မာယာနှင့် အမှန်တရား

Type

ချစ်နိုင်(စိတ်ပညာ)

 

နိဒါန်း


ဘာတွေဘာတွေ မဆိုင်တာတွေက စပြောနေတာလဲလို့ အပြစ်တင်မစော ပါရန်  လေးစားစွာ တောင်းပန်ပါရစေနော်။ စိတ်ထဲပေါ်ရာ စပြောမိတာ ခေတ္တလေး  သည်းခံပေးပါ။ ဒီလိုပါ။  ရုပ်ရှင်ကြည့်တာ  မိမိက  အလွန်          ဝါသနာပါခဲ့ပါတယ်။ ရုပ်ရှင်ဓာတ်ပုံပညာလည်း စိတ်ပါဝင်စားခဲ့ပါတယ်။ သိချင်တော့ လေ့လာစပ်စုမိတာပေါ့။ ။


ရုပ်ရှင်ဆိုတာက သရုပ်ခွဲရင် အပိုင်းသုံးပိုင်းပါတယ် -
(၁)    Art အနုပညာ ၊ 
(၂)    Story  Telling  ဇာတ်လမ်းပြောပြခြင်းနဲ့ 
(၃)    Pictures  ရုပ်ပုံတွေ။ 


ရုပ်ပုံ


အပိုင်းတစ်ပိုင်းစီမှာ ကျယ်လည်းကျယ်ပြော။ လေးလည်းလေးနက်တဲ့ ပညာရပ်တွေ ပါဝင်နေကြတယ်။ စကားစပ်မိလို့ပါ။ Picture  ရုပ်ပုံ ဆိုကြပါစို့။ အားလုံးလည်း ကြားဖူးနားဝ ရှိကြပြီးသားပါ။ ကင်မရာအကွာအဝေး အမျိုး အစားအလိုက် ဒီလိုမျိုး ရိုက်ချက်(၄)မျိုး ရှိတာပေါ့။ ။


(၁)     Close  up  အနီးကပ် မျက်နှာပြည့် ရိုက်ချက် ၊ 
(၂)     Medium  short  ခါးတစ်ပိုင်းရိုက်ချက် ၊ 
(၃)     Full  short  တစ်ကိုယ်လုံးပေါ်ရိုက်ချက်နဲ့
(၄)     Long  short  အဝေးကနေရိုက်ချက် ။ 
ဒါတော့ တို့လည်း သိပြီးသားပါကွယ်။ ဟုတ်ပါတယ်။


တကယ်က အကန့်အသတ်မဲ့သဘာဝလောကကြီးကို  လေးထောင့် ကင်မရာအပေါက်လေးထဲကနေ ဝင်ကြည့်စေပြီး ငွေရောင်ပိတ်ကားကြီးပေါ်မှာ ရုပ်ရှင်ပရိသတ်ကို ကြည့်မြင်စေရအောင် ပြသရာမှာ မြင်ကွင်းပြပုံအရ အနီး အဝေး၊ အကြီးအသေး၊ အနှေးအမြန်၊ အရွေ့၊ အငြိမ်၊ အနိမ့်အမြင့်၊ အလင်း အမှောင်၊ အရောင်အသွေး စတဲ့အချက်များက Picture ရုပ်ပုံတစ်ခုကို Image နိမိတ်ပုံ၊ ပုံရိပ်လွှာအဖြစ် ဖန်တီးဖွဲ့စည်းရတာပဲ။


နိမိတ်ပုံ


အနုပညာမြောက်ဖို့ရာ ဒါတွေလိုပါတယ် -
(၁)     Composition  အထားအသို ဖွဲ့စည်းပါဝင်ပုံ ၊ 
(၂)     Colour  tone  အရောင် အနုအရင့် ၊ 
(၃)     Croping  အဖြတ်အတောက် ၊ 
(၄)     Focus  အပြတ်အသား အကြည်အဝါး ၊ 
(၅)     Lighting  အလင်းအမှောင် ၊ 
(၆)     Size  အရွယ်အစား အကြီးအသေး ။ 


ရုပ်ပုံနဲ့ ပတ်သက်တာ သာမန်လူ နားလည်နိုင်သမျှ တင်ပြတာပါ။ ရုပ်ပုံ တွေထွက်လာအောင် လုပ်ဆောင်ကြတာ ကင်မရာသမားရယ်၊ ကင်မရာ ရယ်။ သက်ရှိနဲ့သက်မဲ့ (နာမ်ပိုင်းနဲ့ရုပ်ပိုင်းပေါ့ဗျာ)အလုပ်လုပ်တဲ့နေရာမှာ ဒါရိုက်တာရဲ့  လိုလားချက်၊  ညွှန်ကြားချက်၊  သရုပ်ဆောင် သို့မဟုတ် သရုပ်ဆောင်တွေ  သရုပ်ဆောင်နေတာကို အရုပ်ထဲမှာ ခံစားမှုကို ပုံပေါ်  အောင်   ဖန်တီး(ကူညီ)ဖို့ နည်းပညာ Technique တက်ကနိကဗေဒ လိုအပ် ပါတယ်။ 


ဖန်တီးမှု


Technical Skill သာ မကဘူး၊  Art အနုပညာမာယာလည်းပါတယ်။ နည်းပညာတွေ တိုးတက်အဆင့်မြင့်လာလေလေ လှည့်စားမှုမာယာတွေဟာ အံ့ဖွယ်ဘနန်း ထူးခြားဆန်းကြယ်လေလေပေါ့။ Tricks ပရိယာယ်။ ။
အဲ့ဒါတွေဟာ အတတ်ပညာ၊ နည်းနာ၊ အနုပညာ၊ မာယာ၊ ပရိယာယ် ဝေဝုစ်၊ လှည့်စားမှု၊ လှည့်ဖြားမှု၊ ညှို့ငင်ခြင်း၊ အနုပညာဖန်တီးမှုထဲမှာ အဲဒါ တွေ ပါဝင်နေတယ်လေ။ အလင်္ကာသဘောလို့ ပြောနိုင်တာပေါ့ ။ စိတ်ကူး Fiction  ဖန်တီးတာတွေ ပါတယ်လေ။
Cinematography   စီနီမက်တိုဂရပ်ဖီ။  ရုပ်ရှင်ဓာတ်ပုံပညာဆိုတာ ညာတာ လှည့်စားတာပါ။
လိမ်ညာမှုလို့ မထင်စေရဘူး။
ယုံကြည်အောင် လုပ်နိုင်ရမယ်။
ပရိသတ်မသိစေရဘဲ  ပိရိသေသပ်ရမယ်။ Art အနုပညာဆိုတာ ဒါပဲ။        To  make  believe  ယုံကြည်သက်ဝင်အောင် လုပ်တတ်ရတယ်။ 
ယုံကြည်အောင်လုပ်ထားတဲ့အရာက အတုပါ။ ဒါပေမယ့် တကယ့်အစစ်နဲ့ ခွဲခြားမရတဲ့အတုပါ။ အစစ်ထက်တောင် ဖန်တီးရခက်တဲ့အတုပါ။ အမူအရာ လုပ်တာကို မမြင်စေရ။ မသိစေရ။ အမူအရာ ဖြစ်နေတာကိုသာ မြင်စေ သိစေရမှာတဲ့။ အဲဒါက အနုပညာသဘော။ ဖန်တီးမှုသဘော။ ပရိသတ်ကို လှည့်စားမှု ပြုရတဲ့သဘော။ မတူကွဲပြားခြားနားတာကို သိကြဖို့ပါ။ 


စာနယ်ဇင်း


နိုင်ငံရေးသမားအကြောင်း စာရေးသူ ဘာမှထည့်မပြောလိုဘူး။ ပါတီ နိုင်ငံရေးကို နားလည်း မလည်ဘူး။ စိတ်လည်း မဝင်စားခဲ့ဘူး။ အကောင်း အဆိုးလည်း ဘာမှမပြောတတ်ပါဘူး။
နှစ်ပေါင်း သုံးဆယ်ကျော် ကျင်လည်ဖြတ်သန်းခဲ့တာကတော့ စာနယ်ဇင်း၊ စာပေအနုပညာ နယ်ပယ်ပါ။ ပိုပြီး တိတိကျကျပြောပြရရင် ကဗျာတို့၊ ဝတ္ထု တို့ မဖန်တီးတတ်တဲ့ စကားပြေ၊ ဆောင်းပါးရှင်၊ သတင်းစာသမားသက်သက် ပါ။
သတင်းသမား၊ စာရေးသူတစ်ယောက်အနေနဲ့ သက်ကြီးစကား သက်ငယ် ကြားဆိုတာလို လူကြီးသူမများ ဆိုမိန့်ခဲ့တဲ့ စကားဆိုရင် တိုတိုရှည်ရှည်၊ နားထဲမှာ စွဲစွဲမြဲမြဲ ထည့်ထားရပါတယ်။ ဥပမာ-ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကို ထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့တဲ့ ဦးသန့်(၁၉၀၉-၁၉၇၄) ဆိုတာ ကျောင်းဆရာကြီးလည်း မှန်ရဲ့၊ သတင်းစာဆရာ၊ စာရေးဆရာလည်း ဟုတ်ပါရဲ့။ နိုင်ငံတကာက  လေးစားယုံကြည်လက်ခံရတဲ့  နိုင်ငံပြုပုဂ္ဂိုလ် ဆိုလည်း မမှားပါဘူး။ ဦးသန့် ပြောကြားခဲ့တဲ့စကား (၅)ခွန်းရှိတယ်လေ။ 


(၁)    Have a purpose. ရည်ရွယ်ချက်ရှိပါ။
(၂)     Make it different. တီထွင်ဖန်တီးဆန်းသစ်ပါ။
(၃)     Do  not  take  public  opinion. အများသဘောမယူနဲ့။ (မှန်တာပဲ
    လုပ်၊ တရားတာလုပ်၊ ကောင်းတာလုပ်ပါ) 
(၄)    Do not afraid to Fix it .  ပြုပြင်ရမှာ မကြောက်ပါနဲ့။ 
    (နည်းဗျူဟာနဲ့ ပတ်သက်တာမှာ  ပြောင်းလွယ်ပြင်လွယ်မရှိ၊ တက်သာ ဆုတ်သာ မလုပ်တတ်ရင် ပြဿနာအကြီးကြီးနဲ့ ဒုက္ခတွေ့တတ် တယ်။ ထွက်ပေါက်ပိတ်မိတဲ့ အကျပ်အတည်းထဲ ကျရောက်တတ်တယ်) 
(၅)     Do not be guiled. အယုံမလွယ်မိပါစေနဲ့။ အလှည့်စားမခံရစေနဲ့။ 


အလုပ်တာဝန် 


သတင်းစာဆရာ၊ သတင်းသမားရဲ့တာဝန်နဲ့ ကျင့်ဝတ်အကြောင်းများကို စာရေးသူ ဆောင်းပါးအတော်များများ ရေးသားခဲ့ဖူးပါပြီ။ မကြာမီကပင် သတင်းစာဆရာတွေဟာ အများပြည်သူရဲ့ လေးစားယုံကြည် အားကိုးခံရတဲ့ (Professional  Journalists) သတင်းစာဆရာတွေ ဖြစ်စေချင်ပါကြောင်း ရေးလိုက်ပါသေးတယ်။


ဒီနေရာမှာ သတင်းသမားရဲ့ အဓိကထားရမယ့် အလုပ်တာဝန်အကြောင်း အနည်းငယ် တင်ပြပါရစေ။ အဲဒီလုပ်ငန်းရပ်တွေကို အသက်မွေးဝမ်းကျောင်း အဖြစ် ကျွမ်းကျင်တတ်မြောက်အောင်  ကျွန်တော်တို့လည်း ကြိုးစားခဲ့ရ      တယ်။ လက်ရှိလုပ်ဆောင် အမှုထမ်းနေကြဆဲပုဂ္ဂိုလ်တွေလည်း ဆက်လက် ဆောင်ရွက်နေကြဆဲပဲ။


နောက်နောင်လည်း ဒီလုပ်ငန်း ဒီတာဝန် ဒီပညာရပ်ဆိုင်ရာ  အခြေခံ အနှစ်သာရ သဘောတွေက သိမြင်နားလည်ထားရမှာတွေပါ။ ထပ်ခါထပ်ခါ ပြောဆိုနေမိတယ်ထင်ရင်လည်း သည်းခံပါရန် တောင်းပန်ရမှာပါ။ 


(ဆက်လက်ဖော်ပြပါမည်)