အမှတ်တရ မြန်မာ့အသံ

Type
1

အမှတ်တရ မြန်မာ့အသံ

တက္ကသိုလ်မောင်သုလှိုင်
 

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်  စတင် တည်ထောင်ခဲ့သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သက်တမ်းမှာ စိန်ရတုတိုင်ခဲ့ပါပြီ။ (၇၅) နှစ်တာကာလ အတွင်း ဂီတသမား၊ ရုပ်ရှင်သမား၊ စာရေးဆရာများစွာ အပါအဝင် အနုပညာရှင် အတော်များများသည် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့်ပတ်သက်ပြီး  အမှတ်တရ များစွာ ရှိခဲ့ကြပါသည်။
စာရေးသူသည်လည်း မြန်မာ့အသံနှင့်ပတ်သက်ပြီး ဆယ်စုနှစ်တစ်စုကျော်မျှ  ပါဝင်ရင်းနှီးကျွမ်းဝင်ခဲ့ရာ အဆိုပါပုံရိပ်များသည် စာရေးသူအား အမှတ်တရများ ဖြစ်စေခဲ့ပါသည်။ စာရေးသူတို့ငယ်စဉ်က မြန်မာ့အသံက နေ့စဉ်ထုတ်လွှင့်သော အစီအစဉ်များကို တစိုက်မတ်မတ် စွဲလမ်းစွာ နားဆင်ခဲ့ရပါသည်။ မြန်မာ့အသံမှ နေ့ရက်၊  အချိန်အလိုက် ထုတ်လွှင့်ခဲ့သော မဟာဂီတ၊ ကာလပေါ်၊ ရုပ်ရှင်တေးဂီတအစီအစဉ်များ၊    လူငယ်တေးသံ၊ သူ့လက်သံကဏ္ဍ၊   ပုံပြင်လက်ဆောင်များသည်လည်း စိတ်ဝင်စားဖွယ် အစီအစဉ်များဖြစ်ပါသည်။ ထိုအထဲတွင် စာရေးသူစိတ်အဝင်စားဆုံးအစီအစဉ်မှာ ဇာတ်လမ်းပမာ နားဆင်စရာနှင့် အသံလွှင့်ဇာတ်လမ်းထုတ်လွှင့်သည့် အစီအစဉ်ပင် ဖြစ်ပါသည်။


နာမည်ရရုပ်ရှင်သရုပ်ဆောင်များပါဝင်


ဇာတ်လမ်းပမာ နားဆင်စရာ အစီအစဉ်သည် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ဇာတ်လမ်းအသစ်များအဖြစ် လွှင့်တတ်ပြီး ထိုဇာတ်လမ်းများကိုပင် စနေနှင့် တနင်္ဂနွေနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြန်ထုတ်လွှင့်တတ်သည်။ ၎င်းမှာ မိနစ် ၂၀ စာ ဇာတ်လမ်းဖြစ်သည်။ အသံလွှင့်ဇာတ်လမ်း မှာတော့ ၄၅ မိနစ်စာ ဇာတ်လမ်းဖြစ်ပြီး အပတ်စဉ် စနေနေ့ ည သတင်းများအပြီး ၈ နာရီ ၁၅ မိနစ်တွင် လွှင့်တတ် သည်။ ဇာတ်လမ်းပမာများတွင် သရုပ်ဆောင်များအဖြစ် တစ်ခါတစ်ရံ ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်တတ်သော် လည်း များသောအားဖြင့် မြန်မာ့အသံဝန်ထမ်းများကသာ သရုပ်ဆောင်တတ်ကြသည်။ ၄၅ မိနစ်စာ အသံလွှင့် ဇာတ်လမ်းကြီးမှာတော့ အဓိကသရုပ်ဆောင်များတွင် နာမည်ရ     ရုပ်ရှင်သရုပ်ဆောင်များသာ    ပါဝင်တတ် ကြသည်။


ထိုစဉ်က တေးသံရှင်အသစ်များ မွေးထုတ်ပေးရာ၊ တေးသီချင်းအသစ်များ  ပေါ်ထွန်းရာ  ကဏ္ဍတစ်ခု ဖြစ်သည့် ကာလပေါ်တေးသီချင်းများအစီအစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့်၊ တစ်နည်းအားဖြင့် တစ်ပတ် လျှင်နှစ်ရက် ည ၈ နာရီ ၁၅ မိနစ်တွင် ထုတ်လွှင့်ပေးလေ့ ရှိသည်။ ထိုအစီအစဉ်တွင် ကာလပေါ်တေးဂီတတီးဝိုင်း များက တေးသီချင်းသစ်များကို ထုတ်လွှင့်ပေးလေ့ရှိသည်။ ထိုတေးသီချင်းသစ်များကို ထုတ်လွှင့်နိုင်ရန် တေးဂီတ ဝိုင်းအချို့သည် မြန်မာ့အသံစတူဒီယိုတွင်လည်းကောင်း၊ အချို့သည် ရန်ကုန်စတူဒီယိုတို့ကဲ့သို့သော အပြင်တွင် လည်းကောင်း တေးသီချင်းများကို ကြိုတင်အသံသွင်း ကြရသည်။ အပြင်စတူဒီယိုတွင် အသံသွင်းခဲ့ပါက ရီကော်ဒါ တိတ်ခွေကြီးများဖြင့် မြန်မာ့အသံဘုတ်အဖွဲ့သို့ တင်သွင်းကြရသည်။ မြန်မာ့အသံ တေးသီချင်းစိစစ်ရေး ဘုတ်အဖွဲ့က  စိစစ်ခွင့်ပြုပြီးသော သီချင်းများကိုသာ ကာလပေါ်တေးအစီအစဉ်မှ ထုတ်လွှင့်ခွင့်ရသည်။ ထိုထုတ်လွှင့်ခွင့်ရသီချင်းများတွင်  တစ်ကြိမ်လွှင့်ခွင့်ရနှင့် အမြဲတမ်းလွှင့်ခွင့်ရဟူ၍ ရွေးချယ်ပေးခဲ့ပြီး တစ်ကြိမ် လွှင့်ခွင့်ရသီချင်းမှာ ထိုနေ့တွင် တစ်ကြိမ်သာ လွှင့်ခွင့်ရပြီး အမြဲတမ်းလွှင့်ခွင့်ရသီချင်းကိုတော့ ဓာတ်ပြားရသီချင်း အဖြစ် ခေါ်ဆိုသတ်မှတ်ကာ မြန်မာ့အသံက မကြာခဏ ပြန်လည်လွှင့်ထုတ်ပေးလေ့ရှိသည်။


တေးဂီတ ပညာရှင်များ


ဇာတ်လမ်းပမာနားဆင်စရာနှင့် အသံလွှင့်ဇာတ်လမ်း များကိုတော့ အသံလွှင့်ရုံ၏ စတူဒီယိုများတွင်ပင် အသံ သွင်းယူရပြီး   အသံသွင်းသည့်နေ့တွင်  သရုပ်ဆောင်မည့် သူများကို   စုံညီဖိတ်ကြားပြီး   ထုတ်လုပ်သူများက တစ်နေ့တည်းအပြီး အသံသွင်းယူကြသည်။ ထုတ်လွှင့်မည့် ဇာတ်လမ်းများအား ထုတ်ဝေပြီးဝတ္ထု၊ မဂ္ဂဇင်းများမှ ဇာတ် လမ်းများကို ပြန်ပြီးဇာတ်ညွှန်းခွဲ၍လည်းကောင်း၊ ပြင်ပမှ ပေးပို့လာသော ဝတ္ထုဇာတ်လမ်းများကို ဇာတ်ညွှန်းခွဲ၍ လည်းကောင်း အသံသွင်းကြခြင်းဖြစ်သည်။ သရုပ်ဆောင် များနှင့် အသံသွင်းခြင်းသည် ထိုနေ့တွင်   ဇာတ်ဝင်ခန်း တီးလုံး၊ တေးသီချင်းထည့်သွင်းခြင်း အပါအဝင် တည်းဖြတ် ခြင်းကိုပါ အပြီးအပြတ်နီးနီး စုပေါင်းပြုလုပ်ကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ၄၅ မိနစ်စာ ဇာတ်လမ်းကိုပင် တစ်နေကုန်နီးနီး အသံသွင်းယူကြရသည်။ ထိုလုပ်ဆောင်ချက်များကို စာရေး သူ ထဲထဲဝင်ဝင်သိရှိခွင့်၊ လေ့လာခွင့်၊ ကိုယ်တိုင်ပါဝင်လုပ် ဆောင်ခွင့်ရခဲ့သည်မှာလည်း ထိုစဉ်ကာလက စာရေးသူအား ကူညီထောက်ပံ့ခဲ့သူ မြန်မာ့အသံဝန်ထမ်းများ၊    မြန်မာ့  ရုပ်မြင်သံကြားဝန်ထမ်းများအပါအဝင် တေးဂီတပညာရှင် များ၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။


ထိုစဉ်ကဆိုသည်ကား၊ တစ်နည်းအားဖြင့် စာရေးသူ အတွက် မြန်မာ့အသံနှင့်ပတ်သက်ပြီး  အမှတ်တရများ စတင်ခဲ့သည့်အချိန်ကား ၁၉၇၄ ခုနှစ်၊ ၁၉၇၅ ခုနှစ် ကာလ ဝန်းကျင်က စတင်သည်ဟုဆိုရမည် ဖြစ်ပါသည်။


စပြီးပြောရလျှင် ၁၉၇၃-၁၉၇၄ ခုနှစ် စာသင်နှစ် ကာလက ဖြစ်သည်။ စာရေးသူ ဆယ်တန်းရောက်သည့်အခါ မင်္ဂလာဒုံကနေ စမ်းချောင်း အထက (၁) သို့ မိဘများက ပြောင်းရွှေ့ပေးခဲ့သည်။ ဆယ်တန်းတွင် အောင်မှတ်ကောင်း အောင်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ အထက(၁) စမ်းချောင်းသည် မြန်မာ့အသံ တည်ရှိရာနေရာ၏ တောင် ဘက်တွင် ရှိသည်။ မိဘများက မည်သည့်ရည်ရွယ်ချက်ဖြင့် အဆိုပါကျောင်းသို့   ပြောင်းရွှေ့ပေးခဲ့သည်ဖြစ်စေ   စာရေးသူ အတွက်တော့    ငယ်စဉ်ကပင်     စွဲလမ်းမြတ်နိုးခဲ့ရသော အစီအစဉ်များ  ထုတ်လွှင့်ရာ မြန်မာ့အသံအနီးသို့ ပြောင်း ရွှေ့ခွင့်ရသဖြင့် လွန်စွာကျေနပ်မိသည်။ ထိုစဉ်က မြန်မာ့ အသံအဆောက်အအုံသည် မြန်မာ့အသံဝင်း မြောက်ဘက်ရှိ နှစ်ထပ်အဆောက်အအုံဟောင်းမျှသာ   ရှိသေးသည်။ ဖျော်ဖြေခြင်း၊ ပညာပေးခြင်း၊ ပြန်ကြားပေးခြင်း အစီအစဉ် များကို ထုတ်လွှင့်ပေးခဲ့သည့် မြန်မာ့အသံသည် ထိုစဉ်က ပြည်သူများ၏ အသည်းစွဲဌာနတစ်ခုဖြစ်ခဲ့သည်။ ထိုအဆောက် အအုံလမ်းပေါ်တွင် စိုက်ထူထားသည့် အသံလွှင့်တာဝါ တိုင်ပေါ်၌ ရေးချိတ်ထားသည့် “ပြည်သူ့အတွက် မြန်မာ့ အသံ”ဟူသည့် အနီရောင်စာလုံးဖြင့်   ဆောင်ပုဒ်သည် ညဘက်တွင် အလွန်ထင်ရှားစွာ တွေ့မြင်နိုင်သည်။


အိပ်မက်များ မက်ခဲ့


ထိုစဉ်ကပင် အသံလွှင့်အစီအစဉ်များကို  စိတ်ဝင်စား သဖြင့် မြန်မာ့အသံတွင်  ဝင်ရောက်လေ့လာခွင့်၊  ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့်ရရန်      အိပ်မက်များ       မက်ခဲ့သည်။ ဆယ်တန်းကျောင်းသားဘဝ ကျောင်းတက်စဉ် စာပေဗိမာန် ပုံနှိပ်တိုက်ရှေ့ (ဟံသာဝတီအဝိုင်းအနီး) ဟံသာဝတီမှတ်တိုင် တွင် ကားမှတ်တိုင်၌  လိုင်းကားပေါ်က ဆင်းပြီး ကျောင်းသို့ သွားရန်နီးသော်လည်း မြန်မာ့အသံရှေ့က ဖြတ်လျှောက်ပြီး မြန်မာ့အသံဝင်းအတွင်း  လှမ်းကြည့်လေ့လာချင်သဖြင့် ထိုစဉ်က ‘လိုင်းပေါက်’ မှတ်တိုင်၊ ‘လိပ်ခုံး’ မှတ်တိုင်လည်း ခေါ်သည့် (ယခု ဆေးတက္ကသိုလ် - ၁ ရှေ့) မှတ်တိုင်တွင်  ဆင်းပြီး မြန်မာ့အသံအရှေ့ ဖြတ်လျှောက်ပြီးမှ ကျောင်းသို့ သွားလေ့ရှိသည်။      (လိပ်ခုံးမှတ်တိုင်ဟုခေါ်ကြခြင်းမှာ ဆေးတက္ကသိုလ်- ၁ ရှေ့မျက်နှာစာ၊ ရောင်စုံငါးကြင်းကွက် များဖြင့် တည်ဆောက်ထားသည့် လိပ်ခုံးသဏ္ဌာန်  နားနေ ဆောင်ကြီးတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ယခုတော့ ထိုလိပ်ခုံးနားနေဆောင်ကြီး မရှိတော့ပြီ။)


စာရေးသူ ၁၉၇၄ ခုနှစ်တွင် ဆယ်တန်းအောင်တော့  မြန်မာ့အသံခရေဇီကြောင့် ပုဇွန်တောင်ဘက်တွင် ဖွင့်သော စာပေ၊ ဂီတ  သင်တန်းတစ်ခုကို  တက်ဖြစ်သည်။  ထို သင်တန်းတွင်ပင်    ဂီတစာဆို   မောင်မောင်သစ်လွင်နှင့် စတင်တွေ့ဆုံခဲ့သည်။ သင်တန်းတက်ရင်းနှင့်ပင် ၎င်း၏ ကာလပေါ်တီးဝိုင်းတွင် သီချင်းဆိုရန်  အခွင့်အလမ်း ရခဲ့သည်။ ကာလပေါ်တီးဝိုင်းတစ်ဝိုင်း   မြန်မာ့အသံတွင် သီဆိုအသံသွင်းမည်ဆိုပါက   ဦးစွာ သီဆိုမည့်သီချင်း စာသားများကို မြန်မာ့အသံဘုတ်အဖွဲ့သို့တင်ရသည်။ ဘုတ် အဖွဲ့က ပြန်ကျမှသာ သီချင်းတိုက်၊ သီချင်းသွင်းခြင်းကို လုပ်ရသည်။ ထိုစဉ်က ကာလပေါ် တီးဝိုင်းတစ်ဝိုင်းအတွက် အနည်းဆုံး ၁၀ ပုဒ်ခန့် အသံသွင်းရန် ပြင်ဆင်ကြရသည်။ ထိုအချိန်က မြန်မာ့အသံတွင်   အသံသွင်းရမည်ဆို၍ လည်းကောင်း၊ ပထမဦးဆုံးကာလပေါ်သီချင်းကို သီဆိုခွင့်ရမည်ဖြစ်၍လည်းကောင်း    စာရေးသူ စိတ်လှုပ်ရှား ခဲ့မိသည်။ သီချင်းတိုက်ခြင်း၌ စန္ဒရားဆရာ၏အိမ် ဒါမှ မဟုတ် စန္ဒရားရှိသော အိမ်တစ်အိမ်တွင် ပြုလုပ်ကြသည်။


၎င်းနောက် မြန်မာ့အသံက ရက်ချိန်းပေးသော တစ်ရက်တွင်        မြန်မာ့အသံ၌    တစ်နေကုန်စိတ်ကြိုက် ရသည်အထိ  အသံသွင်းကြရသည်။  စာရေးသူနှင့်အတူ တီးဝိုင်း၌   အသံသွင်းသူများတွင်    ယနေ့နာမည်ကျော် တေးသံရှင် အယ်လ်ခွန်းရီလည်း ပါဝင်ခဲ့သည်ကို တွေ့ရ သည်။ ထိုစဉ်က အယ်လ်ခွန်းရီသည် ‘မောင်မောင့်သဘော’ အမည်ရှိ    သီချင်းဖြင့်   ဓာတ်ပြားရသွားခဲ့သော်လည်း စာရေးသူမှာ ဓာတ်ပြားမရခဲ့။ မည်သို့ပင်ဖြစ်စေ စာရေးသူ ၏ဘဝတွင် အိပ်မက်မက်ခဲ့ဖူးသော မြန်မာ့အသံသို့   ရောက်ရှိ လေ့လာအသံသွင်းခွင့်ရရှိခဲ့သဖြင့် လွန်စွာကျေနပ်ရသည်။


ဂီတမိတ်ဆွေကောင်းများ


စာရေးသူသည် ငယ်စဉ်ကပင် စာပေ၊ ဂီတတွင် ဝါသနာထုံခဲ့သည်ဖြစ်ရာ စာပေများလည်း ရေးသားလာ ခဲ့ရာမှ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် “သရုပ်ပျက်ယဉ်ကျေးမှု တိုက်ဖျက်ရေး’’ အမည်ရှိ ဆောင်းပါးတစ်ပုဒ် ဖော်ပြခံရပြီးနောက် စာပေ လောကသို့ စတင်ရောက်ရှိခဲ့သည်။ ဆက်လက်၍ ဂီတ ဘက်တွင်လည်း မဟာဂီတဘက်ကိုလေ့လာခဲ့ပြီး ကြိုး သီ ချင်း၊ ပတ်ပျိုး စသည်တို့ကို သင်ယူလေ့ကျင့်သီဆိုခဲ့သည်။ ထိုအချိန်တွင် ဂီတမိတ်ဆွေများနှင့်လည်း     တွေ့ဆုံခဲ့ ရသည်။ ထိုအထဲတွင် မဟာဂီတအဆိုဘက်တွင် ကျွမ်းကျင် သူ စာရေးဆရာလည်းဖြစ်၊ တေးသံရှင်လည်းဖြစ်သည့် တက္ကသိုလ်ဆန်းတင့်နိုင်နှင့်            ရွှေကူနန်းနွဲ့နွဲ့တို့သည် စာရေးသူ၏  ဂီတမိတ်ဆွေကောင်းများ ဖြစ်ခဲ့သည်။ စာရေးဆရာ၊ တေးသံရှင် တက္ကသိုလ်ဆန်းတင့်နိုင်ဆိုလျှင် နောင်  စာရေးသူ စာပေစင်မြင့်သို့ တက်လှမ်းရာတွင် များစွာအထောက်အကူပေးခဲ့သူ ဖြစ်သည်။
စာရေးသူသည် ကာလပေါ်တေး၊ မဟာဂီတ  တေး များ မြန်မာ့အသံတွင် အသံလွှင့်ခွင့်ရရန် ကြိုးစားခဲ့ပြီး နောက် လူငယ်တေးသံကဏ္ဍတွင်   သီချင်းသစ်များ ရေးသားတင်ဆက်နိုင်ရန် ထပ်မံကြိုးစားခဲ့သည်။ ၁၉၇၄-၁၉၇၅ ကာလများသည်    လမ်းစဉ်ပါတီခေတ်ဖြစ်ပြီး ထိုခေတ်တွင် ခေတ်လူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ် လူငယ်ဟူ၍ အသက်အရွယ်အလိုက် လူငယ်အဖွဲ့အစည်း များကို ဖွဲ့စည်းပေးခဲ့ပြီး အစိုးရလူငယ်ပြုစုပျိုးထောင် ရေးလုပ်ငန်းများကို ပြုလုပ်ပေးခဲ့သည်။ ထိုအထဲတွင် မြန်မာ့အသံမှ လူငယ်တေးသံများ ထုတ်လွှင့်ပေးခဲ့သည့် အစီအစဉ်လည်း ပါဝင်ခဲ့ရာ စာရေးသူအနေဖြင့် မင်္ဂလာဒုံ မြို့နယ် လမ်းစဉ်လူငယ်အဖွဲ့ လူကြီးများနှင့်တိုင်ပင်၍ လူငယ်တေးသီချင်းများ   ရေးသားထုတ်လွှင့်ရန်စီစဉ်ခဲ့ သည်။ ထို့အတူ        တက္ကသိုလ်ကျောင်းသားဘဝ ၁၉၇၅ - ၁၉၇၆ ခုနှစ်များတွင်လည်း     ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် လမ်းစဉ်လူငယ်အဖွဲ့ကိုယ်စား တေးသီချင်း အသစ်များကို ရေးသားပေးခဲ့သည်။
ထိုသို့ ရေးသားပေးခဲ့သော လူငယ်တေးသီချင်းများ ကို ထိုစဉ်က လမ်းစဉ်ပါတီ  ဂီတတီးဝိုင်းအခြေစိုက်ရာ ရန်ကုန်တက္ကသိုလ်လမ်းဆုံရှိ    နောင် ယဉ်ကျေးမှုဝန်ကြီး ဌာနလက်အောက်  ရောက်ရှိလာမည့်   ချင်းချောင်း နန်းတော်တွင် သီချင်းတိုက်ကြရသည်။ ထိုသို့ သီချင်း တိုက်ပေးစဉ် သီချင်းသံစဉ်များကို နေရာချ ပြုပြင်ပေးသော စန္ဒရား (ဦး)ကျော်ဇောလေးနှင့် တေးအဆိုများကို နေရာချ သွန်သင်ပေးသော ဦးလှဦး၊   အဆိုတော်မာသီ၊ အဆိုတော် (ဒေါ် )ညွန့်ညွန့်စိန်တို့ကို ယနေ့တိုင် အမှတ်ရနေမိသည်။ ထိုအချိန်က မြို့နယ်နှင့် တက္ကသိုလ်အတွက် လူငယ်သီချင်း ၁၂ ပုဒ်စလုံးကို စာရေးသူတစ်ဦးတည်းက ရေးစပ်ပေးခဲ့ပြီး အဖွဲ့နှစ်ဖွဲ့က အချိန်ကာလခြား၍ မြန်မာ့အသံ စတူဒီယို ကြီးတွင် စန္ဒရားကျော်ဇောလေးတီးဝိုင်းဖြင့် အသံသွင်း ယူခဲ့ကြသည်။ ကံအားလျော်စွာ စာရေးသူ၏ သီချင်း အားလုံး  တစ်ကြိမ်လွှင့်ခွင့်ရခြင်းနှင့်အတူ အချို့သီချင်း များမှာ ဓာတ်ပြားရခဲ့သည်။  


တကယ်တော့ စာရေးသူ၏ တက္ကသိုလ်ကျောင်းသား ဘဝတွင် ကျောင်းတက်နေစဉ် အနှောင့်အယှက်မျိုးစုံကြုံရ သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စက်ရုံအချို့မှ အလုပ် သမားများ ဆူပူမှုလုပ်ပြီး လမ်းပေါ်တက်လာကြသဖြင့် တက္ကသိုလ်ကို ခေတ္တပိတ်လိုက်ရသည်။ ထို့ပြင် ၁၉၇၄ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၁၉၇၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဦးသန့် အရေးအခင်း၊ ၁၉၇၆ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း အရေးအခင်းများ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ကို မကြာခဏ ပိတ်ခဲ့ရသည်။ အချို့စာသင်နှစ်၏ အတန်းတင်စာမေးပွဲကို ပင်  မိမိတို့မြို့နယ်များတွင်    ပြန်ဖြေခဲ့ကြရသည်။ တက္ကသိုလ်ကျောင်း တက်ရမည့်နေ့များထက် အိမ်မှာနေရ သည့်ရက်က ပိုများခဲ့သည်။ 


အသံလွှင့်ဇာတ်လမ်း


သို့သော် အိမ်မှာနေရင်းဖြင့်လည်း ရေဒီယိုမှ ထုတ် လွှင့်သော အသံလွှင့်အစီအစဉ်များကို နားထောင်ဖြစ်ခဲ့ သည်။ ထိုအထဲတွင် စာရေးသူ၏အကြိုက်ဆုံးအစီအစဉ် ဖြစ်သည့်     အသံလွှင့်ဇာတ်လမ်းအစီအစဉ်များထဲတွင် “ကိုးပွင့်ဖူးစာ”၊  “လထွက်ကလေးကိုတဲ့  မြင်းပေါ်တင်”၊  “ဦးပေါင်းစင်းနှင့်မြင်းညိုရှင်”၊ “အရုပ်မျက်နှာ ပန်းမျက်နှာ”   စသော အသံလွှင့်ဇာတ်လမ်းတို့သည် စာရေးသူ၏အကြိုက် များထဲတွင် ပါဝင်ခဲ့သည်။ ဇာတ်လမ်းများတွင် ပါဝင်သရုပ် ဆောင်သူများအနက် မြန်မာ့အသံဝန်ထမ်းများဖြစ်သည့်   မြန်မာ့အသံ  ဦးဇော်ဝင်း၊ စန္ဒရား ဦးအောင်ခင်၊ မြန်မာ့အသံ ဒေါ်သန်းနှစ်၊  ဒေါ်မြနှစ်တို့၏အသံများကို  စွဲမက်ခဲ့သည်။ ထိုစဉ်က နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များနှင့်အပြိုင် သရုပ်ဆောင်နိုင်ကြသူများဖြစ်သည်။


၎င်းကို စာရေးသူ အားကျလာသောအခါ ရေဒီယို ဇာတ်လမ်းရေးသားပြီး အသံလွှင့်ရုံသို့ ပေးပို့ခဲ့သည်။ တက္ကသိုလ်ကျောင်းအပြီး   မြန်မာ့အသံနှင့်  ခေတ္တ အဆက်ပြတ်သွားခဲ့သော်လည်း စာရေးသူ ၁၉၇၈ ခုနှစ် အလုပ်ခွင်ဝင်သောအချိန်၌ အသံလွှင့်ဇာတ်လမ်းများကို အကြောင်းပြုထပ်မံရောက်ရှိခွင့် ကြုံခဲ့သည်။ စာရေးသူ၏ ဝတ္ထုဇာတ်လမ်းကို ရွေးချယ်ခဲ့သဖြင့် ကိုယ်တိုင်အသံလွှင့် ဇာတ်ညွှန်းရေးပေးနိုင်က ရေးပေးရန် ဆက်သွယ်လာသဖြင့် မြန်မာ့အသံသို့ ဝမ်းပန်းတသာပင် သွားရောက်ပြီး ရေးပေး ခဲ့သည်။ ထိုအချိန်မှစပြီး မြန်မာ့အသံသို့ သွားရောက်အသံ သွင်းခွင့် ပြန်လည်ရရှိခဲ့သည်။


မြန်မာ့အသံဇာတ်လမ်း  အသံသွင်းရန် မြန်မာ့ အသံသို့ ရောက်ရှိအသံသွင်းစဉ် ကြီးကြပ်မည့်သူမှာ မြန်မာ့ အသံ ဦးဇော်ဝင်း ဖြစ်သည်ကို စာရေးသူ ဦးစွာတွေ့လိုက် ရသည်။ စာရေးသူ လူမမြင်ရခင်ကပင် အထူးလေးစားရသူ ဖြစ်သဖြင့် ကျေနပ်ဝမ်းသာခဲ့ရသည်။ နောက်ဇာတ်လမ်း တစ်ပုဒ် ထပ်မံအသံသွင်းစဉ်မှာလည်း ထုတ်လုပ်သူမှာ မြန်မာ့အသံ ဦးဇော်ဝင်းပင်ဖြစ်ရာ မူလကပင် ရင်းနှီးပြီးသူ ဖြစ်သဖြင့် စာရေးသူ၏ ပိုးကို   မသတ်နိုင်သောကြောင့် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခွင့်အတွက် တောင်းဆိုကြည့် မိသည်။ ထိုအခါ ဆရာ ဦးဇော်ဝင်းက ချက်ချင်း “ရတာပေါ့ အမြဲတမ်း မြန်မာ့အသံဝန်ထမ်းချည်းဆိုတော့ အပြင်လူ၊  ပြီးတော့ စာရေးဆရာကိုယ်တိုင်ဆိုတော့ ပိုကောင်းတာ ပေါ့” ဆိုပြီး အသံလွှင့်ဇာတ်ညွှန်းကော်ပီတစ်စုံပေးကာ အသံသွင်းခန်းမထဲသို့ ပို့လိုက်လေတော့သည်။ စစချင်း အသံသွင်းတော့  စာရေးသူက   အသံတုန်၊    လက်တုန်၊  အသံက      ကျားလိုက်သလို     မြန်လိုက်သည့်ဖြစ်ခြင်း။ တစ်ကြိမ်၊  နှစ်ကြိမ် အသံပြန်သွင်းတော့လည်း သည်အတိုင်း မပြောင်းလဲ။ သည်တော့  ဆရာ ဦးဇော်ဝင်းဘေးနားက သူအချို့က “ဖြစ်ပါ့မလား ဆရာ သူ့အသံက ရမယ်လို့မထင် ဘူး မြန်နေတယ်”ဟု ဆိုလာသည်။ သည်တော့ ဆရာ ဦးဇော်ဝင်းက ဘာပြန်ပြောလိုက်တယ် ထင်ပါသလဲ။ “အစ တော့ ဒီလိုပဲပေါ့ဗျာ ကောင်လေးက အသံ tone ကောင်းပါ တယ်၊   နည်းနည်းမြန်တာလေးပါ ပြင်လို့ရပါတယ်”ဟု ဆိုခဲ့သည်။ တကယ်တော့ စာရေးသူအား ပယ်ပယ်နယ်နယ် ဝေဖန်နေကြသည်ကို အသံသွင်းခန်းထဲမှ မကြားရပါ။ မှန်သာခြားသည့် ထုတ်လုပ်မှူးခန်းထဲတွင် စာရေးသူ၏ မိတ်ဆွေရှိနေ၍သာ   ပြန်ကြားခဲ့ရခြင်း   ဖြစ်ပါသည်။ လေးစားအားကျခဲ့ရကျိုးနပ်ခဲ့ရသော ဆရာ   မြန်မာ့အသံ ဦးဇော်ဝင်းရယ်ပါ။


ဝတ္ထု၊ ဇာတ်ညွှန်းပုဒ်ရေ ၂၀ ခန့်


နောက်ပိုင်းမှာတော့ စာရေးသူရေးသားခဲ့သော ဝတ္ထု၊ ဇာတ်ညွှန်းပုဒ်ရေ ၂၀ ခန့်ကို ဇာတ်လမ်းပမာ၊ အသံလွှင့် ဇာတ်လမ်းများအဖြစ် ထုတ်လွှင့်နိုင်ခဲ့ပြီး ၁၀ ပုဒ်ကျော်ခန့် တွင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ပါသည်။ ထိုစဉ်က အသံလွှင့်ဇာတ်လမ်းများ အသံသွင်းစဉ် ဘေးနားက လိုက်ပါ ကူညီပေးခဲ့သူမှာ စာရေးဆရာ ချမ်းမြအောင် (ခေါ်) စာရေး ဆရာ ဒိုးဒိုးဒေါက် ဖြစ်သည်။


ထိုကာလတွင် မြန်မာ့အသံ အသံလွှင့်ပိုင်းဝန်ထမ်းများ ဖြစ်သော    ဆရာ    မြန်မာ့အသံ    ဦးဇော်ဝင်း၊   စန္ဒရား ဦးအောင်ခင်၊ စာရေးဆရာမကြီး ရွှေကူမေနှင်း၊ ထိုစဉ်က ညွှန်ကြားရေးမှူးချုပ် မြန်မာ့အသံ ဦးကျော်မင်း၊ ညွှန်ကြား ရေးမှူး ဦးကိုကိုထွေး၊ ဒုတိယညွှန်ကြားရေးမှူး မြန်မာ့အသံ ဦးကျော်ဦး၊ ဒေါ်သန္တာခင်၊ ဦးတင်လှ၊ ဒေါ်ရတနာ၊ ဒေါ်ခင် မာလာထွန်း၊ ဒေါ်စန်းစန်းယဉ်၊ မြန်မာ့အသံ ဦးကျော်မြင့် (စာရေးဆရာ ကျော်ဖုန်းမြင့်- ဓာတုဗေဒ)၊ မြန်မာ့အသံသိန်းဟန် စသူတို့အပြင် နောက်ပိုင်းတွင် မိတ်ဆွေရင်း၊ ညီအစ်ကိုရင်း သဖွယ်ဖြစ်သွားသော ဦးစောလွင်(တက္ကသိုလ် စောနွေ) တို့သည် စာရေးသူ မြန်မာ့အသံသို့ရောက်ရှိရန်၊ အသံသွင်း အသံလွှင့်ခွင့်ရရှိရန် ကူညီပံ့ပိုးခဲ့သော မြင်ဆရာ၊ သင်ဆရာ များဖြစ်ခဲ့ပြီး အဆိုပါဆရာ ဆရာမများအား ဤဆောင်းပါး ဖြင့်ဂါရဝပြုအပ်ပါသည်။ (အမည်ကျန်သွားခဲ့သည်ရှိသော် ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။)


၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလတွင်     မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်ကို စတင်စမ်းသပ်ထုတ်လွှင့်လာခဲ့သည်။ ထိုအချိန်တွင် စာရေးသူသည် မြန်မာ့အသံတွင် ဇာတ် လမ်းများ    အသံသွင်း၊    အသံလွှင့်ကောင်းဆဲအချိန်ပင် ဖြစ်သည်။ ထိုသို့ ဇာတ်လမ်းများ ရေးသားအသံလွှင့်နေစဉ် ၁၉၈၆ ခုနှစ်တွင်   ထုတ်လွှင့်ပြီးသော    ၄၅ မိနစ်စာ စာရေးသူ၏   အသံလွှင့်ဇာတ်လမ်းတစ်ပုဒ်အား    ရုပ်မြင် သံကြားဇာတ်လမ်း  ရိုက်ကူးပေးရန်   ရုပ်မြင်သံကြားမှ တာဝန်ရှိသူက ကမ်းလှမ်းလာခဲ့သည်။ ထိုအခါ အတွေ့အကြုံ သစ်တစ်ခုရရှိမည့် အရေးအတွက် အားရဝမ်းသာဖြစ်ခဲ့ပြီး ဇာတ်လမ်းရိုက်ကူးရန် စီစဉ်ပါတော့သည်။


အသံလွှင့်ဇာတ်လမ်းတစ်ပုဒ်


တကယ်တော့   ရုပ်မြင်သံကြားဇာတ်လမ်းတစ်ပုဒ် ရိုက်ရန်      အသံလွှင့်ဇာတ်လမ်းတစ်ပုဒ်     အသံသွင်း သလောက်   မလွယ်ကူသည်ကတော့    အမှန်ဖြစ်သည်။ ရိုက်ကူးရေး ကင်မရာအဖွဲ့၊ အသံသွင်းအဖွဲ့ အစုံအလင်ကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပေး၊ စီစဉ်ပေးမည်ဖြစ်သော် လည်း ရိုက်ကူးပေးမည့် ဒါရိုက်တာ၊     ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အရန်သရုပ်ဆောင်များကအစ စာရေးသူစီစဉ် ရပေတော့မည်။ ပြီးတော့ ရိုက်ကွင်းဇာတ်ညွှန်းကို ကိုယ်တိုင် ပြန်ရေးရဦးမည်။ သည်တော့  မူလကပင်   အနုပညာလုပ်ငန်း များလုပ်စဉ်    ခင်မင်လေးစားရင်းနှီးခဲ့ရသော   ထိုစဉ်က နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးထံ ချဉ်းကပ်ကြည့် လိုက်သည်။ ထိုဒါရိုက်တာကြီးက မင်းသားကြီးစိုးရွှေကို အကယ်ဒမီရရှိအောင် ရိုက်ကူးပေးနိုင်ခဲ့သည့်    “မြေမှာ ပွင့်သော မေတ္တာပန်း”  ရုပ်ရှင်ဇာတ်ကားနှင့် နာမည်ကြီး “ကန္တာရဝတီ ထိပ်ထား” အပါအဝင် ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သည့် စာရေးဆရာ ဒါရိုက်တာဦးမြင့်မောင် ဖြစ် သည်။ ဆရာက ကူညီရိုက်ကူးပေးမည်ဆိုသဖြင့် ဝမ်းသာ ခဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင်များအကူအညီရရန် စာရေးသူ တို့နှစ်ဦး ဝင်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးကို ပြေးရ သည်။ ကံအားလျော်စွာပင် ထိုစဉ်က ရုပ်ရှင်အစည်းအရုံး၏ အတွင်းရေးမှူးမှာ အကယ်ဒမီ    မင်းသားကြီး  ဦးစိုးရွှေ ဖြစ်နေခဲ့သည်။ ဒါရိုက်တာ ဦးမြင့်မောင်သည် သူ၏ ဆရာရင်း တစ်ဦးဖြစ်သည်နှင့်အညီ  လိုအပ်သည်များကို ကူညီ ပေးခဲ့သည်။    သွားရောက်အကူအညီတောင်းစဉ်က သရုပ်ဆောင်မင်းသားအများစု နယ်ထွက်ရုပ်ရှင်ရိုက်ကူး နေသဖြင့် လောလောဆယ် ‘သင်္ကြန်မိုးဇာတ်ကားဖြင့် နာမည်ရနေသော မင်းသား ဇင်ဝိုင်း’နှင့် ထိုဇာတ်ကားမှ မင်းသမီး ‘သီတာသိမ့်’ကို သရုပ်ဆောင်များထံ မေတ္တာ ရပ်ခံ အကူအညီပေးခဲ့သည်။ ဒုတိယသရုပ်ဆောင်များကို တော့ တက်သစ်စများထဲမှ ထည့်ပေးလိုက်သည်။


ဒါရိုက်တာနှင့် ရုပ်ရှင်သရုပ်ဆောင်များရပြီဆိုတော့စာရေးသူ အတန်ငယ်စိတ်အေးရသည်။ သည်နေရာတွင် ရိုက်ကွင်းတည်မည့်နေရာကို စဉ်းစားရသည်။ ဇာတ်လမ်းက ကျေးလက်ဒေသအခြေခံ   စာမတတ်သူပပျောက်ရေး ဂုဏ်ပြုဇာတ်လမ်း၊ သည်တော့  နယ်ထွက်ရိုက်မှ ပိုအဆင် ပြေမည်။          ထိုအချိန်တွင်          မိတ်ဆွေတစ်ဦးကလည်း လက်ပံတန်းမြို့           ဗဟိုစိုက်ပျိုးရေးသုတေသနခြံတွင် မန်နေဂျာဖြစ်နေသည်။ သူ့နာမည်က ဦးတင်မောင်ဗိုလ်။ လှမ်းဆက်သွယ်ကြည့်သည်။         စိုက်ပျိုးရေးသုတေသန ခြံတွင် ရိုက်ကွင်းတည်ချင်လို့ဟူသော   တောင်းဆိုချက်ဖြင့်   သူကလည်း လှိုက်လှိုက်လှဲလှဲပင် ကူညီမည်ဟုဆိုသည်။ သူကလည်း ခေသူမဟုတ်။ အနုပညာပိုးရှိသူ  ဖြစ်သည်။   စားရေးသောက်ရေး၊   နေရေးထိုင်ရေးကအစ   တာဝန် ယူမည်ဟု  ဆိုသည်။     အဆင်ပြေပြီ။     ကျန်တဲ့ဇာတ်ပို့ ဇာတ်ရန်များ         ရန်ကုန်က    ခေါ်ဆိုစရာမလိုတော့။ ခြံမန်နေဂျာ   ဦးတင်မောင်ဗိုလ်နှင့်  စိုက်ပျိုးရေးဝန်ထမ်း၊ ပြီးတော့အနီးအနားက     ကျေးရွာသူ      ကျေးရွာသား တွေပဲပေါ့။


ထိုစဉ်က ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး(ရုပ်မြင်)မှာ ဦးကိုကိုကြီး (ကိုကြီး-ရုပ်မြင်) ဖြစ်သည်။ ညွှန်ကြား ရေးမှူးက လက်ပံတန်းရိုက်ကူးရေးအတွက် ကင်မရာဆရာ ဦးတင်မောင် ခေါင်းဆောင်သောအဖွဲ့ကို ရိုက်ကူးရေးပစ္စည်း၊ အသံဖမ်းပစ္စည်းအစုံနှင့်အတူ ထည့်ပေးလိုက်သည်။ ရိုက်ကူး  ရေးကာလမှာ  တစ်ပတ်ကျော်ဖြင့် အောင်မြင်စွာ ရိုက်ကူး ပြီးစီးပြီးနောက် ရန်ကုန်သို့ ပြန်ရောက်လာခဲ့ကြသည်။


နောက်ခံဇာတ်ဝင်သီချင်း


ရိုက်ကူးရေးလုပ်ငန်းပြီးတော့ မူလနှစ်ထပ်အသံ လွှင့်ရုံဟောင်း တောင်ဘက်တွင် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သော ရုပ်မြင်သံကြားအဆောက်အအုံအသစ် အပေါ် ထပ်တွင် ဇာတ်လမ်း၊ ဇာတ်ကားတည်းဖြတ်ခြင်းကို လုပ်ရ သည်။ တစ်ပြိုင်တည်းတွင်ပင် နောက်ခံဇာတ်ဝင်သီချင်း ကို အဆောက်အအုံအောက်ထပ်  စတူဒီယိုခန်းမကြီးတွင် ပလေးဘွိုင်းတေးဂီတအဖွဲ့နှင့် အသံသွင်းကြသည်။ ထိုစဉ် က တီးဝိုင်းအဖွဲ့၏ စန္ဒရားဆရာမှာ စန္ဒရား တင်ဦးသောင်း ဖြစ်သည်။ သီချင်းကို စာရေးဆရာ၊ ဂီတစာဆိုလည်းဖြစ်၊ ထိုစဉ်က မြန်မာ့အသံဝန်ထမ်းလည်းဖြစ်သည့် ဦးစောလွင် (တက္ကသိုလ်-စောနွေ)က ရေးစပ်ပေးခဲ့ပြီး စာရေးသူကိုယ် တိုင်ပင်  သီဆိုခဲ့သည်။အဆိုပါ ဇာတ်လမ်းကို ထုတ်လုပ် ပေးသူမှာ   ကိုစန်းအောင်   (နောင်တွင် “မောင့်မူပိုင်ရှင်” ရုပ်ရှင်ဒါရိုက်တာ) ဖြစ်သည်။


ထိုရုပ်မြင်သံကြားဇာတ်လမ်းသည်   အောင်မြင်ခဲ့ သည်ဟု ဆိုရမည်ဖြစ်သည်။   မကြာခဏ   ပြန်လည် ထုတ်လွှင့်ပေးသည်ကို တွေ့ရသည်။ 
၁၉၈၇ ခုနှစ် နောက်ပိုင်းတွင် စာရေးသူ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့်   အဆက်အသွယ်ပြတ်ခဲ့သည်။ အလုပ်မအားလပ်၍လည်းပါသလို ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့အသံမှ မိတ်ဆွေများလည်း အလုပ်မှ အနားယူသွား ကြ၍လည်း ပါသည်။


မည်သို့ပင်ဖြစ်စေ    ၁၉၇၄   ခုနှစ်မှ  ၁၉၈၇   ခုနှစ် ၁၀ နှစ်ကျော်ကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင်   ပါဝင်လှုပ်ရှားခဲ့ပုံများသည်    ယနေ့တိုင် အမှတ်တရဖြစ်နေဆဲ ဖြစ်သည်။  အထူးသဖြင့်  မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတွင် အသံလွှင့်နိုင်ရေး၊   ဇာတ်လမ်းများ ထုတ်လွှင့်နိုင်ရေး ကူညီပံ့ပိုးကြသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို   စာရေးသူ    ရင်ထဲ၊   နှလုံးသားထဲတွင် ယနေ့တိုင် ထာဝရအမှတ်တရရှိနေဆဲ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။       ။