ပြည်ထောင်စုသားတို့ တာဝန်

မြန်မာနိုင်ငံကို   ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်   ကမ္ဘာ့နိုင်ငံ များအလယ်တွင် ပေါ်ထွန်းရပ်တည်လာစေနိုင်ခဲ့သည့် ပင်လုံစာချုပ် ကြီးကို ချုပ်ဆိုနိုင်ခဲ့သည်မှာ (၇၄) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ပင်လုံစာချုပ်သည်  တောင်တန်းနှင့် မြေပြန့်ဒေသများ ပေါင်းစည်း ပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို နယ်ချဲ့တို့ ထံမှ ရယူလာနိုင်ခဲ့သည့် တိုင်းရင်းသားသွေးချင်းအရင်းအချာတို့၏ စည်းလုံးညီညွတ်မှုသက်သေလည်း ဖြစ်သည်။

 


သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့ရသည့် ကာလသည် သွေးခွဲအုပ်ချုပ်မှုအရာတွင် သူမတူအောင် ကျွမ်းကျင်လှ စွာသော ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်တွင် ကျွန်သပေါက်အဖြစ် ကျရောက်နေစဉ်ကာလမှာပင်  ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြရခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် ဥရောပ၊ အာရှ၊ အာဖရိကတိုက်ကြီးများတွင်  တည်ရှိခဲ့သည့်  နယ်ချဲ့တို့၏    ကိုလိုနီ နယ်ပယ်များ ပြိုကွဲခြင်းနှင့်အတူ တစ်ချိန်က နေမဝင်အင်ပါယာဟု တင်စားခဲ့ကြသည့် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော ဗြိတိသျှ အင်ပါယာကြီးမှာ နေဝင်ချိန်သို့ ရောက်ရှိလာခဲ့သည်။ ဗြိတိန်သည် ဒုတိယကမ္ဘာစစ်တွင်  စစ်နိုင်သည့်  နိုင်ငံဖြစ်ခဲ့စေကာမူ မီးကုန် ယမ်းကုန်  တိုက်ခဲ့ရသည့်စစ်ကြောင့်  ထောင်းထောင်းကြေကာ အင်ပါယာနိုင်ငံဘဝမှ   လျှောကျခဲ့သလို လက်အောက်ခံကိုလိုနီနိုင်ငံ များကိုလည်း လွတ်လပ်ရေးပေးရန် စဉ်းစားလာရသည်။

 


သို့ရာတွင် တင်းပြည့်ကျပ်ပြည့်ပေးရန်မဟုတ်ဘဲ တတ်နိုင်သမျှ ချန်လှပ်ထားရန်၊ အဆင့်လျှော့ပေးရန်၊ နယ်မြေများ ခွဲထုတ်ဖယ်ထုတ် ရန် ကြံစည်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံကိုလည်း တောင်တန်းဒေသများကို  ချန်လှပ်ပြီး မြေပြန့်ဒေသများကိုသာ လွတ်လပ်ရေးပေးရန်၊ တောင်တန်းဒေသနေလူထုမှာ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှု မရှိသေး၍ မြန်မာပြည်မကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် မထိုက်တန်သေးဟူ၍ အကြောင်းပြချက်ပေးထားသည်။ ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှအစိုးရက ထုတ်ပြန်ခဲ့သည့် စက္ကူဖြူစာတမ်းအရ မြန်မာပြည်မသည်ပင် “ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ဆင့်တိုးတက်ပေး ပြီး ဗြိတိသျှဓနသဟာယအတွင်း   လွတ်လပ်သည့်  တိုင်းပြည်တစ်ခု အနေဖြင့်  တည်ထောင်ပေးရန်” ဖြစ်သည်။  သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုနောက်တွင်  တစ်စည်းတစ်လုံးတည်း ရှိနေပြီဖြစ်သော ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလွတ်လပ်ရေးကို သာ တောင်းဆိုနေပြီဖြစ်သည်။

 


ထို့အပြင် မြေပြန့်ဒေသများသာမက တောင်တန်းဒေသများလည်း တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းခဲ့ရာ သူ့ကျွန်ဘဝကျရောက်နေခဲ့သည့် ကာလတစ်လျှောက်လုံး သွေးခွဲ အုပ်ချုပ်သည့်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်အပြင် တိုင်းရင်းသားများ အကြား မညီညွတ်အောင် သပ်လျှိုမှုများကိုလည်း နှစ်ပေါင်းများစွာ ပညာသားပါပါ စနစ်တကျ ပြုလုပ်ခဲ့ကြသည်။ ပင်လုံစာချုပ်ချုပ်ဆို နိုင်ရေးအတွက် ကြိုးပမ်းနေသည့်ကာလအတွင်း ဗြိတိသျှအရာရှိတို့က တိုင်းရင်းသားခေါင်းဆောင်များထံ လှည့်လည်သွားရောက်ကာ “ဗမာ တွေကို မယုံနဲ့”   ဟူသော  စကားနှင့်အတူ    သံသယမျိုးစေ့နှင့် အမုန်းတရားတို့ကိုပါ ပျိုးထောင်ထားရစ်ခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကို မဖြစ်မနေပေးရသည့်တိုင်အောင် အနာဂတ်အတွက် ကြိုတင်ကြံစည်ကာ သွေးခွဲခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံထက် လအနည်းငယ်စော၍ လွတ်လပ်ရေးရခဲ့သည့် အိန္ဒိယမှာ ဘာသာရေး ကို အကြောင်းပြု၍ အိန္ဒိယ၊ အရှေ့ပါကစ္စတန်၊  အနောက်ပါကစ္စတန် ဟူ၍ သုံးပိုင်းကွဲခဲ့ရသည်။ အရှေ့ပါကစ္စတန်သည် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ဖြစ်လာသည်။

 


ဘိုးဘွားတို့၏ ညီညွတ်မှုဖြင့် လွတ်လပ်သော ပြည်ထောင်စု နိုင်ငံတော်ကြီးကို  မိမိတို့တည်ထောင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း လူမျိုးကြီး၊ လူမျိုးငယ်အဖြစ် ခွဲခြားမထား၊ လူမျိုးအားလုံး တန်းတူရည်တူ။   တိုင်းဒေသအကြီး အငယ်၊ ပြည်နယ် အကြီးအငယ်ဟူ၍ ပြဋ္ဌာန်းမထား၊ ဒေသအားလုံး  တန်းတူ ရည်တူ။   မည်သူကသာစေ၊ မည်သူက     နာစေဟူ၍         သတ်မှတ်မထား။  ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီး အေးချမ်းသာယာရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး   ငြိမ်းချမ်းသာယာဝပြောရေးနှင့် လူမှုစီးပွားဘဝ များ ခံစားစံစားနိုင်ရေးအတွက် မိမိတို့  ခေတ်သမိုင်းက ပေးအပ်လာ သည့် တာဝန်များကို မိမိတို့ တိုင်းရင်းသား ညီရင်းအစ်ကို     မောင်ရင်း နှမတို့၏   ကျေပွန်စွာ  ထမ်းဆောင်မှုများဖြင့်    အကောင်အထည်ဖော်  တည်ဆောက်ကြရမည်ဟု ယုံကြည်ပါကြောင်း။     ။