိုကွဲ မပျက်စီးရလေအောင် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ကြရမည်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန် တစ်ရပ်ပါပေ။ ။
- Log in to post comments