
ရန်ကုန် မတ် ၁၈
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) နောက်ဆုံးနေ့ကို မတ် ၁၈ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပ ရာ ဟံသာဝတီအသင်းက ကချင် ယူနိုက်တက်အသင်းကို သုံးဂိုး ပြတ်အနိုင်ရခဲ့သည်။
ဟံသာဝတီ အသင်းသည် နောက်ပိုင်းပွဲများတွင် ပုံစံကောင်း ပြသနေပြီး သုံးပွဲဆက်အနိုင်ရလဒ် နှင့်အတူ အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ သည်။ တန်းတက်ကချင်ယူနိုက် တက်အသင်းမှာမူ ရုန်းကန်နေရဆဲ ဖြစ်ပြီး ရာသီအစ အဖွင့်ပွဲတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သော် လည်း လေးပွဲဆက် အရေးနိမ့်ခဲ့ သည်။
နှစ်သင်းစလုံး အမာခံကစား သမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ဟံသာဝတီအသင်းသည် ၂၃ မိနစ် တွင် အောင်မြတ်သူ သွင်းယူသည့် ဂိုးဖြင့် ပထမပိုင်းအပြီးတွင် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်း တွင် ကချင်ယူနိုက်တက်အသင်း က ချေပဂိုးရရန် ကြိုးပမ်းခဲ့ပြီး ဟံသာဝတီ အသင်းကလည်း ဂိုးထပ်မံရရှိရန် ကြိုးပမ်းခဲ့ သည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၇၂ မိနစ်တွင် စိုးကျော်ကျော်၊ ၈၅ မိနစ်တွင် ဇင်မင်းထွန်းက သွင်းယူခဲ့သည်။
ပွဲစဉ် (၅) အပြီးတွင် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း က ရမှတ် ၁၅ မှတ်ဖြင့် ဦးဆောင် နေပြီး ရန်ကုန်အသင်းက ၁၂ မှတ်၊ ဟံသာဝတီအသင်းက ၁၀ မှတ်၊ အား/ကာ သိပ္ပံအသင်းက ကိုးမှတ်၊ မဟာယူနိုက်တက် အသင်းက ရှစ်မှတ်၊ ဒဂုံစတားအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းက ခုနစ်မှတ်စီ၊ GFA အသင်းက ခြောက်မှတ်၊ ရတနာပုံအသင်း က ငါးမှတ်၊ မြဝတီအသင်းက လေးမှတ်၊ ဧရာဝတီအသင်းနှင့် ကချင်ယူနိုက်တက် အသင်းက တစ်မှတ်စီရရှိထားသည်။ MNL ပြိုင်ပွဲကို မတ်လ နိုင်ငံတကာ ရက်သတ္တပတ်နှင့် ဆီးဂိမ်းပြိုင်ပွဲ ကြောင့် တစ်လကျော် ရပ်နားမည် ဖြစ်ပြီး မေလမှသာ ပြန်လည် ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL