စည်းလုံးစေတာ မြန်မာ့အသံ

Type

စည်းလုံးစေတာ မြန်မာ့အသံ
 

==============

 

မနုဿကျော်ဝင်း
(အမျိုးသားစာပေဆုရ)
 

==========

 

မြန်မာ့အသံနှင့် မိမိသည် မွေးသက္ကရာဇ်ချင်း တူညီကြ၏။ ထို့ကြောင့်  အသက်ချင်းလည်း တူညီကြသည်။   မိမိ အသက် ၇၅ နှစ်ရှိလာချိန်တွင်   မြန်မာ့အသံကလည်း စိန်ရတုနှစ်သို့ ရောက်ပြီဖြစ်၏။ မိမိတို့ ငယ်ငယ်တုန်းက အိမ်တွင်  နေ့စဉ်နားထောင်ခဲ့ရသည်ကတော့  ရေဒီယို ဖြစ်သည်။   အခြားဖျော်ဖြေမှုပစ္စည်းဟူ၍    ဓာတ်စက် တစ်လုံးရှိသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်လောက် သာ နားထောင်ဖြစ်ကြ၏။ ရေဒီယိုသံကို   နေ့စဉ်ကြားနေရ သော်လည်း ထိုအသံ ဘယ်ကလာမှန်းမသိခဲ့ရ။    အလယ် တန်းကျောင်းသားဘဝဖြင့်   ရန်ကုန်၌   ကျောင်းလာနေ သည့်အခါတွင်မှ ရေဒီယိုအသံ၏ မူလဇာစ်မြစ်နေရာကို သိရှိရတော့၏။ အသံလွှင့်ရုံဆိုသော အဆောက်အအုံကြီး ကိုလည်း အပြင်ဘက်မှ စတင်မြင်ဖူးခဲ့ရ၏။
ကျွန်တော်ပညာဆည်းပူးနေသော    မြင့်မြန်မာ အထက်တန်းကျောင်းမှ     အလယ်တန်းကျောင်းသား တစ်ဦးဖြစ်သူ မောင်ကျော်လင်းဆိုသူကို ကျပန်းစကား ပြောခြင်း၊ ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းတို့၌  မြန်မာ့အသံ က မကြာခဏ ပွဲထုတ်လေ့ရှိခဲ့၏။ ထို့ကြောင့် မောင်ကျော် လင်းသည် မိမိတို့ကျောင်းတွင် အလွန်လူသိများ ထင်ရှား သော ကျောင်းသားတစ်ဦးဖြစ်၏။  သူနှင့် သိကျွမ်းခင်မင် လိုသည့်  ကျောင်းသား ကျောင်းသူ အမြောက်အမြားရှိခဲ့ရာ မိမိသည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။
အလှည့်ကျတာဝန်ယူ
မြန်မာ့အသံနှင့်  မိမိ  ထဲထဲဝင်ဝင်စတင်ရင်းနှီးခဲ့ရ သည်ကတော့ ၁၉၇၂ ခုနှစ်တွင် ဖြစ်၏။ ထိုစဉ်က မြန်မာ့ အသံအစီအစဉ်တွင်  “ယဉ်ကျေးမှုအနုပညာ” ဟူသော ကဏ္ဍတစ်ခုပါရှိလာ၏။         ယင်းအစီအစဉ်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ      ဦးစီးဌာနများမှ အရာထမ်းများက  ခွဲတမ်းဖြင့်  အလှည့်ကျတာဝန်ယူ အသံလွှင့်ကြရမည်ဖြစ်၏။  အသံလွှင့်ရန် တာဝန်ကျသူ အရာရှိသည်  မိမိဟောပြောအသံလွှင့်မည့် စာတမ်းကို ဦးစွာရေးသားရ၏။  ထို့နောက်  အထက်အဆင့်ဆင့်သို့ တင်ပြပြီး သဘောတူညီခွင့်ပြုချက်ရလျှင် အသံလွှင့်ဦးစီး ဌာနသို့ ထိုစာတမ်းကို ပေးပို့ရ၏။ မြန်မာ့အသံကလည်း ထိုစာတမ်းကို  အထက်အဆင့်ဆင့်သို့  တင်ပြပြီးခွင့်ပြု ချက်ရလျှင်   အသံလွှင့်မည့်သူကို  အကြောင်းကြားကာ ရက်ချိန်းပေး၏။
ထိုစဉ်က  “သိပ္ပံပညာသိကောင်းစရာ” ဟူသော ကဏ္ဍတစ်ခုကိုလည်း မြန်မာ့အသံမှ တစ်လလျှင် နှစ်ကြိမ် ထုတ်လွှင့်လျက်ရှိ၏။ ထိုကဏ္ဍကို ပုံမှန်ဒိုင်ခံအသံလွှင့်နေ သူမှာ နိုင်ငံကျော်သိပ္ပံစာရေးဆရာ သိပ္ပံမှူးတင် ဖြစ်၏။ ဆရာသည်   စာရေးကောင်းသလို   စကားပြောလည်း အလွန်ကောင်း၏။   စာသင်ကျောင်းများနှင့်   မြို့နယ် ရပ်ကွက်များ၏ စာပေဟောပြောပွဲဖိတ်ကြားမှုကို မကြာ ခဏခံနေရသူဖြစ်၏။
မြန်မာ့အသံက  အပတ်စဉ်ထုတ်လွှင့်လျက်ရှိသော သိပ္ပံပညာသိကောင်းစရာကဏ္ဍမှာလည်း လူကြိုက်များ ၏။   ဆရာသိပ္ပံမှူးတင်သည်   အသံသြဇာကောင်း၏။ သူ့စာတွေက ချောသဖြင့်    သူ့အဟောအပြောကလည်း လှသည်။ ဟောပြောသည့်အကြောင်းအရာနှင့် ဦးတည် ရည်ရွယ်ချက်တို့ကလည်း  ကောင်းမွန်သဖြင့်   ဆရာ သိပ္ပံမှူးတင်၏ ဟောပြောချက်တို့ အလွန်ပင်အောင်မြင်၍ လူကြိုက်များ၏။  မိမိသည် အလွန်အားကျခြင်း ဖြစ်မိ ရကား    ဆရာ့လို   ထင်ရှားကျော်ကြားအောင်မြင်ရန် ကြိုးပမ်းအားထုတ်မည်ဟု အားခဲထား၏။
မိမိအသံသွင်းရမည့်နေ့သို့   ရောက်လာသောအခါ ချိန်းဆိုထားသည့်အချိန်ထက်      တစ်နာရီခန့်စော၍ ရောက်ရှိရန်   သွားရောက်၏။     ပြည်လမ်းမကြီးပေါ်မှ ဖြတ်၍    မော်တော်ကားစီးသည့်အခါတိုင်း    မြန်မာ့အသံ အဆောက်အအုံကြီးကို မကြာခဏ တွေ့မြင်ခဲ့ရဖူးသော် လည်း   ဝင်းခြံအတွင်းသို့   တစ်ကြိမ်တစ်ခါမျှ မရောက်ဖူး ခဲ့ပါ။   ယခုတော့   ဝင်းခြံအတွင်းသို့သာမက အဆောက်အအုံ အတွင်းသို့လည်း ရောက်ဖူးရတော့မည်။ ကိုယ်တိုင်အသံလွှင့် ရန်အတွက်   အသံသွင်းရတော့မည်။ ဤအသိကြောင့်  ပီတိ ဖြစ်နေသလို  ရင်လည်းခုန်နေ၏။ လုံခြုံရေးတင်းကျပ်သော နေရာဌာနဖြစ်၍  အဆင့်ဆင့် အစစ်ဆေးခံပြီးမှ  ဝင်ခွင့် လည်ဆွဲကတ်ပြားရရှိ၏။
စတူဒီယိုတစ်ခန်းလုံးအေးစိမ့်နေ
ရုံးခန်းသို့ရောက်ရှိသောအခါ     တာဝန်ရှိသူတို့က နွေးနွေးထွေးထွေး ကြိုဆိုကြ၏။  အစီအစဉ်မှူးဆိုသူက လုပ်ဆောင်ရမည့်အစီအစဉ်များကို  ပြောပြ၏။ ထို့နောက် အသံသွင်းရမည့်    စတူဒီယိုသို့    ခေါ်ဆောင်သွားခဲ့သည်။ လေအေးစက်များဖွင့်ထားသဖြင့်  စတူဒီယိုတစ်ခန်းလုံး  အေးစိမ့်နေ၏။ ဟောပြောအသံလွှင့်မည့် မိမိနှင့် အစီအစဉ် မှူး အသံဖမ်းမည့်အခန်းတို့သည် မှန်ချပ်နံရံခြားထားသဖြင့် တိုးလျှိုပေါက်မြင်နေရ၏။
“ဒီမှန်ချပ်နံရံကြီးရဲ့ ထိပ်တည့်တည့်အလယ်ကွက်မှာ အွန်အဲယား (On Air) ဆိုတဲ့စာလုံး မီးလင်းလာရင်  ဆရာ ဦးကျော်ဝင်း စပြီးပြောပေတော့။ တစ်ခုခုအမှားအယွင်းရှိလို့ ခဏရပ်ချင်ရင် လက်ထောင်ပြလိုက်ပါ”။
အစီအစဉ်မှူးက   လိုအပ်သည်များကို   ပြောပြပြီး အသံဖမ်းစက်ရှိရာအခန်းသို့  ပြန်ထွက်သွား၏။ မကြာမီပင် အွန်အဲယားဟူသောစာလုံးကြီး လင်းခနဲပေါ်လာ၏။  မိမိ သည် ရင်တထိတ်ထိတ်ဖြင့် ဟောပြောချက်စာတမ်းကို  စတင်ဖတ်ကြား၏။  စကားပြောဖြင့်  ရေးသားထားသော စာတမ်းဖြစ်၍ စကားပြောနေသလို အသံထွက်ပေါ်လာသည်။ အဖြတ်အတောက် အမှတ်အသားများကို ကြိုတင်ပြုလုပ် ထားသဖြင့် အသံနေအသံထားကျကျ ဖတ်ကြားသွားနိုင်၏။ “ယခုမိမိသည်  တိုက်ရိုက်အသံလွှင့်နေခြင်းမဟုတ်။ အသံ သွင်းနေခြင်းသာဖြစ်သည်။   အပြောမှားလျှင် ချက်ချင်း ပြင်ဆင်နိုင်သည်” ဟူသော အသိတရားကြောင့်  အလွန် အမင်း ထိတ်လန့်ခြင်းမဖြစ်တော့။ ရင်ခုန်နေသော်လည်း အသံမတုန်ပါ။    ၁၂  မိနစ်ခန့်အကြာ၌   အသံသွင်းခြင်း လုပ်ငန်းလုံးဝပြီးစီးသွား၏။ ရင်ထဲမှအလုံးကြီး ကျသွားရပါ ပြီ။ အစီအစဉ်မှူးက   ခေါ်ဆောင်သဖြင့်   သူ၏ရုံးခန်းသို့ လိုက်ပါသွားရ၏။   ထိုရုံးခန်းတွင်ရှိသော   ရီကော်ဒါကြီး တစ်လုံးဖြင့် အသံသွင်းကြိုးခွေကို ပြန်ဖွင့်နားထောင်ကြ၏။ ပြီးစီးသောအခါ-
“ခင်ဗျားတော်တယ်ဗျာ၊  ပထမဆုံးအကြိမ်  အတွေ့ အကြုံဖြစ်ပေမယ့်   လုံးဝအမှားအယွင်းမရှိဘူး၊   အချိန်က လည်းကွက်တိပဲ၊ အသံသြဇာရှိတယ်၊ ပြောစကားတွေကလည်းရှင်းလင်းပြတ်သားတယ်။ လာမယ့် စနေနေ့ ညနေ ၆ နာရီ  ၄၅ မိနစ်မှာ စောင့်ပြီးနားထောင်ပေတော့။ ဒုတိယ အကြိမ်ကိုတော့  နောက်တစ်ပတ် အင်္ဂါနေ့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်မှာ ပြန်လွှင့်လိမ့်မယ်” . . . အစီအစဉ်မှူးက ပြောကြားလိုက်ခြင်းဖြစ်၏။
ဈေးဦးပေါက်ကောင်းခဲ့သော    မိမိ၏   အသံလွှင့် လုပ်ငန်းသည်  နောက်ပိုင်း အသံလွှင့်လုပ်ငန်းများအတွက် လည်း အဆင်ချောစေခဲ့၏။  နောက်ပိုင်းတွင်  ယဉ်ကျေးမှု အနုပညာအစီအစဉ်များအတွက် ဌာနက မိမိကိုသာ စေလွှတ် ဆောင်ရွက်စေခဲ့သည်များ၏။ သို့ဖြင့် မြန်မာ့အသံသို့ မကြာ ခဏ ရောက်ရှိခဲ့ရလေတော့သည်။  ယခင်က အသံကိုသာ ကြားရပြီး လူကိုမမြင်ဖူးခဲ့သော မြန်မာ့အသံဝိုင်းတော်သား  ပညာရှင်ကြီးများကိုလည်း  မြင်တွေ့သိကျွမ်းရင်းနှီးခဲ့ရ၏။ မိမိကိုယ်တိုင်လည်း မထင်မှတ်ဘဲ မြန်မာ့အသံ၏ ဝိုင်းတော် သားတစ်ဦး ဖြစ်လာခဲ့ရလေသည်။
အံ့ချီးဖွယ်ရာပင်
မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ပညာရှင်ဝန်ထမ်းအချို့၏   စွမ်းပကားသည်ကား  အံ့ချီး ဖွယ်ရာပင် ဖြစ်တော့သည်။  တစ်ကြိမ်တွင်  မိမိအသံသွင်း နေစဉ် အပြောတစ်ချက် မှားယွင်းသွားခဲ့ရ၏။ ပြောဆိုနေသူ မိမိကိုယ်တိုင် သတိမထားလိုက်မိသလို တစ်ဖက်ခန်းတွင် အသံဖမ်းနေသူ အစီအစဉ်မှူးကလည်း   သတိမမူမိခဲ့ချေ။ ရုံးခန်းတွင်  ထိုတိတ်ခွေကို  ပြန်လည်နားထောင်ကြည့်မိ တော့မှ မျက်ဖြူဆိုက်ရလေတော့သည်။ တိုင်းရင်းသားလူမျိုး တစ်မျိုး၏ အသုဘဓလေ့အကြောင်း ဟောပြောခြင်းဖြစ်ရာ “တစ်နှစ်ခန့်ကြာလို့ အလောင်းကနေ အရိုးများကျတဲ့အခါ” ဟူသည့် စကားစုအစား  “တစ်နှစ်ခန့်ကြာလို့  အရိုးကနေ အလောင်းများကျတဲ့အခါ”  ဟု  မှားယွင်းပြောကြားမိကြောင်း စစ်ဆေးတွေ့ရှိရ၏။ မိမိအလွန်ပင် စိတ်ပျက်စိတ်ညစ်သွား မိရ၏။ သို့ရာတွင် အစီအစဉ်မှူးက “ဘာမှစိတ်မညစ်ပါနဲ့ဗျာ၊ ဒါမျိုးဖြစ်တတ်ပါတယ်။     ကဲ-အေးအေးဆေးဆေးသာ ပြန်သွားပါ။ လာမယ့် စနေနေ့ ညနေ ၆ နာရီ  ၄၅ မိနစ်မှာ ခါတိုင်းလိုပဲ   နားထောင်ကြည့်လိုက်ရင်   ဦးကျော်ဝင်း စိတ်ချမ်းသာသွားမှာပါ”။
ဟုတ်ပါ၏။ သူပြောလိုက်သည့်အတိုင်းပင်  စိတ်ချမ်း သာသွားရပါ၏။ မှားယွင်းသွားခဲ့သော အပိုဒ်ကို နားထောင် ကြည့်သည့်အခါ  “တစ်နှစ်ခန့်ကြာလို့  အရိုးများကျတဲ့ အခါ” ဟု    ပြင်ဆင်ပြီးသားဖြစ်နေကြောင်း   ကြားနာသိရှိ ရ၏။ အစီအစဉ်မှူးနှင့် ပြန်တွေ့၍ ကျိုးကြောင်းမေးကြည့် သောအခါ “ဒါကမခက်ပါဘူးဗျာ၊ အရိုးများက အလောင်း များ ကျတဲ့အခါဆိုတဲ့စကားထဲမှာ    အလောင်းဆိုတာကို ကတ်ကြေးနဲ့ ဖြတ်ထုတ်လိုက်တာပါပဲ”ဟု ခပ်အေးအေး ပင်  ရှင်းပြခဲ့၏။   ထိုအလုပ်သည်    အလွန်လွယ်ကူသလို မှတ်ထင်ရသော်လည်း အလွန်ပညာသားပါလှကြောင်း မိမိအကဲခတ်နားလည်မိခဲ့ရပါ၏။    မြန်မာ့အသံသည် မြန်မာပြည်တွင်         ရုပ်မြင်သံကြားမထုတ်လွှင့်နိုင်မီ နှစ်ပေါင်းများစွာကာလကတည်းက        ပြည်သူတို့၏ သောတအာရုံတစ်ခုတည်းကိုသာအားပြုကာ  ဖျော်ဖြေ တင်ဆက်မှုများကို    စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပေရာ အလွန်ပင်      အံ့သြချီးကျူးဖွယ်ရာကောင်းလှသည်ဟု ထောမနာပြုသင့်လှပါ၏။
မျက်မြင်ကိုယ်တွေ့ လေ့လာမှတ်တမ်းတင်ရ
မိမိသည် လုပ်ငန်းသဘာဝအရ   ထိုစဉ်က   နာဂ တောင်တန်းဒေသသို့ ကွင်းဆင်းသုတေသနပြုခဲ့ရသည်။ ဒေသခံတိုင်းရင်းသားမျိုးနွယ်များ၏ မွေးဖွားချိန်မှ သေဆုံး ချိန်အထိ နေထိုင်စားသောက်ပုံ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံ၊  ရိုးရာဓလေ့ထုံးစံများ၊  အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာ စသည့်ကဏ္ဍ များအကြောင်း  မျက်မြင်ကိုယ်တွေ့  လေ့လာမှတ်တမ်း တင်ရသည်။ ထိုအချိန်၌ ခရီးဆောင်ကက်ဆက်ငယ်များ ပေါ်နေပြီဖြစ်ရာ   ဒေသခံတိုင်းရင်းသားတို့၏   စကားပုံ စကားထာများ၊   ရိုးရာတေးသီချင်းများနှင့်    ပုံပြင်များ အကြောင်း အသံသွင်းမှတ်တမ်းတင်ခဲ့၏။ မြန်မာ့အသံနှင့် ထဲထဲဝင်ဝင်   ဆက်ဆံမှုရှိနေပြီဖြစ်သော    မိမိသည် တောင်ပေါ်ဒေသမှ         အသံသွင်းယူလာခဲ့သည်များကို အလကားမထားဘဲ  အသုံးချ၏။ ယဉ်ကျေးမှုအနုပညာ အစီအစဉ်တွင် မိမိအလှည့်ကျသောအခါ ဒေသခံတိုင်းရင်း သားတို့၏ ရိုးရာတေးသီချင်းများကို မကြာခဏ အသံလွှင့် ပေးခဲ့၏။  သူတို့၏   လုပ်ငန်းခွင်တေးသီချင်း၊   ရိုးရာ တေးသီချင်းများအကြောင်းကို သီချင်းစာသား၏ အဓိပ္ပာယ်၊ မည်သည့်နေရာတွင်  မည်သူတို့က  သီဆိုထားခြင်းဖြစ် ကြောင်း   မိမိက   ပြောဆိုရှင်းပြပြီးမှ    သီချင်းသံကို တင်ဆက်ခြင်းဖြစ်၏။ တန်ကွန်နာဂ၊ ပါရာနာဂ၊ မကူရီ နာဂနှင့် ကူကီး (ခေါ်) ခေါင်ဆိုင်ချင်းတို့၏ တေးသီချင်း များကို   အသံလွှင့်ပေးခဲ့ခြင်းဖြစ်၏။   အသံလွှင့်မည့် နေ့ရက်နှင့် အချိန်နာရီကိုလည်း သက်ဆိုင်ရာဒေသသို့ ကြိုတင်အကြောင်းကြား၏။ ယင်းလုပ်ဆောင်ချက်၏ ရလဒ်သည်ကား “သူတို့သိပ်ဝမ်းသာကြတယ်၊ တချို့ဆိုရင်  သီချင်းသံကို နားထောင်နေရင်း ပျော်လွန်းလို့ ကခုန်နေ ကြတယ်။  သူတို့ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းသံကို ရေဒီယိုထဲမှာ ပြန်ကြားကြရတော့  အံ့လည်းအံ့သြတယ်၊ ဝမ်းလည်းဝမ်းသာကြတယ်၊ သိပ်ပြီးတော့လည်း ဂုဏ်ယူ ကြပါတယ်ဆရာ” 
ဟူသော  ပြန်ကြားချက်မျိုးတွေကို မြောက်မြားစွာ လက်ခံရရှိခဲ့လေသည်။  မိမိ၏  စိတ်ထဲ၌မူ  “ဒါဟာ မြန်မာ့အသံက တိုင်းရင်းသားတွေကို  ညီညွတ်စည်းလုံး စေတာပဲ” ဟု   မှတ်ချက်ချရင်း  ကြည်နူးကျေနပ်နေမိ လေသည်။